(ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
ရေနံ့သာဟူသော နာမည်ကို အများစု ကြားဖူးပါလိမ့်မည်။ ရေနံ့သာခင်ခင်ကြီး ဝတ္တုစာအုပ်နာမည်နှင့် တွဲဖက် ကြားမိသကဲ့သို့ နောက်တမျိုး ရင်းနှီးသည်မှာ အနာကြီးရောဂါသည်များ စုပေါင်းနေသောနေရာကိုလည်း ရေနံ့သာဟု သိကြလိမ့်မည်ထင်ပါသည်။
ငယ်စဉ်ကလေးဘဝတုန်းက မဟာမုနိဘုရားကြီးဘက်၊ ဘူတာကြီးဘက်တွင်လည်း တောင်းရမ်းစားသောက်နေသော အနာကြီး ရောဂါသည်များကို မကြာခဏ မြင်ဖူးပါသည်။
ခြေလက်များ ပုံပျက်ပန်းပျက်၊ အနာများက အရည်များရွှဲလျက်၊ ယင်ကောင်များ တဝီဝီဖြင့် အနားသို့ပင် မကပ်ရဲလှအောင် ဆိုးရွားလှသည့် ရောဂါသည်များ ဖြစ်သည့်အတွက် စေ့စေ့ပင် မကြည့်ရဲသကဲ့သို့ ရောဂါပိုးကူးစက် မည်ကို စိုးရိမ်သည့်အတွက် အနားသို့ပင် မသွားရဲလောက်အောင် ကြောက်ရွံ့လှပါသည်။
သို့သော်လည်း ယခုအခါ ရေနံ့သာအနာကြီး ကျေးရွာသို့ သွားရောက်သတင်းယူရန် ကြုံလာပါသည်။
ရေနံ့သာအစ မန္တလေးမြို့က ဖြစ်ပါသည်။ ၁၉၉၆ ခုနှစ် Visit Myanmar Year လုပ်ရန် မြို့တော်ကြီးများ သန့်ရှင်း သာယာရေးအတွက် ကြိုတင်စီစဉ်သည့် အနေဖြင့် ၁၉၈၉ ခုနှစ်တွင် မန္တလေးမြို့၊ အကောက်တော် ရပ်ကွက်၊ ဥယျာဉ်တန်းရပ်ကွက်၊ နဂါးရပ်ကွက်၊ ဝစလီရပ်ကွက်နှင့် မြိုင်သာယာရပ်ကွက်များနေ အနာကြီးရောဂါသည်များအား မတ္တရာမြို့မြောက်ဘက် ရေနံ့သာကျေးရွာနှင့် မလှမ်းမကမ်းတွင် “နံ့သာမြိုင်စခန်း” အမည်ဖြင့် ဒုက္ခသည် စခန်းပုံစံ စတင်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နံ့သာမြိုင်စခန်းဟူသော အမည်မှာ လူသိမများခဲ့ဘဲ ရေနံ့သာဟူသော အမည်ဖြင့်သာ အနာကြီး ရောဂါသည်တို့နေရာအဖြစ် နာမည်ဆိုးဖြင့် ကျော်ခဲ့ရသည်။
စတင်ပြောင်းရွှေ့စဉ်က အိမ်ထောင်စု ၄၆၇ စု ဖြစ်ပြီး ၎င်းတို့အား ထောက်ပံ့ခံ လူတန်းစားအဖြစ်သတ်မှတ်ကာ နိုင်ငံတော်မှ အသက် ၆၀ အထက် ဝေဒနာရှင် တဦးလျှင် တလ ၆၀၀ ကျပ်၊ ၄၅ နှစ်အထက် ဝေဒနာရှင်ဆိုလျှင် တလ ၄၅၀ ကျပ်နှင့် ရောဂါသည်များ၏ သားသမီးများ ၁၅ နှစ်အောက်ဆိုလျှင် တလ ၁၅၀ ကျပ် ထောက်ပံ့ပေးသကဲ့သို့ အိမ်ထောင်စုတစုလျှင် မြေတဧကနှင့် ပေ ၄၀x၆၀ မြေကွက်ပေါ်တွင် သွပ်မိုးထရံကာ အိမ်တလုံးပါ ဆောက်လုပ်ပေးခဲ့သည်။
သို့သော်လည်း နံ့သာမြိုင်စခန်း တည်ရှိသည့်နေရာမှာ ယင်းအချိန်က တောနက်သည့်အပြင် ငှက်ဖျားတောကြီး ဖြစ်သည့်အတွက် ရောဂါသည်များမှာ ဒုက္ခမျိုးစုံကို ခါးစည်းခံရင်း ဘဝကိုကြံ့ကြံ့ခံကာ ရပ်တည်ခဲ့ရသည်။
ထင်းခုတ်၊ ဝါးခုတ်၊ တောင်ယာလုပ်ကာ အသက်မွေးခဲ့ရသည်။ လူ့အသိုင်းအဝိုင်းက ကြဉ်ဖယ်ထားသည့် ဒဏ်ကိုလည်း ကောင်းကောင်းခံရသည့်အလျောက် လူတောမတိုးရဲကြတော့ပေ။ သို့သော်လည်း ဘဝကိုကြံ့ကြံ့ခံရင်း အနာကြီးရောဂါကို MDT ဆေးပေါင်းဖြင့် ကုသကာ ရှင်သန်ခဲ့ကြသည်။
အနာကြီးရောဂါသည်များအား ယင်းနေရာသို့ ပြောင်းရွှေ့ပေးခဲ့ရာတွင် အဓိက ဦးဆောင်သူဖြစ်သည့် ဗိုလ်ချုပ် ထွန်းကြည် လက်ထက်တွင် တတ်အားသရွေ့ ထောက်ပံ့ပေးခဲ့သည့်အတွက် ဘဝများ သိပ်မခါးသီးခဲ့သော်လည်း ဗိုလ်ချုပ် ထွန်းကြည် အငြိမ်းစားယူသွားသည့်အခါ ထိရောက်သော အထောက်အပံ့များ မရရှိတော့ပေ။
ဆေးကုသရာတွင် လိုအပ်သည့် MDT ဆေးပေါင်းနှင့် တခြားဆေးဝါးများကိုသာ အခမဲ့ရရှိခဲ့ပြီး ကျန်သည့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကိုမူ ကိုယ့်ခြေကိုယ့်လက်ဖြင့်သာ လုပ်ကိုင်ခဲ့ရသည်။
နူရာဝဲစွဲ၊ မြေနိမ့်ရာလှံစိုက်၊ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသည့် စကားပုံများမှာ ၎င်းတို့ အနာကြီးရောဂါသည်များ အတွက် တီထွင်ခဲ့ကြသလားဟု ထင်မှတ်ရလောက်အောင်ပင် ယခု ဦးသိန်းစိန်အစိုးရ လက်ထက်တွင်ပါ ၎င်းတို့ ကြုံခဲ့ရပြီးဖြစ်သည်။
မြန်မာနိုင်ငံအနှံ့တွင် ဝန်ကြီးဌာနများ၏ စီမံကိန်းမြေများအား ဌာနဆိုင်ရာမြေအဖြစ် ဂရန်ဖောက်ခြင်းများ လုပ်ဆောင်နေရာ ကျန်းမာရေးဝန်ကြီးဌာနကလည်း ယင်းအနာကြီးရောဂါသည် စခန်းအား ဌာနဆိုင်ရာ ဂရန်မြေ အဖြစ် အမည်ပေါက် ပြောင်းရန် လုပ်ဆောင်နေပြီ ဖြစ်သည်။
သို့သော်လည်း ပြဿနာမှာ အနာကြီးရောဂါသည်များ၏ လက်ရှိအခြေအနေသည် ယခင် ၁၉၈၉ ခုနှစ်တွင် စတင် ပြောင်းရွှေ့ခဲ့ချိန်က အခြေအနေနှင့် လုံးဝမတူညီတော့ခြင်း ဖြစ်သည်။
ထောက်ပံ့ခံ လူတန်းစားမဟုတ်တော့ဘဲ မိမိလက်၊ မိမိခြေဖြင့် မိမိဘဝကို မိမိစီမံခန့်ခွဲနေနိုင်ပြီဖြစ်သော၊ ရောဂါ ပျောက်ကင်းနေပြီ ဖြစ်သော၊ ပုံမှန် လူ့အသိုင်းအဝိုင်းထဲသို့ တိုးဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော လူတန်းစား တရပ် ဖြစ်နေကြပြီ ဖြစ်သည်။
၂၀၁၃ ခုနှစ်က ရေနံ့သာ အနာကြီး ဆေးရုံမှ ကောက်ယူထားသော စာရင်းများအရ ရောဂါဖြစ်ဖူးသူ ၃၅၁ ဦးရှိပြီး ရောဂါမရှိသူ ၁၀၂၈ ဦး ရှိပြီဖြစ်သည်။ ယင်း ၃၅၁ ဦး မှာလည်း ရောဂါပျောက်ကင်းကာ ပုံမှန်အလုပ်များ လုပ်ကိုင်နေသူများ ဖြစ်ကြသည်။
အနာကြီးရွာဟု အများက ခေါ်ဝေါ်ကြသော်လည်း အမှန်စင်စစ်အားဖြင့် မျိုးဆက်သစ်များတွင် အနာကြီးရောဂါ ကူးစက်ခံရသူ ဦးရေမှာ လွန်စွာနည်းပါးသွားပြီ ဖြစ်သည်။
၂၀၁၄ ခုနှစ် နံံ့သာမြိုင် မူလွန်ကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ ၃၈၈ ဦး ရှိပြီး ၂၀၁၂ ခုနှစ်က ကျောင်းသား ၃ ဦးတွင်သာ အနာကြီးရောဂါ တွေ့ရှိသည့်အတွက် ဆေးကုသမှု ပေးပြီးဖြစ်သည်။
နံ့သာမြိုင်စခန်းအတွင်း လှည့်လည်ကြည့်ရှုရာ မိမိမျှော်လင့်ထားသကဲ့သို့ ခြေတိုလက်တိုဖြစ်နေသူများ၊ အနီကွက်ကြီးများ ရုပ်ပျက်ဆင်းပျက် ထနေသူများကို မတွေ့ရဘဲ သာမန်လူများကိုသာ တွေ့နေရသည့်အတွက် ယင်းစခန်း တာဝန်ခံများကို မေးမြန်းကြည့်မိရာ ယင်းကဲသို့ အနာကြီးရောဂါဒဏ်ကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေသူများမှာ အသက် ၇၀ ကျော် အရွယ်များသာ ရှိတော့ကြောင်း ပြောပြသည်။
အနာကြီးရောဂါ ခံစားဖူးသော သက်ကြီးပိုင်း ရောဂါသည်များအတွက် အစိုးရ၏ ထောက်ပံ့ကြေးမှာလည်း အံ့သြစရာ ကောင်းလှပါသည်။ အသက် ၆၀ ကျော်သော လူကြီးများအတွက် ထောက်ပံ့ကြေးမှာ ယခုအထိ တလလျှင် ၆၀၀ ကျပ်သာ ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်အစိတ်ဝန်းကျင်က မြန်မာငွေ ၆၀၀ ကျပ်မှာ တလအတွက် လုံလောက်မှု ရှိနိုင်သော်လည်း ယခု ၂၀၁၅ ခုနှစ်တွင် ၆၀၀ ကျပ်မှာ ရေသန့်ဘူး ၂ ဘူးဖိုးသာ ရှိပါတော့သည်။ သို့သော်လည်း ယင်း ထောက်ပံ့ကြေးကို မယူဘဲ မနေရဲပါ။ လာရောက် ယူနေရဆဲသာ ဖြစ်ပါသည်။
ထောက်ပံ့ကြေး မယူလျှင် ရောဂါသည်အဖြစ်မှ စာရင်းပယ်ဖျက်မည်ဖြစ်ပြီး ယင်းရောဂါသည် နေထိုင်လျက်ရှိသော ခြံဝင်းနှင့် လုပ်ကိုင်စားသောက်ရန် ပေးထားသော မြေတဧကကို အစိုးရက ပြန်လည်သိမ်းယူမည်ဖြစ် သောကြောင့် ၆၀၀ ကျပ်ကို လစဉ် လက်မှတ်ထိုးကာ ယူဆောင်နေရဆဲဖြစ်သည်။
ထိုထက် ပိုဆိုးရွားသည့်အချက်မှာ ရောဂါသည်များမှ မွေးဖွားလာသော သားသမီးများ၊ ယင်းသားသမီးများမှ တိုးပွားလာသော အိမ်ထောင်စုများကို စခန်းတွင်း လူစာရင်းသို့ မထည့်သွင်းပေးခြင်း ဖြစ်သည်။
ထို့ကြောင့် ၁၉၈၉ က အိမ်ထောင်စု ၄၆၇ စုမှာ ယခု ၂၀၁၄ ခုနှစ်တွင် ၃၁၆ စုသာ တရားဝင် ကျန်ရှိတော့သည်။ အသစ်တိုးပွားလာသည့် အိမ်ထောင်စုများမှာ ကျူးကျော်ပုံစံဖြင့် နေထိုင်နေရသည်။
ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် နေထိုင်စရိတ် မြင့်မားလှသည့်အတွက် ကျူးကျော်နေထိုင်ရသည်မှာ သဘာဝကျသော်လည်း နံ့သာမြိုင်စခန်းကဲ့သို့ တောခေါင်ခေါင်တွင် ကျူးကျော်ဘဝ ရောက်ရသူများမှာ ရင်နာစရာ ကောင်းလှသည်။
ထို့အပြင် မူလပြောင်းရွှေ့လာသူများ သေဆုံးသွားလျှင် ၎င်းတို့၏ သားသမီးများကို ဆက်လက် နေထိုင်ခွင့် မပြုတော့ဘဲ ပေးအပ်ထားသည့် အိမ်နှင့် မြေယာများ ပြန်လည် သိမ်းယူခြင်း ဖြစ်သည်။
အနာကြီးရောဂါသည်များ၏ မျိုးဆက်များမှာ မြို့ကြီးပြကြီးမှ ဖယ်ကြဉ်ခံရရုံမက မိဘများသေဆုံးလျှင် နေစရာ ဘုံပျောက်သည့်ဘဝပါ ကြုံတွေ့နေရသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ယင်းအတွက် မျိုးဆက်သစ် လူငယ်များက ၎င်းတို့၏ နံ့သာမြိုင်စခန်းအား ကျေးရွာအဖြစ် အသိအမှတ် ပြုပေးရန် ကြိုးစားကြပြီး ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၀ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ နံ့သာမြိုင်ကျေးရွာအဖြစ် တရားဝင်အသိအမှတ် ပြုလိုက်ပြီဖြစ်သည်။
သို့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနကမူ အသိအမှတ်ပြုပုံ မပေါ်ပါ။ ရေနံ့သာအနာကြီး ရောဂါကုဆေးရုံနှင့် နံ့သာမြိုင်စခန်းတို့ ပါဝင်သည့် မြေ ၁၉၄၆ ဧကအား ဂရန်ဖောက်ရန် လုပ်ဆောင်လာပြီဖြစ်သည်။
ထို့အတွက် အနာကြီးရောဂါသည်များ၏ မျိုးဆက်သစ်များက စခန်းနေရာနှင့် ၎င်းတို့မိဘများကို ပေးအပ်ထားသည့် မြေများအား ကျန်းမာရေးဝန်ကြီးဌာန အမည်ဖြင့် ဂရန်ဖောက်ခြင်းမှ ချန်လှပ်ရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
မန္တလေးမြို့တွင် အဆိုပါ ကိစ္စရပ်များအတွက်လည်း သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဝင်းလှိုင် ကိုယ်တိုင် နံ့သာမြိုင်စခန်းသို့ ရောက်လာကာ ဆန္ဒ မစောစေလိုကြောင်း၊ တတ်နိုင်သမျှ အဆင်ပြေအောင် လုပ်ဆောင်သွားမည်ဟု ကတိပေးသွားကြောင်း သိရသည်။
တကယ်တော့ ၎င်းတို့တောင်းဆိုသည်မှာ မဖြစ်နိုင်သည်ကို တောင်းဆိုခြင်း မဟုတ်ပါ။ မိဘများနေထိုင်ခဲ့သည့် မြေနေရာကို သားသမီးများ ဆက်လက်နေထိုင်ခွင့် ရရန်သာ တောင်းဆိုနေခြင်း ဖြစ်သည်။ အစိုးရ တာဝန် ရှိသူများအနေဖြင့် ယင်းကိစ္စရပ်ပေါ်တွင်မူ ရှားရှားပါးပါး လိုက်လျောပေးလိမ့်မည်ဟု မျှော်လင့်ရပါသည်။
အစိုးရတာဝန်ရှိသူများသာ မဟုတ်ပါ။ မန္တလေး၊ မတ္တရာမြို့ပေါ်ရှိ မြို့နေလူထုသည်လည်း ရေနံ့သာအပေါ် အမြင်ပြောင်းသင့်သည့်အချိန် ရောက်လာပြီ ဖြစ်ပါသည်။
မိမိကိုယ်တိုင်လည်း ယင်းနံ့သာမြိုင်စခန်းသို့ မဝင်ခင်က စိတ်ထဲတွင် ချီတုံချတုံ ဖြစ်မိပါသေးသည်။ သို့သော် ရွာထဲသို့ ဝင်သွားသည့် အခါတွင်မူ နဂိုမျှော်လင့်ထားသည့် ပုံပျက်ပန်းပျက် ဒုက္ခသည်များအစား သာမန်ကျေးရွာ တခုအလား လှုပ်ရှားသွားလာ လုပ်ကိုင်နေကြသူများကိုသာ တွေ့မြင်ရပါသည်။
လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်ဆိုင်များသာမက တောရွာများတွင်မြင်ရခဲသည့် တီဗီ၊ ဗီဒီယို၊ ဖုန်းပြင်ဆိုင်က အစ ရှိနေပြီဖြစ်သော ဒုက္ခသည်စခန်း လုံးဝမဟုတ်တော့သည့် ကျေးရွာကြီးတခုသာ ဖြစ်သည်။
အနာကြီး ရောဂါသည် မျိုးရိုးလိုက်သော ရောဂါမဟုတ်ပါ။ ကူးစက်လွယ်သည့် ရောဂါလည်း မဟုတ်ပါ။ ကာလတို ထိတွေ့ရုံနှင့် ကူးစက်သည့်ရောဂါလည်း မဟုတ်သကဲ့သို့ ရှေးယခင် ယုံကြည်လေ့ရှိသည့် ဝဋ်နာကံနာ ရောဂါလည်း မဟုတ်ပါ။
ရောဂါပိုးရှိပြီး ဆေးပုံမှန်မသောက်သည့် ရောဂါရှင်နှင့် ကာလရှည်ကြာနေထိုင်မှ ကူးစက်သည့် ရောဂါပိုး တမျိုးသာဖြစ်ပြီး MDT ဆေးပေါင်းဖြင့် လုံးဝပျောက်ကင်းအောင် ကုသနေနိုင်ပြီဖြစ်သည့် ရောဂါတခုသာ ဖြစ်ပါသည်။
နံ့သာမြိုင်စခန်းအား နံ့သာမြိုင်ကျေးရွာအဖြစ် ဘေးပတ်ဝန်းကျင် ရွာများမှ အသိအမှတ် ပြုရုံသာမက ပွဲလမ်းသဘင်များ ရှိလျှင်လည်း အပြန်အလှန် ဖိတ်ကြားကာ သွားလာထိတွေ့ဆက်ဆံမှုများ ပြုနေပြီဖြစ်ပါသည်။
ခြုံငုံပြောရလျှင် နံ့သာမြိုင် အနာကြီးရောဂါသည်စခန်းသည် အတိတ်၏ အရိပ်ဆိုးများကို ပယ်ဖျက်ကာ နံ့သာမြိုင် ကျေးရွာအဖြစ် ခြေလှမ်းရန် အသင့်ဖြစ်နေသည့် လူမှုအသိုင်းအဝိုင်းငယ်တခုသာ ဖြစ်တော့သည်။
ရေနံ့သာ အနာကြီးရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာက “ကျမက ရေနံ့သာ အနာကြီးဆေးရုံလို့ အမည်တွင်နေတာကို ရေနံ့သာပြည်သူ့ဆေးရုံလို့ အမည်ပြောင်းပစ်လိုက်တယ်။ ဒီဆေးရုံကြီးဟာ သာမန် ပြည်သူ့ဆေးရုံကြီး တခုသာဖြစ်ပြီး အနာကြီးရောဂါကိုပါ ကုသပေးတဲ့ ဆေးရုံလို့ ဒီပတ်ဝန်းကျင်မှာ လက်ခံလာအောင် လုပ်သွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။