သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ အပြီးသတ်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြောဆိုလိုက် သည်။
သမ္မတက ပြည်သူများကို လစဉ် ပြောနေသည့် ရေဒီယိုမိန့်ခွန်း ဇူလိုင်လ ၉ ရက် မိန့်ခွန်းတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးသိန်းစိန်က ၎င်း၏ အစိုးရသက်တမ်းတွင် ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ဆောင်စဉ်က မရရှိခဲ့သည့် လက် နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေးအတွက် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတရပ် တည်ဆောက်ရေး ဟူသည့် အချက် နှစ်ချက်တွင် အောင်မြင်မှု ရရှိခဲ့သည်ဟုလည်း ဆို သည်။
ဆက်လက်၍“အစိုးရအနေနဲ့လည်း ဒီအဆင့်ထိ တက်လှမ်းလာနိုင်အောင် ကြိုးပမ်းပေးခဲ့ကြတဲ့ ခေါင်းဆောင် အသီးသီးရဲ့ နိုင်ငံရေး စေတနာကို လေးစားတဲ့အတွက် ဒီ NCA စာချုပ်ကို ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ် ပါတယ်”ဟုလည်း ဦးသိန်းစိန်က ပြောသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားပြီး ဖြစ်သည်။
လက်ရှိတွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ထိုးရေး အတွက် ဆွေးနွေးနေဆဲ ဖြစ်ပြီး တိုင်းရင်းသားများ ဘက်က တပ်မတော်နှင့် စစ်ရေးတင်းမာမှု ဖြစ်နေသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် အဖွဲ့၊ ရကိ္ခုင့် တပ်မတော်(AA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (TNLA) တို့ကို စာချုပ်တွင် ပါဝင်လက်မှတ် ထိုးခွင့်ပေးရန်၊ ဖိတ်ခေါ်ပေးရန် တိုင်းရင်းသားများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) က တောင်းဆိုထားသည်။
SD အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန်က သမ္မတ ပြောဆိုလိုက်သည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် NCA လက်မှတ်ရေးထိုးနိုင်ရေးသည် စိုးရိမ်ဖွယ်ရာ အခြေအနေတချို့ ရှိသည်ဟု ဧရာဝတီကို ပြောသည်။
နော်စီဖိုးရာစိန်က “ရွေးကောက်ပွဲ မတိုင်ခင် တနိုင်ငံလုံး အပစ်ရပ်ဖြစ်နိုင်ဖို့၊ အစိုးရဘက်က တိုက်ခိုက်မှုတွေ လျှော့ချဖို့ လိုအပ်နေ တယ်၊ စစ်ရေး လှုပ်ရှားမှုတွေလည်း လျှော့ချဖို့ လိုအပ်တယ်၊ တိုင်းရင်းသားတွေဘက်က ဒီလှုပ်ရှားမှုတွေအပေါ်မှာ ပြန်သုံးသပ်ပြီး တော့ ယုံကြည်မှုလုပ်မှာ ဖြစ်တယ်၊ တိုင်းရင်းသား အဖွဲ့တွေအားလုံးက NCA ကို တကယ်ထိုးချင်တယ်၊ ထိုးဖို့လည်း လိုအပ်နေတယ်” ဟု ပြောဆိုသည်။
NCA သည် မူကြမ်းအထိ သဘောတူထားပြီး ဆက်လက်ဆွေးနွေးရန် အချက် ၁၂ ချက်ခန့်သာ ကျန်ရှိတော့သော်လည်း တပ်မတော် ကမူ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ TNLA၊ MNDAA ၊ AA တို့နှင့် စစ်ရေး တင်းမာနေပြီး ကရင်ပြည်နယ်တွင်လည်း ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ် သည်။
တိုင်းရင်းသား အဖွဲ့အားလုံးအနေဖြင့် တိုင်းရင်းသားတို့၏ နိုင်ငံရေးအာမခံချက်၊ စစ်ရေး ၊ လုံခြုံရေး ဆိုင်ရာများကို အဓိက ရယူပြီးမှသာ NCA စာချုပ် ချုပ်ဆိုလိုသဖြင့် အစိုးရအဖွဲ့အနေဖြင့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ကာလတွင် NCA ကို အမှန်တကယ် လက်မှတ် ထိုးချင်ပါက ထိုအာမခံချက်များကို ပေးရမည်ဟုလည်း နော်စီဖိုးရာစိန်က ဆိုသည်။
မွန်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်ပြီး SD အဖွဲ့ဝင်တဦးဖြစ်သည့် နိုင်ဟံသာကလည်း NCA ကို သမ္မတ ဦးသိန်းစိန် လက်ထက် တွင် အပြီးမသတ်နိုင်ပါက နောင်တက်လာမည့် အစိုးရ လက်ထက်တွင် ဆက်လက်ညှိနှိုင်းရန် ဆန္ဒရှိသည်ဟု ဧရာဝတီကို ပြောထား သည်။
နော်စီဖိုးရာစိန်က“တိုင်းရင်းသားတွေ ဘက်ကတော့ နိုင်ငံရေး အာမခံချက်ရှိတဲ့စာချုပ်ဖြစ်ဖို့ စစ်ရေး၊ လုံခြုံရေးကိစ္စတွေ တိုင်းရင်း သား အခွင့်အရေးကိစ္စတွေ ပါမယ်ဆိုရင် မြန်မာနိုင်ငံကို တကယ်ပြောင်းလဲဖို့ ဦးတည်တဲ့အစိုးရဆို ဘယ်အစိုးရပဲ ဖြစ်ဖြစ် NCA လုပ် မယ်”ဟုလည်း ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်ကမူ NCA ကို အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး NCA ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ယခု လွှတ်တော်တွင်း မပြင်ဆင်နိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သွားမည်ဟု ကတိပြု ပြောဆိုသည်။