မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက် ၅ ခုရှိ အိမ်ခြေ ၈,၀၀၀ ကျော်ကို ဂျပန်နိုင်ငံ အကူအညီဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ကုန်ကျမည့် ရေပေးဝေရေး စီမံကိန်းအရ ရေမီတာများ အခမဲ့ တပ်ဆင်ပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ က ပြောသည်။
“အိမ်ထဲအထိ အရောက်တပ်ပေးမှာပါ။ မြေအောက်ရေကို စနစ်တကျ ရေလှောင်ကန်နဲ့ ကလိုရင်း ဆေးခတ်တဲ့ စနစ်တွေပါ ပါဝင်မှာမို့ တကယ့် ရေကောင်းရေသန့်တွေ ပေးသွားမှာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် (၁) ဦးထွန်းကြည်က ပြောပြသည်။
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) အကူအညီဖြင့် အဆိုပါ ရေပေးဝေရေး စီမံကိန်းကို ပြည်ကြီး တံခွန်မြို့နယ်ရှိ အခြေခံလူတန်းစား အများဆုံးနေထိုင်ရာ ငွေတော်ကျီကုန်း၊ သင်ပန်းကုန်း၊ (ဂ) ရပ်ကွက်၊ (ဃ) ရပ်ကွက်နှင့် (င) ရပ်ကွက်များသို့ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
JICA ၏ အကူအညီဖြင့် ရေမီတာအလုံးရေ ၈၃၀၀ ကို အခမဲ့ တပ်ဆင်ပေးမည်ဖြစ်ပြီး စီမံကိန်းကာလကို ၃ နှစ်သတ်မှတ်ထား ကြောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ရပ်ကွက် ၅ ခုအား စတင်ရေပေးသွားမည်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ ရေလှောင်ကန် တည်ဆောက်ခြင်း၊ ရပ်ကွက်လိုက် ရေပိုက်လိုင်းများ တပ်ဆင်ခြင်း၊ ရေပေးဝေခြင်းနှင့် လိုအပ်သည့် အချက်အလက် များ ရရှိပါက တင်ဒါခေါ်ယူခြင်းဖြင့် အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း JICA TEC Company မှ Ms. Shoko YAMADA က ရှင်းပြသည်။
ရွေးချယ်ထားသည့် ရပ်ကွက် ၅ ခုတွင် လူဦးရေ ခြောက်သောင်းနီးပါး နေထိုင်ပြီး အိမ်ခြေပေါင်း ၈၃၀၀ ခန့်ရှိရာ ရေမီတာ အခမဲ့ တပ်ဆင်လိုခြင်း ရှိ၊ မရှိကို ဇူလိုင် ၁၀ ရက်မှ စတင်ပြီး ရပ်ကွက်များသို့ ကွင်းဆင်းစစ်တမ်း ကောက်ယူသွားမည် ဖြစ်သည်ဟု ဆို သည်။
ရေပေးဝေရာတွင် အိမ်ထောင်စု ဇယားမရှိသော်လည်း ရပ်ကွက်တွင် အမှန်တကယ် နေထိုင်သူများကိုသာ တပ်ဆင်ပေးမည်ဖြစ်ပြီး လျှောက်လွှာတင်ရမည့် အချိန်ကို မန်းစည်ပင် ကော်မတီက ပြန်လည်ကြေညာပေးမည်ဟု ဦးထွန်းကြည်က ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် ဒေါ်သီသီထွေးက“အခုကတော့ အဝီစိရေ၊ ဘုံပိုင် သုံးနေ ရတယ်၊ ဒီဘက်က အဝီစိရေက ကောင်းလည်း မကောင်းဘူး။ ရေက ငန်တဲ့အပြင် ထုံးဓာတ်အရမ်းများတော့ သောက်လို့ မရဘူး။ သုံးရေသီးသန့်ပဲ ရတယ်။ သောက်ရေအတွက် ရေသန့်ဘူး ဝယ်ရတယ်။ မီတာရေ ရမယ်ဆိုရင် ကောင်းတာပေါ့”ဟု ပြောသည်။
ယခုစီမံကိန်းသည် ပြည်ကြီးတံခွန်မြို့နယ် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသာ ရေပေးဝေနိုင်မည်ဖြစ်ပြီး ကျန်ရှိနေသည့် လူဦးရေအတွက် ဆက်လက်ပေးဝေနိုင်ရန် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ဦးထွန်းကြည်က ဆက်ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်ကလည်း “၂၀၁၁ ခုနှစ် လွှတ်တော် စကတည်းက ဒီမြို့နယ်ရေပေး ရေး အတွက် တင်ပြခဲ့တာ အခုလို အခြေအနေ ဖြစ်လာပြီဆိုတော့ အရင်ကထက်စာရင် တစထက်တစ နီးလာပြီလို့ အောက်မေ့မိပါတယ်”ဟု ပြောဆိုသည်။
ရေပေးဝေမည့် ရပ်ကွက် ၅ ခုသည် ၁၅ ပေ x ပေ ၄၀ အိမ်များဖြင့် နေထိုင်ကြသည့် လူနေစိပ်သည့် ရပ်ကွက်များ ဖြစ်သောကြောင့် ရေပေးရာတွင် သောက်သုံး ရေသာမက မီးဘေးအန္တရာယ်အတွက် သုံးရေရရှိရန်လည်း ထည့်သွင်းစဉ်းစားပေးလျှင် ပိုအဆင်ပြေနိုင် မည်ဟုလည်း ၎င်းက ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်သည် စက်မှုဇုန်များ တည်ရှိသည့် မြို့နယ်တခုဖြစ်ပြီး ရပ်ကွက် (၁၆) ခုရှိရာ လက်ရှိအချိန်ထိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့နယ်လူဦးရေ၏ ၅ ရာခိုင်နှုန်းသာ ရေပေးနိုင်သည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။