ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသ၌ မြန်မာနိုင်ငံသား ဦးဆောင်သည့် လူမှောင်ခိုဂိုဏ်း တခုအား ထိုင်း အထူးရဲ တပ်ဖွဲ့ဝင်များနှင့် ထိုင်းအာဏာပိုင်များက ဇူလိုင် ၈ ရက်က ဝင်ရောက် စီးနင်းဖမ်းမိခဲ့ကြောင်း သိရသည်။
လူမှောင်ခိုကူးဂိုဏ်း တည်ရှိသည့် နေရာသည် မဟာချိုင်မြို့အနီး ကော့စမွတ် ရပ်ကွက်တွင် တည်ရှိပြီး ထိုနေရာသည် လူသွားလာမှု ကန့်သတ်ထားသည့် နေရာဖြစ်ကြောင်း၊ ကယ်တင်ခံခဲ့ရသူများသည့် စက်ရုံတခုထဲတွင် အခန်းများကန့်၍ လှောင်ပိတ် ခံထား ရသည့် မြန်မာအလုပ်သမားများ ဖြစ်ကြောင်း ထိုဖမ်းဆီးမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မှ စောခွန်နောင်ဦးက ဧရာဝတီကို ပြောသည်။
“ဒီစက်ရုံကို ဝင်စီးနိုင်ဖို့အတွက် သုံးလေးကြိမ်လောက်သွားပြီး အနီးကပ် လေ့လာစုံစမ်း၊ ဓာတ်ပုံရိုက်၊ မှတ်တမ်း ယူခဲ့ရတယ်။ အဲဒီနေရာကို လူအများစုက မသွားရဲကြတဲ့အပြင် နာမည်အရမ်းကြီးတဲ့ နေရာလည်း ဖြစ်တယ်”ဟု ၎င်းက ပြောပြသည်။
ထိုစက်ရုံသည် ပုစွန်အခွံခွာသည့် စက်ရုံတခုဖြစ်ကြောင်း၊ စက်ရုံထဲ၌ လူ ၄၀၀ ကျော် ရှိပြီး ၎င်းတို့အနက် ပိတ်လှောင်ခံထားရသည့် မြန်မာနိုင်ငံသား ၆၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ထိုင်းဘုရင့် အထူးရဲ တပ်ဖွဲ့ဝင်များနှင့် ထိုင်းအာဏာပိုင်များ၏ အကူအညီ ဖြင့် ဇူလိုင် ၈ ရက်တွင် ဝင်ရောက်စီးနင်း ကယ်ထုတ်ခဲ့ရကြောင်း စောခွန်နောင်ဦးက ဆက်ပြောသည်။
လူကုန်ကူးဂိုဏ်း ခေါင်းဆောင်သူသည် ဦးမောင်ထုံ ဆိုသူဖြစ်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဝမ်ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
ဦးမောင်ထုံနှင့်အတူ ပွဲစား ၄ ဦး၊ ထိုင်းအလုပ်ရှင်တို့ကို ဖမ်းမိထားပြီး ပွဲစားတချို့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း၊ ထို ဂိုဏ်းသည် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ လူကုန်ကူးနေသည့် အကြီးစား ဂိုဏ်းတခုဖြစ်ကြောင်း MAT အဖွဲ့က ပြော သည်။
ကယ်တင်ခံထားရသည့် လူ ၆၀ ကျော်တွင် အများစုသည် အမျိုးသမီးများ ဖြစ်ပြီး ၎င်းတို့သည် ထိုင်း-မြန်မာ နယ်စပ် ကန်ရှနပူရိ ခရိုင်ဘက်မှတဆင့် လူမှောင်ခို ပွဲစားများက ခေါ်ဆောင်လာခြင်းဖြစ်ပြီး မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ထားဝယ် စသည့် ဒေသများက ဖြစ်သည်ဟု ဆိုသည်။
ဖြစ်စဉ်မှာ ထိုစက်ရုံထဲမှ ကိုဆန်းမိုးအောင် ဆိုသူ လူငယ်တဦး ထွက်ပြေးလွတ်မြောက်လာပြီး ဘန်ကောက်ရှိ မြန်မာသံရုံးကို ဆက် သွယ် အကူအညီ တောင်းခံရာမှ မြန်မာသံရုံးက MAT အဖွဲ့အား တာဝန်ပေးခြင်းကြောင့် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း ဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
စက်ရုံဝင်းထဲ၌ မြန်မာအလုပ်သမား ၄၀၀ ကျော် ရှိသော်လည်း အများစုသည် တရားဝင်နေထိုင်ခွင့် လက်မှတ်ရှိသူများ ဖြစ်ကြသဖြင့် နေထိုင်ခွင့် လက်မှတ်မရှိဘဲ လှောင်ပိတ်ခံထားရသူများကိုသာ ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကယ်တင်ထားသည့် မြန်မာနိုင်ငံသား ၆၀ ကျော်ကို ထိုင်းအာဏာပိုင်များက ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း စောခွန်နောင်ဦးက ဆိုသည်။
“လွတ်မြောက်လာသူ ပြောပြချက်အရ အလုပ်ရှင်နဲ့ ပွဲစားတွေက မထင်ရင် မထင်သလို နှိပ်စက်တာ၊ ပြန်ပြောရင် သေသွားမယ်၊ သေနတ်နဲ့ ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး၊ အခန်းထဲ ပိတ်လှောင်ထားတာမျိုးတွေ ရှိတယ်လို့ သိရတယ်”ဟု ၎င်းက ဆက်ပြောပြသည်။
ထိုင်းနိုင်ငံအတွင်း၌ လူမှောင်ခိုဂိုဏ်း အများအပြား ရှိနေသေးကြောင်း၊ ၂၀၁၅ ခုနှစ်တွင် လူမှောင်ခိုကူးမှု ၁၄ ကြိမ်ကို ဖမ်းဆီး ဖော် ထုတ်နိုင်ခဲ့ပြီး လူ ၁၃၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း MAT အဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။