လပွတ္တာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်း ကျောင်းသူကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း လပွတ္တာမြို့မ ရဲစခန်းက ပြောသည်။
“ကျနော်တို မနေ့က ဖမ်းမိခဲ့ပါတယ်။ ကောင်မလေး မိဘတွေနဲ့ ရန်ငြိုးရှိလို့ သတ်တာလို့ ဝန်ခံထားပါတယ်။ သူ့ကို မြို့မရဲစခန်းမှာပဲ ချုပ်ထားပါတယ်။ ဥပဒေအရ တရားစွဲပြီး ရုံးတင်နိုင်ဖို့ ကျနော်တို့ ဆက်လုပ်သွားမှာပါ”ဟု လပွတ္တာမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်ဝင်းက ဧရာဝတီကို ပြောပြသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူသည် လပွတ္တာမြို့နေ အသက် ၄၄ နှစ်ခန့်ရှိသည့် ဦးကျော်သူရ ဆိုသူ ဖြစ်ပြီး လူသတ်မှု ဖြစ်ပွားပြီးနောက် ၅ ရက်အကြာတွင် လပွတ္တာခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
အသက် ၁၃ နှစ် အရွယ်ရှိ အဆိုပါသတ္တမတန်း ကျောင်းသူသည် လပွတ္တာမြို့ အမှတ်(၉) ရပ်ကွက်၌ အဘွားဖြစ်သူနှင့်အတူ နေ ထိုင် လျက်ရှိရာမှ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် နေအိမ်၌ အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး အဘွားဖြစ်သူသည်လည်း ဒဏ်ရာများ ရရှိခဲ့သဖြင့် လပွတ္တာဆေးရုံ ၌ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
အသတ်ခံခဲ့ရသည့် ယင်းကျောင်းသူ၏ ရုပ်အလောင်းကို ဇူလိုင် ၇ ရက်က လပွတ္တာမြို့သုသာန်၌ သင်္ဂြိုဟ်ခဲ့ရာ မြို့ခံ ၁၀၀၀ ကျော် လိုက်ပါ ပို့ဆောင်ကြောင်း သိရသည်။