အမရပူရမြို့နယ်ရှိ နှစ်သက်တမ်း ၁၆၄ နှစ်ရှိပြီဖြစ်သော ဦးပိန်တံတားအား နိုင်ငံတော်သမ္မတရန်ပုံငွေဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင်မည် ဖြစ်ရာ အဆိုပါလုပ်ငန်းများအား သြဂုတ်လတွင် စတင်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။
“တံတားကြီးမထိန်းသိမ်းရင် မကြာခင်မှာပဲ ပြိုကျသွားလိမ့်မယ်၊ ဒါပေမယ့် ဘဏ္ဍာရေးအခြေအနေအရ လိုသလောက် ခရီးမရောက်ဘူးဖြစ်နေတယ်၊ ဒါကြောင့် တိုင်းအစိုးရအဖွဲ့က တဆင့် သမ္မတကြီးဆီ တင်ပြခဲ့ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် မလုံလောက်သောကြောင့် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုခဲ့ရာ သမ္မတ၏ ဒေသ ဖွံ့ဖြိုးရေးသီးသန့်ရန်ပုံငွေမှ ငွေကျပ် သိန်း ၂၂၇၀ အား ယခုလဆန်းတွင် ချထားပေးပြီး ဖြစ်သည်ဟု ဆိုသည်။
ပြုပြင်ရေးလုပ်ငန်းများ မစတင်ခင် ဦးပိန်တံတားအား ရှေးအစဉ်အဆက်က ထိန်းသိမ်းခဲ့သည့် ဆရာတော် သံဃာတော် ကြီးများ၏ သြဝါဒခံယူခြင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပညာရှင်များ၊ မန္တလေးမြို့မှ ရှေးဟောင်းအမွေအနှစ်နှင့် ပတ်သက် သည့် ပညာရှင်များသာမက ဂျပန်နိုင်ငံမှ သစ်သားကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးခဲ့ပြီး အကြံဉာဏ်များ ရရှိခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။
ဦးပိန်တံတားသည် မန္တလေးမြို့၏ ပုံရိပ်တခုဖြစ်သလို ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်သည့် ရှေးဟောင်းအထင်ကရနေရာတခုလည်း ဖြစ်သောကြောင့် ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းရန်လိုအပ်ပြီး ဆက်စပ်နေ သည့် တောင်သမန်အင်းသန့်ရှင်းသာယာစေရေးကိုလည်း တဆက်တည်း ဆောင်ရွက်သွားမည်ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ လက်ထောက်အင်ဂျင်နီယာ ဦးအေးလွင်က ပြောသည်။
“ဂျပန်ပညာရှင်အဖွဲ့ကတော့ အမြင်လှပမှုထက် ရေရှည်တည်တံ့ခိုင်မာဖို့ကို အဓိကဖြစ်တယ်လို့ အကြံပြုထားပါတယ်” ဟု ၎င်းက ပြောသည်။
ထိုနောက် လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး လာမည့်သြဂုတ်လတွင် ပြုပြင်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ရာ အဓိက အားဖြင့် ပျက်စီးဆွေးမြေ့နေသည့် တိုင်လုံး (၁၀၀) အား အစားထိုးလဲလှယ်ခြင်း၊ အောက်ခြေဆွေးမြေ့နေသည့် တိုင်များ အား ဖြတ်ဆက်ခြင်း စသည့် တံတားကြီးကြံ့ခိုင်မှုလုပ်ငန်းစဉ်များ သာမက လုံခြုံရေးအတွက်လည်း ထည့်သွင်း ဆောင်ရွက် သွားမည်ဟု ဆိုသည်။
“တံတားကြီး ညပိုင်းလုံခြုံရေးအတွက် အထူးစီမံချက်နဲ့ လုပ်နေပါတယ်၊ ဒါပေမယ့် ရ.ယ.က (ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး) နဲ့ လုပ်ရင် ရေရှည်မှာတော့ အခက်အခဲရှိနိုင်ပါတယ်၊ တံတားလုံခြုံရေးအတွက် ဘတ်ဂျတ်ပေါ်မူတည်ပြီး အမြဲဝန်ထမ်းမျိုး ခန့် ဖို့ လိုအပ်ပါမယ်” ဟု အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ဦးပိန်တံတားအား ညပိုင်းလုံခြုံရေးနှင့်ပတ်သက်၍ လက်ရှိအခြေအနေကို ပြောသည်။
ဦးပိန်တံတားရေရှည်ခိုင်ခန့်ရေးသာမက ညပိုင်းတွင် တံတားပေါ်မှောင်ရိပ်ခိုကာ မကောင်းမှုပြုလုပ်ခြင်းများ၊ သောက်စား မူးယစ်ကာ တံတားအား လှုပ်ရမ်းခြင်းများ၊ ဆိုင်ကယ်စီးဖြတ်သန်းခြင်းများ ရှိသောကြောင့် လုံခြုံရေးကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဒေါက်တာမြင့်ကြူက ပြောသည်။
၂၀၀၄ ခုနှစ်က ဧရာဝတီမြစ်ရေကြီးမှုကြောင့် တံတားအခန်းပေါင်း (၁၃၀)၊ အရှည်ပေအားဖြင့် (၁၀၀၀) ကျော် ပျက်စီးခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)၏ ခွင့်ပြုရန်ပုံငွေ သိန်း ၃၅၀ ကျော်ဖြင့် ပြန်လည် ပြုပြင်ခဲ့ပြီး ၂၀၁၄ ခုနှစ် သင်္ကြန်ကာလတွင် လာရောက်လည်ပတ်သူ ဧည့်သည်အလွန်များပြားခဲ့သောကြောင့် တံတားကြီး ၏ ကြံ့ခိုင်ရေးအတွက် စိုးရိမ်ဖွယ်ဖြစ်လာသောကြောင့် အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူးမှ မန္တလေးတိုင်း ဘဏ္ဍာရေး ဝန်ကြီး ဌာနထံ တင်ပြခဲ့ခြင်းဖြစ်သည်။
ဦးပိန်တံတားအား ၁၈၄၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး တံတားအရှည်မှာ ပေ ၄၀၀၀ နီးပါးရှိသည့် သစ်သားတံတား အမျိုး အစား ဖြစ်ကာ ကျွန်းသစ်လုံးများဖြင့် တည်ဆောက်ခဲ့သည့် တံတားတစင်းဖြစ်သည်။