နိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်ကို အသက် ၆၀ အထက် တိုးမြှင့်နိုင်ရေး တပ်မတော်သား ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့သော်လည်း ယခင်ပြဌာန်းထားသည့် အသက် ၆၀ တွင် ပင်စင်ခံစားခွင့်ယူရန် ဇူလိုင် ၉ ရက်က ကျင်းပသည့်ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ မဲခွဲအတည်ပြုခဲ့သည်။
နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ပြဌာန်းထားသည့် အသက် ၆၀ တွင် ပင်စင်ယူရေးကို ၆၃ နှစ်သို့ တိုးမြှင့်ပြင်ဆင်လိုကြောင်း ပြောဆိုသံများကြားသိရသည့်အတွက် ဥပဒေပါအတိုင်း ဝန်ထမ်းများအနေဖြင့် အသက် ၆၀ ပြည့်ပါက အငြိမ်းစားယူရေးကို လွိုင်ကော်မဲဆန္ဒနယ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုကော်မတီဝင် ဦးခင်မောင်ညိုက ဇူလိုင် ၈ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်း အငြိမ်းစား သက်ပြည့်ပင်စင်သည် အသက် ၆၀ သာဖြစ်သင့်ပြီး တပ်မတော်အနေဖြင့်လည်း အစဉ်နုပျိုနေသည့် တပ် မတော်ဖြစ်မှသာ တပ်မတော်၏တာဝန်များကို ကြေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်သည့်အတွက် တပ်မတော်၌ အသက်အရွယ်ကြီး ရင့် သူများနှင့် ဖွဲ့စည်းတည်ဆောက်ရန် မဖြစ်သင့်သည့်အခြေအနေ ဖြစ်ကြောင်းလည်း ဦးခင်မောင်ညိုက ဆွေးနွေးခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးကလည်း အရည်အချင်းပြည့်ဝသော ပညာရှင်များအား တာဝန်ဆက်လက် ထမ်းဆောင်စေခြင်းဖြင့် ၎င်းတို့၏ အတွေ့အကြုံ အရည်အချင်းများကြောင့် ပညာရှင်မျိုးဆက် ခါးဆက်မပြတ်နိုင်ကြောင်း၊ ဌာနအနေဖြင့်လိုအပ်ပါက ဆက်လက်ခန့်ထားသင့်ကြောင်း တုံ့ပြန်ဆွေးနွေးခဲ့သည်။
စစ်တမ်းများအရ မြန်မာနိုင်ငံအနေနှင့် ပျမ်းမျှသက်တမ်း ၆၆ နှစ်သာ ရှိပြီး အမျိုးသား ၆၄ နှစ်၊ အမျိုးသမီး ၆၈ နှစ် ဖြစ်သည့်အတွက် ပင်စင်သက်တမ်းကို အသက် ၆၀ အထက် မတိုးသင့်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ အလုပ်အကိုင်ရှားပါးမှုနှင့် မျိုးဆက် သစ် ဝန်ထမ်းများ၏ ရာထူးတက်လမ်းအတွက် နှေင့်နှေးခြင်း စသည့်အချက်များကြောင့် အသက် ၆၀ တွင် ပင်စင်ခံစားခွင့်ယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့ကလည်း ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုအား အတည်ပြုမဲခွဲရာတွင် ပြည်ထောင်စုလွှတ်တော် တက်ရောက်သည့် ကိုယ်စားလှယ်စုစုပေါင်း ၅၈၃ ဦး ရှိသည့်အနက် ထောက်ခံမဲ ၃၇၉ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲ၊ ကြားနေမဲ ၇ မဲ ဖြင့် အတည်ပြုခဲ့သည်။
“ရာထူး၊ အာဏာကြောင့် မထွက်ခြင်သေးတာဟာ မဖြစ်သင့်ပါဘူး။ ပညာရှင်များအနေနဲ့လည်း ပြင်ပကနေ အတွေ့အကြုံတွေကို ဆက်လက် အသုံးချလို့ရပါတယ်။ ကျနော်တို့အနေနဲ့ မျိုးဆက်သစ်လူငယ်တွေကို အလေးထားရပါမယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇော်ဝင်းနိုင်က လက်ရှိ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၀၅ ဦးတွင် အသက် ၆၀ မှ ၈၅ နှစ်အကြားရှိ လွှတ်တော် ကိုယ်စားလှယ် ၉၂ ဦး အထိ ရှိနေပြီး လုပ်ငန်းသဘာဝခြင်း မတူညီသော်လည်း နိုင်ငံတော်အတွက် အကျိုးရှိသည်ကို တွေ့မြင်နိုင်ကြောင်း ဆွေးနွေးခဲ့သည်။
လက်ရှိအစိုးရ၏ လခစားနှင့်နေ့စား ဝန်ထမ်းပေါင်း ၁၃၅၅၃၇၀ ဦး၊ အငြိမ်းစား ၃၅၅၅၅၆ ဦး၊ အလုပ်သမား ၂၃၇၆၃၀၈ ဦး၊ လုပ်ငန်း ရှင် ၁၀၄၅၉၈၀ ဦး၊ ကိုယ်ပိုင်လုပ်ငန်လုပ်ကိုင်သူ ၈၇၁၄၅၄၅ ဦး၊ အလုပ်ရှာဆဲ ၉၅၄၅၀၆ ဦး ရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း ဦးခင်မောင်ညိုက တင်ပြခဲ့သည်။
နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ-၂၃၀ တွင် ဝန်ထမ်းတဦး အငြိမ်းစားယူရမည့် နေ့ရက်သည် အသက် ၆၀ ပြည့်သည့်နေ့ ဖြစ်သည်ဟုလည်း ကောင်း၊ နည်းဥပဒေ ပုဒ်မ-၂၃၃(က) တည်ဆဲဥပဒေတရပ်ရပ်ပါ ပြဌာန်းချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတပါး အသက် ၆၀ ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိသည်ဟုလည်းကောင်း ပြဌာန်ထားသည်။
နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့် ၇ မျိုးရှိသည့်အနက် သက်ပြည့်ပင်စင်ကို ဗြိတိသျှကိုလိုနီလက်ထက်တွင် အသက် ၅၅ နှစ် သတ်မှတ်ထားခဲ့ပြီး လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် အသက် ၆၀ သို့ ပြောင်းလဲ ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။