မြန်မာနိုင်ငံမှာ အစိုးရအသစ်၊ လွှတ်တော်အသစ်ရှိလာဖို့အတွက် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက်အတိအကျ ထွက်ရှိလာပြီဖြစ်ပါတယ်။ ၂၀၁၅ ခု နိုဝင်ဘာလ ၈ ရက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခုလ ၈ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အရဆို ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ ကျာ်ကျော်သာ လိုပါတော့တယ်။
ကော်မရှင်ရဲ့ကြေညာချက်ထွက်လာပြီးနောက်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားဆိုသူတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်လုပ်လိုသူတွေဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လှုပ်လှုပ်ရွရွနဲ့ ပြင်ဆင်လာကြပြီဖြစ်ပါတယ်။ လက်ရှိ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ တာဝန်ယူနေသူ၊ ဥပဒေပြုရေးမဏ္ဍိုင်မှာ တာဝန်ယူနေသူတွေဟာလည်း လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်ပါဝင်ဖို့ အားထုတ်နေကြတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုတာ သက်တမ်းကာလတခုအတွင်း ပြည်သူတွေက မိမိကိုယ်စားပြု တိုင်းပြည်ကိုအုပ်ချုပ်မယ့်သူတွေ၊ ဥပဒေတွေပြုမယ့်သူကို ရွေးချယ်ခွင့်ရတဲ့ ရွေးချယ်ပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ငါးနှစ်တကြိမ်သာရရှိတဲ့ အခွင့်အရေးပါ။ ငါးနှစ်တကြိမ်သာရရှိတဲ့ နိုင်ငံသားအခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချရွေးချယ်ဖို့ လိုတယ်ဆိုတာ မြန်မာပြည်သူပြည်သားတွေကို လေးနက်စွာ တိုက်တွန်းလိုပါတယ်။ ရွေးချယ်မှုမှားယွင်းပါက အဲဒီရွေးချယ်မှုအတွက် ခံစားသွားရမှာက ငါးရက်လည်း မဟုတ်သလို ငါးလလည်း မဟုတ်ပါဘူး။ ငါးနှစ်…၊ ငါးနှစ်ဖြစ်ပါတယ်။
ကျနော်တို့ ပြည်သူတွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲအတွေ့အကြုံ များတယ်လို့ မဆိုနိုင်ပေမယ့် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေကနေ ယူရမယ့် သင်ခန်းစာတွေက လုံလောက်မှု ရှိနေပါပြီ။ အရွေးမှန်သည်များရှိသလို အရွေးမှားသည်များလည်း ဒုနဲ့ဒေးရှိခဲ့တယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် အသိပဲဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၀ ရွေးချယ်ခဲ့တဲ့အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၂၀၁၀ တုန်းကလို ဖြစ်မလာအောင် ရွေးချယ်ရမှာဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကနေ ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ပြန်လည်လေ့လာကြည့်ကြရအောင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်တို့ ပြည်သူတွေဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး ရွေးချယ်ခွင့်ရရှိခဲ့ပါတယ်။ စုစုပေါင်း ၄၉၈ ဦးရှိပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာလည်း မြို့နယ်အလိုက်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးချယ်ခွင့်ရကြပါတယ်။ ကိုယ်စားလှယ်အရေအတွက်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အရေအတွက် အနည်းအများအလိုက် ရှိပါတယ်။ အဲ့ဒီကိုယ်စားလှယ်တွေထဲကနေ အချို့ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ တာဝန်ယူကြရပြီး အများစုကတော့ ဥပဒေပြုရေးမဏ္ဍိုင်မှာ တာဝန်ယူကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ပြည်သူတွေရွေးချယ်ပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ် အများစုဟာ ပြည်သူ့အကျိုး၊ ကိုယ့်မြို့အလိုက် အကျိုးတွေကို တာဝန်ကျေပွန်အောင် ထမ်းဆောင်ပေးနိုင်ခဲ့ကြပါရဲ့လား။ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ရေးအတွက် မဖြစ်ခင် ကိုယ်စားလှယ်လောင်းဘဝက မဲဆွယ်စည်းရုံးခဲ့စဉ် ပေးထားခဲ့တဲ့ ကတိတွေကိုရော ဖြည့်ဆည်းပေးနိုင်ပါရဲ့လား။ ရွေးချယ်ပေးလိုက်တဲ့ ပြည်သူတွေအကြား ပြည်သူ့အသံတွေနားထောင်ဖို့ရော ပုံမှန်ရောက်လာခဲ့ကြပါသလား။ ပြည်သူ့ဆန္ဒတွေ၊ ပြည်သူ့အသံတွေကို အုပ်ချုပ်မဏ္ဍိုင်အတွင်း၊ ဥပဒေပြုရေးမဏ္ဍိုင်အတွင်း ရောက်အောင်ပို့ပေးနိုင်ခဲ့ပါရဲ့လား ဆိုတာတွေကို မဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူတွေ ပြန်လည်ဆန်းစစ်ဖို့ အရေးကြီးပါတယ်။
ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်မှာ လွှတ်တော်အသံ ပြည်သူ့အသံ၊ လွှတ်တော်ဆန္ဒပြည်သူဆန္ဒလို့ ဆောင်ပုဒ်ရှိပေမယ့် ငါးနှစ်တာကာလအတွင်း ပြည်သူ့အသံ ပြည်သူ့ဆန္ဒတွေ စစ်မှန်စွာ မကြားခဲ့ရဘူးလို့ ဝေဖန်တာတွေ မှတ်ချက်ပေးတာတွေကို သတင်းမီဒီယာတွေမှာ ဖတ်ရှုခဲ့ရပါတယ်။ နီးစပ်တဲ့သာဓကကို ပြပါဆိုရင် ပြည်သူတွေပြင်ဆင်စေချင်တဲ့ လက်ရှိလွှတ်တော်မှာ ပြင်ဆင်ဖို့ကြိုးစားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြည်သူ့ကိုယ်စားလှယ်တွေ ထိထိရောက်ရောက် မပြင်ဆင်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေကြောင့် အခြေခံဥပဒေကို ပြင်ဆင်ဖို့ခက်ခဲတာလို့ ပြောနိုင်ပေမယ့် ပြည်သူ့ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်အချို့ရဲ့ ကန့်ကွက်ခဲ့မှုတွေကလည်း အခန်းကဏ္ဍ တစိတ်တပိုင်း ပါဝင်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
လွှတ်တော်သက်တမ်းတလျှောက် လွှတ်တော်တွင်းတွေမှာ မေးခွန်းတွေ၊ အဆိုတွေ မေးမြန်ဆွေးနွေးမှု အရမ်းနည်းပါးတဲ့ ပြည်သူ့ကိုယ်စားလှယ်များစွာရှိခဲ့ပြီး ပြည်သူ့ဆန္ဒတွေ ပြည်သူ့အသံတွေကို ထိရောက်အောင် မထွက်ပေးနိုင်ကြပါဘူး။ ပြည်သူ့ကိုယ်စားလှယ်အချို့ဆိုရင် ပေးခဲ့တဲ့ ကတိတွေ အကောင်အထည်ပေးဖို့ နေနေသာသာ မိမိကို ရွေးချယ်ပေးလိုက်တဲ့ နယ်မြေက ပြည်သူတွေကြား သွားရောက် ထိတွေ့ ဆက်ဆံ စကားပြောဆိုတာ၊ နားထောင်တာတွေ အရမ်းနည်းတယ်လို့ မှတ်ချက်ပြုသံတွေလည်း များစွာ ရှိနေခဲ့ပါတယ်။ ဒါတွေအားလုံးဟာ ပြည်သူတွေရဲ့အသည်းကြားက မဲတပြားကို တန်ဖိုးမထားခြင်းပဲဖြစ်ပါတယ်။
ယခုအခါ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရက်အတိအကျသိရပါပြီ။ ဘယ်ကိုယ်စားလှယ်က ပြည်သူအသံ ပြည်သူဆန္ဒကို အလေးထားတယ်။ ပြည်သူ့အကျိုးကို ရှေးရှုတယ်ဆိုတာလည်း တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ပြည်သူအသံတွေ ဆန္ဒတွေ ကျောခိုင်းခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေကို ပြန်လည်မဲမပေးခြင်း မရွေးချယ်ခြင်းဖြင့် ဒဏ်ခတ်ချိန်ရောက်ပါပြီ။
လွှတ်တော်တွင်းမှာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွင်းမှာ ပြည်သူအကျိုးစီးပွားကို မျက်ကွယ်ပြုခဲ့တဲ့ ကိုယ်စားလှယ်မျိုးတွေကို ထပ်ရွေးချယ်မိမယ်ဆိုရင် ပြည်သူအသံ ပြည်သူဆန္ဒတွေနဲ့ ဝေးနေဦးမှာဖြစ်ပါတယ်။ ၂၀၁၀ တုန်းက ရွေးချယ်မိခဲ့ပြီး ပြည်သူနဲ့ဝေးရာမှာရှိခဲ့တဲ့ ကိုယ်စားလှယ်တွေကို ထပ်မရွေးမိပါစေနဲ့။ နေရာမပေးမိပါစေနဲ့။ ထပ်မံမရွေးချယ်ခြင်းဖြစ် ဒဏ်ခတ်ပါလို့ လေးနက်စွာတိုက်တွန်းရပါတယ်။ ပြည်သူ့ဆန္ဒကို အလေးအနက်မထားတဲ့ ကိုယ်စားလှယ်တွေများစွာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်တွေအတွင်း ရှိနေသမျှ ကာလပတ်လုံး ပြည်သူတွေဟာ ဆင်းရဲဒုက္ခမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံနဲ့ ကြုံတွေ့နေကြရဦးမှာဖြစ်ပြီး တိုင်းပြည်လည်း ဖရိုဖရဲဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)