ဆန်ဖရန်စ္စကိုမြို့မှာ နေသည့် ဦးထွန်းမြတ်ဦးက သူမောင်းသည့် အငှားယာဉ်၏ ဒက်ရှ်ဘုတ်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ၏ ပုံကို ကပ်ထားသည်။ သူ့ကား ကို စီးကြသည့်ခရီးသည် အများစုကလည်း ဒီပုံကို သိကြသည်။ မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲ၏ အထိမ်းအမှတ်ပုံရိပ်၊ Newsweek နှင့် Time စသည့် စာစောင်များ၏ မျက်နှာဖုံးများတွင် ဖော်ပြခြင်းခံရသူ၊ ပြင်သစ်လူမျိုး ရုပ်ရှင် ဒါရိုက်တာ လုခ်ဘက်ဆန် (Luc Besson) က အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးခြင်း ခံရသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို သိကြပါသည်။ ထို့ကြောင့် နောက်ဆက်တွဲ အနေဖြင့် “ဘာကြောင့် မင်းမှာ သူ့ပုံ ရှိရတာလဲ”၊ “မင်းက မြန်မာနိုင်ငံကလား”၊ “မင်းသူ့ကို မြင်ဖူးသလား” အစရှိသည့် မေးခွန်းတွေ တရစပ် မေးတတ်ကြသည်။
ယာဉ်ကြော ကူးပြောင်းသည့် အချိန် သို့မဟုတ် ယာဉ်ကြော ပိတ်ဆို့မှုနှင့် ကြုံကြိုက်ရသည့် ခရီးသည် တချို့ကတော့ ဦးထွန်းမြတ်ဦးနှင့် ခေတ္တစကားစမြည် ပြောရင်း သူတို့၏ ယာဉ်မောင်းသည် ဒေါ်အောင် ဆန်းစုကြည်နှင့် သိရုံသာ သိသည် သို့မဟုတ် သူ့အတွက် အလုပ်လုပ်ပေးခဲ့ပြီး သူ့အတွက်ကြောင့်ပင် ထောင်ကျခဲ့ရဖူးသူ ဖြစ်ကြောင်း သိခွင့်ရ ကြသည်။ “သူတို့ အံ့ဩသွားကြတယ်။ တခါတလေ လန့်တောင် လန့်သွားကြတယ်” ဟု ဦးထွန်းမြတ်ဦးက ပြန်ပြောပြ သည်။
ကိုပန်းသီးဟု နာမည်ပြောင် တွင်သည့် ဦးထွန်းမြတ်ဦးသည် တချိန်တုန်းက NLD လူငယ်အဖွဲ့ ခေါင်းဆောင်ပိုင်းတွင် ပါဝင်ခဲ့သူ တယောက် ဖြစ်သည်။ ထိုအချက်ကပင် စစ်အစိုးရက သူ့ကို နိုင်ငံရေး အတိုက်အခံ တယောက်အဖြစ် တံဆိပ်ကပ်၍ ဖမ်းဆီးထောင်ချရန် အတွက် လုံလောက်သည်ထက် ပိုသော အကြောင်းရင်း ဖြစ်ခဲ့သည်။
၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ထောင် ၄ နှစ်ကျခဲ့ပြီးနောက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးထွန်းမြတ်ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။ ၂၀ဝ၈ ခုနှစ်တွင် ဆန်ဖရန်စစ္စကိုသို့ ဒုက္ခသည်တဦး အဖြစ် သူရောက်လာခဲ့၏။ အမေရိကန် နိုင်ငံတွင် ကြာမြင့်စွာ နေထိုင်ခဲ့သည့် အတွက် ယခုအခါ နိုင်ငံသား အဖြစ် လျှောက်ထားရန် အခွင့်အရေး လည်း ရရှိနေပြီ ဖြစ်သည်။ “ဒါပေမယ့် ကျနော် မလျှောက်ရသေးဘူး၊ ၂၀၁၅ မှာ ဘာတွေဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် နေတယ်” ဟု သူက ပြောသည်။
ဦးထွန်းမြတ်ဦးနှင့် သူကဲ့သို့သော တခြားသူများ အတွက် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရှိနေသော အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို တိုင်းတာနိုင်မည့် အကောင်းဆုံးသော ဘာရိုမီတာ ဖြစ်လာ ပါလိမ့်မည်။ ရွေးကောက်ပွဲ၏ ရလဒ်အဖြေက သူတို့ ရင်ဆိုင်နေရသည့် ခက်ခဲသော ရွေးချယ်မှုဖြစ်သော မြန်မာနိုင်ငံသို့ ပြန်ရေး သို့မဟုတ် ပြည်ပတွင် ဆက်လက်နေထိုင်ရေး အတွက် စဉ်းစားရာတွင် အကူအညီ ဖြစ်စေနိုင်ပါသည်။
အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ ၂၀၁၀ ခုနှစ် ကိန်းဂဏန်းများ အရ အမေရိကန်နိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသား ၁ သိန်းနီးပါး ရှိသည်ဟု ခန့်မှန်းရသည်။ ယနေ့ အနေအထားနှင့် ဆိုလျှင် လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းထားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့သည် အမေရိကန်ရောက် မြန်မာ အသိုင်းအဝိုင်းများ အများစု နေထိုင်သည့် နေရာဖြစ်သည်။ တခြားသူများမှာ ရွှေ့ပြောင်း ဝင်ရောက်လာသူများ အတွက် အဆင်ပြေသည့် နေရာများ ဖြစ်သော ကယ်လီဖိုးနီးယား ပြည်နယ်နှင့် နယူးယောက်တို့တွင် အနှံ့အပြား နေထိုင်ကြသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနှင့် အကြမ်းဖက်နှိမ်နင်းမှုများ နောက်ပိုင်းတွင် ဦးထွန်းမြတ်ဦးကဲ့သို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ စစ်အစိုးရကို ဆန့်ကျင်သူများ အများအပြား စတင် ရောက်ရှိလာခဲ့သည်။ အများစုက နိုင်ငံရပ်ခြားတွင်လည်း နိုင်ငံရေး ဆက်လုပ်ကြသည်။ ဒေသခံ ကောလိပ်များတွင် အင်္ဂလိပ်စာ သင်ကြားနေစဉ် အောက်ခြေအဆင့် အလုပ်များ လုပ်ခြင်းဖြင့် ရရှိသည့် ဝင်ငွေဖြင့် ချွေတာသုံးစွဲရင်း အဖွဲ့အစည်းများ ဖွဲ့စည်း၍ မိခင်မြေ အတွက် နိုင်ငံရေး အရ တောင်းဆို ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်ကြသည်။
၂၀ဝ၇ ခုနှစ်တွင် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးကို အစိုးရက အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည့် အခါ ဆန်ဖရန်စစ္စကို ဒေသအခြေစိုက် တက်ကြွလှုပ်ရှားသူများက တရုတ်ကောင်စစ်ဝန်ရုံး ရှေ့တွင် ဆန္ဒပြပွဲ တခု ပြုလုပ်၍ အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်း၏ မူဝါဒကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ ကြသည်။
နောက် တနှစ်ကြာသည့် အခါ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ခဲ့သူများကို အကူအညီပေးရေး အတွက် ဒေသတွင်းမှ ဘုန်းတော်ကြီး ကျောင်းများတွင် ရန်ပုံငွေ ရှာဖွေပွဲများ ပြုလုပ်ခဲ့ကြသည်။ နှစ်စဉ်နှစ်တိုင်း ဇွန်လ ၁၉ ရက်နေ့ရောက်လျှင် ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်ထွန်း၍ ဒေါ်အောင်ဆန်းစုကြည် အတွက် ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေဟု ဆုတောင်းပေးကြသည်။
အမိနိုင်ငံသို့ ပြန်သွားရေး အကြောင်းကို သူတို့ ပြောဖြစ်ကြသည်။ သို့သော်လည်း ဖြစ်လာမည်ဟု သူတို့ မထင်ခဲ့ကြပါ။ ပြန်သွားလျှင် ဒီမှာ လုပ်ခဲ့သည့် ဆန္ဒပြမှုတွေကြောင့် အဖမ်းခံရလိမ့်မည်ဟု ယူဆခဲ့ကြသည်။ အတိအကျ မသိရ သော်လည်း စစ်အစိုးရ၏ နာမည်ပျက် စာရင်းတွင် သူတို့ ပါဝင်နေလိမ့်မည်ဟု အများစုက မှတ်ယူထားကြ ပါသည်။
၂၀၁၂ ခုနှစ် ဩဂုတ်လတွင် သမ္မတဦးသိန်းစိန် အစိုးရက လူ ၆၀ဝ၀ ခန့်ရှိမည်ဟု ခန့်မှန်းရသော နာမည်ပျက်စာရင်းမှ လူပုဂ္ဂိုလ် ၂၀ဝ၀ ကျော်ကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။ သူ၏ အစိုးရအဖွဲ့က ပြုပြင် ပြောင်းလဲရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အရိပ်လက္ခဏာ ပြသလိုက်ခြင်း ဖြစ်သည်။ နာမည်ပျက် စာရင်းတွင် ကျန်ရှိနေသေးသူများ၏ အခြေအနေကတော့ ယခု အချိန်အထိ သဲကွဲခြင်း မရှိသေးပါ။
သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပြီး နောက် ၁ လအကြာတွင် ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး သူ့ကို မင်္ဂလာဒုံလေဆိပ်တွင် လူအမြောက်အမြားက ကြိုဆိုခဲ့ကြသည်။ နယူးယောက်မြို့သို့ သူပြန်ရောက်လာခြင်းက ကောင်းမွန်သော စမ်းသပ်ချက်တခု ဖြစ်ခဲ့သည်။
၂၀ဝ၉ ခုနှစ် အတွင်းက လက်ရှိသမ္မတ ဦးသိန်းစိန် ဝန်ကြီးချုပ် အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိလာစဉ်က နိုင်ငံခြားရောက် တက်ကြွလှုပ်ရှားသူများက မြန်မာ ကိုယ်စားလှယ်အဖွဲ့ တည်းခိုသည့် ဟိုတယ်ရှေ့မှ လမ်းတဖက်ခြမ်းတွင် ဆန္ဒပြကန့်ကွက်ခဲ့ရာတွင် ဦးမိုးသီးဇွန် လည်း ပါဝင်ခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့ ဟိုတယ်အတွင်းမှ ထွက်လာသည့် အချိန်တွင် ဦးမိုးသီးဇွန်က ၎င်းတို့၏ မော်တော်ယာဉ်တန်းကို ရှူးဖိနပ်တဖက်ဖြင့် ပစ်ပေါက် ခဲ့သည်။
အကယ်၍ ဦးမိုးသီးဇွန်ကို ပြန်လာခွင့်ပြုခဲ့လျှင် တခြားသူများ အတွက်လည်း အခက်အခဲ အနည်းငယ် ရှိနေသည့်တိုင် လမ်းကြောင်း ရှင်းလင်းသွားသည့် အသွင် ရှိခဲ့ပါသည်။
တချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ ်တပ်ဦး (ABSDF) အဖွဲ့ဝင်များ ဖြစ်ခဲ့ကြသည့် ဦးကိုကိုလေး၊ ဦးမိုးသီးဇွန်တို့နှင့် အတူ တခြားအဖွဲ့ဝင် ၈ ဦး လိုက်ပါ၍ “အမိမြေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်” ဟု အမည်ရသည့် ခရီးစဉ်တခုကို စတင်ခဲ့သည်။
“ကျနော်တို့က သူတို့ကို ဘယ်လောက်အထိ ယုံကြည်စိတ်ချလို့ ရမလဲ ဆိုတာ စမ်းသပ်ချင်ခဲ့တယ်။ သူတို့က ကျနော်တို့ကို ဖမ်းမှာလား။ တခုခု လုပ်မှာလား။ သူတို့က ဘာတွေပဲ လုပ်လုပ်လို့ ကျနော်တို့ အသင့်ပြင်ထားခဲ့တယ်” ဟု ဦးကိုကိုလေးက ပြန်ပြောပြသည်။
သူတို့ဘက်က စိုးရိမ်မှုများ ရှိခဲ့သော်လည်း သူတို့အဖွဲ့ကို အစိုးရဝန်ကြီးဌာန အမြောက်အမြားမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ သူတို့ကို ယဉ်ကျေးပျူငှာစွာ၊ လေးစားစွာ ဆက်ဆံခဲ့ကြသည်။ ထို့ကြောင့် ပိုမို စိတ်ချလာကြပြီး ၂၀၁၃ ခုနှစ်တွင် ကျင်းပသည့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားသို့ တက်ရောက်ရန် တခေါက် ပြန်လာခဲ့ကြသည်။ ထိုခရီးသည်လည်း အောင်မြင်သော ခရီးစဉ်တခု ဖြစ်သော်လည်း ဦးကိုကိုလေး ကတော့ အစိုးရကို ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း၊ ထိုခံစားချက်က နှစ်ဖက်လုံးတွင် ရှိနေသည် ဟု သူက ယူဆပါသည်။
“သူတို့တွေက တချိန်တုန်းက စစ်အစိုးရရဲ့ ခေါင်းဆောင်ပိုင်းမှာ ပါဝင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကလည်း ကျနော်တို့ကို ယုံကြည်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ သူတို့ ဘယ်လို ယုံကြည်နိုင်မှာလဲ။ ကျနော်တို့က သူတို့ကို လက်နက်ကိုင် တော်လှန်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဒီမိုကရေစီ လိုချင်တယ် ဆိုရင် ကျနော်တို့ အတူထိုင်ပြီး ဆွေးနွေးရမယ်။ ကျနော်တို့ တယောက်ကို တယောက်ဆက်ပြီး တိုက်ခိုက်နေလို့ မရတော့ဘူး။ ကျနော်တို့ ယုံကြည်မှုကို စပြီး တည်ဆောက်ရမယ်” ဟု ဦးကိုကိုလေးက ပြောသည်။
ဒေါက်တာ ဆလိုင်းထွန်းသန်းသည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်ဖြစ်ပြီး ၂၀ဝ၁ ခုနှစ် အတွင်းက ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သည့် အတွက် ဖမ်းဆီးခံခဲ့ရသောကြောင့် လူသိများခဲ့သူ တဦးဖြစ်သည်။ ဆန္ဒပြသည့် အတွက် အစိုးရကသူ့ကို ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခဲ့သည်။ သူက အမေရိကန်နိုင်ငံ ဂျော်ဂျီယာ၊ ဝစ္စကွန်ဆင်နှင့် ဖလော်ရီဒါရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့ဖူးသူ ဖြစ်ပြီး သူ့ကို ပြန်လွှတ်ပေးရန် ပြည်ပမှ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀ဝ၃ ခုနှစ်တွင် သူ့ကို အစိုးရက ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကြောင်းပြချက်များဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ဒေါက်တာ ဆလိုင်းထွန်းသန်းလည်း ဆန်ဖရန်စစ္စကိုရှိ သူ၏ ကလေးများထံ လာရောက် လည်ပတ်ခဲ့သည်။ သို့သော်လည်း ဒီမှာပဲ အချိန်အကန့်အသတ် မရှိနေဖို့ ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် သူ၏ ဇနီးဖြစ်သူကို သူနှင့် အတူ လာနေဖို့ ခေါ်ယူနိုင်ရန် အတွက် အမေရိကန် နိုင်ငံသား အဖြစ် လျှောက်ထားလိုက်ရသည်။ “နိုင်ငံခြားမှာနေဖို့ ကျနော် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီကိုရောက်ပြီး ၆ လလောက် ကြာတော့ ကျနော် ပြန်ဖို့လုပ်တဲ့ အခါ သူတို့က ကျနော့်ကို ပြန်လာခွင့် မပြုတော့ဘူး” ဟု ဒေါက်တာ ဆလိုင်းထွန်းသန်းက ရှင်းပြသည်။
၂၀ဝ၆ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့ပြန်ရန် ဒေါက်တာ ဆလိုင်းထွန်းသန်း ကြိုးစားခဲ့သည်။ သို့သော်လည်း ဘန်ကောက်ရှိ ဒွန်မောင်း လေဆိပ်တွင် Thai Airways လေယာဉ်ပေါ်သို့ သူတက်ခွင့် မရခဲ့ပါ။ ထို့နောက် ၂၀၁၄ ခုနှစ်တွင် သူ့ကို အစိုးရက နာမည်ပျက် စာရင်းမှ ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ကြားသိခဲ့ရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက သူ၏တပည့်များ၏ တောင်းဆိုမှုကြောင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှစ် ၉၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်နိုင်ရေး အတွက် ကြိုးစားရန် သူဆုံးဖြတ်ခဲ့ပါသည်။ ဤတခါတော့ သူအတားအဆီးမခံခဲ့ရ၊ သို့သော်ခရီးတလုံး ဘာမှ မဖြစ်ခဲ့ပါဟုတော့မဆိုနိုင်ပါ။
“ကျနော့်ရဲ့ တပည့်ဟောင်းတွေက ကျနော်တည်းတဲ့ တည်းခိုခန်းမှာ လာတွေ့ကြတယ်။ တခါတလေ တတန်းလုံး လာပြီး ကန်တော့ကြတယ်။ သူတို့က Facebook မှာလည်း ဓာတ်ပုံတွေ တင်ကြတယ်။ ဒါကြောင့် အာဏာပိုင်တွေ သတိထားမိပြီး စိတ်အနှောင့်အယှက် ဖြစ်တယ် ထင်ပါတယ်၊ နောက်ဆုံးတော့ ကျနော့်ကို တည်းခိုခန်းမှာ နေလို့ မရဘူး လို့ လာပြောတယ်” ဟု ဒေါက်တာ ဆလိုင်းထွန်းသန်းက ပြောသည်။
အခြားတဖက်တွင်မူ သူက နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးခွင့် လျှောက်ထားသည်ကို ခွင့်ပြုပေးခဲ့သည်။ ထို့ကြောင့် ဒီဇင်ဘာလမှ ဧပြီလ အစောပိုင်း အထိ မြန်မာနိုင်ငံတွင် ဒေါက်တာ ဆလိုင်းထွန်းသန်း နေထိုင်နိုင်ခဲ့သည်။ “အစိုးရထဲ မှာ အပြောင်းအလဲ လုပ်ချင်တဲ့ ပြုပြင်ပြောင်းလဲ ရေးသမားတွေ ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် အားလုံးကို ခြုံပြောရရင် သူတို့ထဲက အများစုက ပြဇာတ်ထဲက ဇာတ်ဆောင်တွေလို အဝတ်အစား ပြောင်းတာလောက်ပဲ ရှိတယ်။ သူတို့ရဲ့ အတွေးအခေါ်က အရင်အတိုင်း ရှိနေတုန်းပဲ” ဟု သူက မှတ်ချက်ချသည်။
အဝေးရောက် နိုင်ငံရေးသမားတဦး၏ ဘဝ
အကယ်၍ ယခင် စစ်အစိုးရကသာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ၏ ရလဒ်ကို ငြင်းပယ်ခြင်း မပြုခဲ့လျှင် ဦးမောင်မောင်လတ်က လွှတ်တော်အမတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီဝင် တယောက်ဖြစ်သည့် ဦးမောင်မောင်လတ်က သူ၏ဇာတိ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
၁၉၉၉ ခုနှစ်က အမေရိကန်နိုင်ငံတွင် ဦးမောင်မောင်လတ် နိုင်ငံရေး ခိုလှုံခွင့် ရရှိခဲ့ပြီး မြန်မာ-အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (Burmese American Democratic Alliance) သို့ ဝင်ရောက်ခဲ့သည်။ ယခုအခါ ထိုအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်နေသည်။
၂၀၁၃ ခုနှစ် ဇွန်လတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်သို့ ရောက်လာသည့်အချိန်တွင် ဆန်ဖရန်စစ္စကိုမှ မြန်မာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ ဦးမောင်မောင်လတ်လည်း တက်ရောက်ပြီး ဦးရွှေမန်းနှင့် လက်ဆွဲ နှုတ်ဆက်ခဲ့သည်။ “ကျနော်သူ့ကို အကဲခတ် ကြည့်နေခဲ့တယ်။ သူက လူတွေကို ဂရုစိုက်တယ် လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် သူက စစ်တပ်ကို သစ္စာခံနေတုန်းပဲ လို့လည်း ကျနော်ထင်တယ်” ဟု ဦးမောင်မောင်လတ်က ပြောသည်။
ဦးမောင်မောင်လတ်၏ နိုင်ငံရေး စိတ်ဓာတ်က အင်အားကောင်းနေဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး အခြေအနေများကို သိရှိရန်အတွက် BBC ၊ RFA နှင့် VOA သတင်းများကို နားထောင်သည်။ အားလပ်သည့် အချိန်များတွင် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ရှုလေ့လာပြီး အမေရိကန်၏ စနစ်တွင် မြန်မာနိုင်ငံတွင် ကျင့်သုံးသင့်သည့် အချက်များစွာ ပါဝင်ကြောင်း ပြောလေ့ရှိသည်။ ဘီးလင်းကို ပြန်ပြီး နိုင်ငံရေး လုပ်ချင်ကြောင်း လည်း သူက ပြောတတ်သည်။
“ဒါပေမယ့် လက်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရဲ့ ဥပဒေတွေ အရတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။ လက်ရှိဥပဒေများ အရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက် ယှဉ်ပြိုင်မည့်သူသည် မြန်မာနိုင်ငံတွင် ၁၀ နှစ်ဆက်တိုက် တဆက်တည်း နေထိုင်ခဲ့သူ ဖြစ်ရန် လိုအပ်ပါသည်။
ဦးမောင်မောင်လတ်က ဗီဇာလျှောက်ထားခြင်းလည်း လုံးဝ မပြုလုပ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့လျှင် ပြည်ပတွင် လုပ်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် သူ့ကို ဖမ်းဆီးခြင်း ခံရနိုင်သလို သူ၏ မိသားစုများလည်း အန္တရာယ်ဖြစ်မည် ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
အကယ်၍ မြန်မာနိုင်ငံသို့ ပြန်ခွင့်ရခဲ့လျှင် သူ၏မိဘများကို ကန်တော့ချင်သည်ဟု သူက ပြောသည်။ မိဘများ၏ ဈာပနသို့ သူတက်ရောက်နိုင်ခဲ့ခြင်း မရှိပါ။ “သူတို့ အတွက် ဘုန်းကြီးကျောင်းမှာ အလှူဒါန လုပ်ပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ ကျနော့်ရဲ့ မဲဆန္ဒရှင်တွေကိုလည်း တွေ့ချင်ပါတယ်။ သူတို့က ကျနော့်ကို မဲပေးခဲ့ကြတယ်။ ကျနော် ဘာတွေ လုပ်နေခဲ့တယ် ဆိုတာကို သူတို့သိအောင် ပြောပြဖို့ ကျနော့်မှာ တာဝန်ရှိပါတယ်” ဟု ဦးမောင်မောင်လတ်က ပြောသည်။
မျှော်လင့်ချက်ရောင်ခြည်
နိုင်ငံခြားသို့ ရွှေ့ပြောင်း နေထိုင်လာသူတို့၏ သမားရိုးကျ ရည်ရွယ်ချက်က မိမိတို့နိုင်ငံသစ်၏ လူမှု အသိုင်းအဝိုင်းတွင် ပါဝင်ပူးပေါင်းရန်နှင့် လူမှုရေး စီးပွားရေး အခွင့်အရေးသစ်များကို ရယူရန် ဖြစ်သည်။ သို့သော်လည်း နိုင်ငံရေး ခိုလှုံသူများနှင့် အစိုးရကို ဆန့်ကျင်ခဲ့သော သူများကတော့ ကွဲပြားခြားနားပါသည်။ ဖြစ်နိုင်ပါက တနေ့တွင် သူတို့ အိမ်ပြန်ကြမည် ဖြစ်သည်။ တာဝန်တရပ်ဟု ခံစားကြသည့် အတွက် အများစုက နယ်မြေသစ်တွင် လုံးဝအခြေချ နေထိုင်ရေးကို စဉ်းစားလေ့မရှိကြပါ။
“ကျနော့် အမေရိကန်ကနေ ပြန်မသွားနိုင်စရာ တခုမှ မလုပ်ခဲ့ဘူး။ ကျနော် အိမ်မဝယ်ဘူး။ ကျနော့်မှာ ကလေးလည်း မရှိဘူး။ ကျနော့်ဘဝကို အဲဒီလို စီစဉ်ထားတဲ့ အတွက် ချက်ချင်း ထသွားလို့ရတယ်” ဟု ဦးကိုကိုလေးက ပြောသည်။
သူလက်ခံထားသည့် မူဝါဒက မြန်မာအစိုးရက စစ်မှန်သော ပြုပြင်ပြောင်းလဲရေး၏ သင်္ကေတများ ပြသနေသမျှ သူတို့နှင့် လက်တွဲလုပ်သွားရန် ဖြစ်သည်ဟု ဦးကိုကိုလေးက ဆိုသည်။ သို့သော်လည်း သူတွေ့ရှိရသည့် အခက်အခဲ တခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ တားဆီးထားပြီး လွှတ်တော်တွင် စစ်တပ်က နေရာ၂၅ ရာခိုင်နှုန်း ရယူခွင့်ပေးထားသည့် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ရှိ အစိုးရက တွန့်ဆုတ်နေခြင်း ဖြစ်သည်။
ဦးကိုကိုလေးက “ကျနော့် အမြင်အရတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေက လုံးဝ ဒီမိုကရေစီ မဆန်ဘူး။ သူတို့ အခြေခံဥပဒေကို ဒီနေ့ပြင်ရင် မနက်ဖြန် ကျနော် ပြန်သွားမယ်” ဟု ပြောသည်။
ဒေါက်တာ ဆလိုင်းထွန်းသန်းကလည်း မျှော်လင့်ချက်နှင့် တွေဝေမှုကြားတွင် ချိန်ဆနေရသည်။ “တကယ်လို့ လက်ရှိ အစိုးရပဲ ပြန်ရွေးချယ်ခံရမယ် ဆိုရင် ကျနော် ပြန်မသွားချင်ဘူး။ သူတို့ရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲခဲ့ပြီ လို့ သက်သေပြနိုင်တဲ့ သင်္ကေတတွေ ရှိလာမယ် ဆိုရင်တော့ ကျနော် ပြန်သွားကောင်း ပြန်သွားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ အရိပ်အယောင်တွေ အခုထိ မတွေ့ရသေးဘူး” ဟု ဒေါက်တာ ဆလိုင်းထွန်းသန်းက ပြောသည်။
ဦးထွန်းမြတ်ဦး အတွက်ကတော့ မြန်မာနိုင်ငံသို့ ပြန်သွားရေးကို သူတယောက်တည်း ဆုံးဖြတ်၍ မရပါ။ “အမေရိကန်မှာ နေရတာကို သဘောကျတယ် လို့ ကျနော့်သားက ပြောတယ်။ ဒါကြောင့် ကျနော် အားလုံးပစ်ချပြီး ပြန်သွားလို့ မရဘူး ဖြစ်နေတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်မှာ တလှည့်စီ ခွဲပြီးနေရတော့မယ်” ဟု သူက ပြောသည်။
“ကျနော့်ရဲ့ မိခင်နိုင်ငံကို စွန့်ခွာချင်ခဲ့တာ မဟုတ်ပါဘူး။ တနေ့မှာ ပြန်သွားမယ် လို့ အပြည့်အဝ ဆုံးဖြတ်ထားပါတယ်။ ကျနော်ပြန်သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အစိုးရသစ်က အတွေ့အကြုံတွေ အများကြီးရှိတဲ့ ကျနော်တို့လို ပြည်ပရောက် နိုင်ငံရေး အတိုက်အခံတွေ ပြန်လာတာကို ကြိုဆိုသင့်တယ် လို့ ကျနော်ထင်ပါတယ်။ တိုင်းပြည် ပြန်လည် တည်ဆောက်ရေးမှာ ကျနော်တို့က အများကြီး ပါဝင်ပေးနိုင်ပါတယ်”
ဆန်ဖရန်စစ္စကိုတွင် နေထိုင်ကြသည့် စုံတွဲတချို့သည် သူတို့ မင်္ဂလာပွဲတွင် ဓာတ်ပုံရိုက်ရန် ငှားရမ်းခဲ့သော ဦးကိုကိုလေးသည် တချိန်တုန်းက ရက်စက်သော စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သည့် ကျောင်းသား တယောက် ဖြစ်သည်ကို သိသည့်အခါ အံ့အားသင့်ခဲ့ကြ ရသည်။
ပြည်ပရောက် နိုင်ငံရေး တက်ကြွလှုပ်ရှား သူများ၏ ဘဝအခြေအနေက ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်များ လူထုခေါင်းဆောင်များက ဓာတ်ပုံဆရာများ၊ အငှားယာဉ်မောင်းသူများ၊ လက်သမားများ ဖြစ်လာကြသည်။ သူတို့၏ လက်ရှိ အလုပ်အကိုင်များက သူတို့ပါဝင်ခဲ့သော သမိုင်းဝင် အဖြစ်အပျက်များ၊ အခန်းကဏ္ဍများနှင့် ကိုက်ညီခြင်း မရှိသည့် အသွင် ဖြစ်နေသည်။ အများစုကတော့ မိမိနိုင်ငံသို့ ပြန်ချင်နေကြဆဲ ဖြစ်သည်။ မိမိနိုင်ငံ၏ သမိုင်း အတွက် အကူအညီပေးချင်သည်။ သို့မဟုတ် အနည်းဆုံးတော့ သမိုင်း၏ အပြောင်းအလဲများ ကို မျက်မြင် စောင့်ကြည့်ချင်ကြသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေက အန္တရာယ်များ၊ မရေရာမှုများ အတိပြီးနေသည်ကိုလည်း သူတို့ မြင်တွေ့နေရသည်။ ထို့ကြောင့် ပြည်ပတွင် အခြေချနေထိုင်မှုကို စွန့်လွှတ်ပြီး အားလုံး အသစ်ပြန်စရမည့် အရာတခု အတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြရသည်။
“ကျနော်တို့ ရဲဘော်ထဲက အနည်းဆုံး တယောက်တော့ အမေရိကန်မှာ အိုးမဲ့အိမ်မဲ့ ဘဝနဲ့ နေထိုင်နေရတာမျိုး ရှိမယ် ဆိုတာ ကျနော်သိတယ်။ ဒါပေမယ့် သူက တရားမျှတမှု မရှိတဲ့ စနစ်တခုအောက်မှာ ပြန်ပြီးနေထိုင်ရမှာနဲ့ စာရင် လွတ်လပ်တဲ့ နိုင်ငံတခုမှာ အိုးမဲ့အိမ်မဲ့ ဘဝနဲ့ သူနေချင်လိမ့်မယ်။ လက်ပံတောင်းမှာ ဆန္ဒပြ ပြည်သူတယောက်ကို ရဲက သေနတ်နဲ့ ပစ်လိုက်တာကို ကြည့်ပါ။ လက်ပံတန်းမှာ ဆန္ဒပြကျောင်းသားတွေကို သူတို့က အင်အားသုံးပြီး ဖြိုခွဲခဲ့တာကို ကြည့်လိုက်ပါ။ ဒီ အဖြစ်အပျက်တွေက အခုအစိုးရဟာ ဘယ်လိုအစိုးရလဲ ဆိုတာကို ပြောပြနေပါတယ်” ဟု ဦးကိုကိုလေးက ပြောသည်။
ယခုဆောင်းပါး ရေးသားရန် အတွက် ဝါရှင်တန်မြို့မှ မြန်မာသံရုံးသို့ ပြည်ပရောက်နိုင်ငံရေး အတိုက်အခံများ နာမည်ပျက် စာရင်းမှ ပယ်ဖျက်ခွင့် ရရှိရေး အတွက် လိုအပ်သည့် အချက်အလက်များနှင့် ၎င်းတို့နှင့် ပတ်သက်သော မူဝါဒများ ရှင်းလင်းဖော်ပြပေးရန် မေးမြန်းခဲ့သော်လည်း ယခုပုံနှိပ်ဖော်ပြသည့် (ဇွန်လ ၂၀၁၅ ခုနှစ်) အချိန်အထိ ပြန်လည် ဖြေကြားမှု မရရှိခဲ့ပါ။ ။
၂၀၁၅ ခုနှစ် ဇွန်လထုတ်
The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော Kenneth Wong ၏ “Time to Return Home?” ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။