ပဲခူးတိုင်း သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်ထက် ဆေးကုသမှု ခံယူနေချိန်၌ ခြေထောက်နှင့် လက်များကို သံကြိုးဖြင့်ခတ် ချုပ်နှောင်ထားသည့်အတွက် အစားငတ်ခံ ဆန္ဒပြမည်ဟု ၎င်းက ပြောသည်။
နိုင်ငံရေး အကျဉ်းသား ကိုသန့်ဇင်ထက်သည် သဲကုန်းမြို့ ရဲစခန်း၌ ထိန်းသိမ်းခံရစဉ် နှလုံးရောဂါ၊ အစာအိမ်ရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါများ ခံစားရသည့်အတွက် သဲကုန်းမြို့ ပြည်သူဆေးရုံကြီးတွင် ဇူလိုင်လ ၅ ရက်မှ ၉ ရက်အထိ ဆေးကုသမှု ခံယူနေစဉ် ထိုကဲ့သို့ ချုပ်နှောင်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“သူတို့က လက်ရောခြေရော ခုတင်တိုင်နဲ့တွဲချည်ပြီး သံကြိုးနဲ့ခတ်ထားတယ်။ မနေ့ညနေက သဲကုန်းမြို့နယ် ရဲမှူးရောက်လာပြီး ခြေ လက်တွေကွေးလို့ မရအောင် ဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ်ခတ်ဖို့ အမိန့်ပေးတယ်။ ဒါကို မကျေနပ်တဲ့အတွက် သုံးရက်အတွင်း တစုံတရာပြန်ပြီး တောင်းပန်ပါ။ မလုပ်ဘူးဆိုရင် အသက်သေတဲ့အထိ အစာငတ်ခံ ဆန္ဒပြသွားမယ်”ဟု ကိုသန့်ဇင်ထက်က ပြောဆို သည်။
ထိုသို့ သဲကုန်းမြို့နယ် ရဲမှူးက ဆေးရုံ၌ လာရောက်အမိန့်ပေးခြင်းသည် အကျဉ်းသား အခွင့်အရေးချိုးဖောက်ခံရခြင်း ဖြစ်သည့် အတွက် အစာငတ်ခံ ဆန္ဒပြရခြင်းဖြစ်သည်ဟုလည်း ကိုသန့်ဇင်ထက်က သတင်းထောက်များကို ပြောသည်။
သဲကုန်းမြို့နယ် ရဲမှူးအား ဧရာဝတီမှ သွားရောက်မေးမြန်းခဲ့သော်လည်း မြို့နယ်မှူး မရှိကြောင်းနှင့် ကိုသန့်ဇင်ထက်နှင့် ပတ်သက် သည့် ကိစ္စအား မြို့နယ်မှူးသာ ဖြေကြားခွင့်ရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်း တဦးက ပြန်လည် ပြောဆိုသည်။
ကိုသန့်ဇင်ထက်သည် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် တောင် သူများဘက်မှ ပါဝင်ကူညီပေးမှုဖြင့် ပြီးခဲ့သည့် ဖေဖဝါရီလ ၈ ရက်က ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (ခ) နှင့် ပုဒ်မ ၁၈ တို့ဖြင့် သဲကုန်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသူဖြစ်ကြောင်း၊ အာမခံ မရရှိသည့်အတွက် စတင်ဖမ်းဆီးစဉ်မှ ယနေ့အထိ သဲကုန်းမြို့ မြို့မ ရဲစခန်း အချုပ်ခန်းအတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း သိရသည်။