ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့သို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီး (လမ်းသစ်လမ်း)နှင့် လမ်းဟောင်း (ဒေါန တောင်ပတ်လမ်း) ပေါ်တွင် တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့အကြား တိုက်ပွဲများရပ်တန့်သွားပြီ ဖြစ်၍ အာရှလမ်းမကြီးကို ဇူလိုင် ၁၀ ရက်မှ စ၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ သွားလာခွင့်ရှိပြီဟု သတင်းရရှိသည်။
ဇူလိုင် ၉ ရက်တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)က တိုက်ပွဲများ ပြန်လည်မဖြစ်ပွားစေရန် အာရှလမ်းမကြီး တလျှောက်လုံး ကို လုံခြုံရေးတပ်များ အပြည့်ချထားလိုက်ပြီဖြစ်ပြီး ကော့ကရိတ်မြို့ အတွင်းတွင်လည်း ၎င်း၏ တပ်ဖွဲ့များကို လုံခြုံရေးချထားသည်ဟု BGF ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက သတင်းထောက်များကို ပြောသည်။
BGF ၏ အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့မှ ဗိုလ်မှူး နိုင်မောင်ဇော်ကလည်း“အခု လမ်းလုံခြုံရေး ယူထားတဲ့ အဖွဲ့တွေကို ခရီးသွားကားတွေကို မနှောင့်ယှက်ဖို့၊ ငွေကြေးမကောက်ဖို့ ညွှန်ကြားထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
BGF တပ်ဖွဲ့သည် တပ်မတော်နှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းများ တာဝန်ယူနေခြင်း ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားသည့် နေရာများတွင် ကျန်ရှိနေသည့် မိုင်းများကိုလည်း ရှင်းလင်းရေး လိုက်လံ လုပ်ဆောင်နေသည်ဟု သိရသည်။
BGF အဖွဲ့၏ မိုင်းရှင်းလင်းရေး လုပ်ငန်းတွင် အတူလိုက်ပါသွားသည့် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုရှည်ကြီး (မဲဆောက်) က“ဗိုလ်မှူးကြီး စောချစ်သူက ကော့ကရိတ်အထိ အောင်မြင်စွာ ထိန်းချုပ်နိုင်လိုက်ပြီ ပြောတယ်၊ ကျနော်တို့ အာရှလမ်းမ ကြီးပေါ်မှာ မိုင်းတွေလည်း တွေ့တယ်၊ BGF က ရှင်းလင်းနေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အာရှလမ်းမကြီးကို အစိုးရက ဇူလိုင်လ ၂၀ ရက်တွင် လမ်းဖွင့်ပွဲ ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
တပ်မတော်နှင့် DKBA သည် ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီခန့်မှစ၍ အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲမဖြစ်ပွားခင် DKBA အပါအဝင် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) တို့သည် အာရှလမ်းမကြီးပေါ်တွင် ဂိတ်နှစ်ဂိတ်ထားရှိပြီး ခရီးသွားကားများနှင့် ကုန်တင်ကားများကို ဂိတ်ကြေးများ ကောက်ခံနေကြခြင်း ဖြစ်သည်။