ထိုင်းနိုင်ငံရှိ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းတွင် ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံခဲ့ရသော အမှုမှ မှုခင်းဆေးဘက်ဆိုင်ရာ သက်သေခံ ပစ္စည်းများကို ပြန်လည်စစ်ဆေးနိုင်ရေး တရားရေးဝန်ကြီးဌာနမှ Central Institute of Forensic Science သို့ ပေးပို့ရန် ကော့စမွေခရိုင် တရားရုံးက အမိန့်ချလိုက်သည်။ တရားခံများဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူများ၏ မေတ္တာရပ်ခံချက်ကြောင့် ထိုသို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
ဂေါ်ပြားတခု အပါအဝင် အခင်းဖြစ်ပွားရာတွင် တွေ့ရှိခဲ့ရသော သက်သေပစ္စည်းအားလုံးကို ပြန်လည်စစ်ဆေးရေး အတွက် ပို့ဆောင်ရာတွင် အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆူရတ်ဌာနီရှိ ကော့စမွေ တရားရုံးက ဇူလိုင်လ ၁၀ ရက်နေ့တွင် အမိန့်ချခဲ့သည်။
ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ (Lawyers’ Council of Thailand) မှ စေလွှတ်လိုက်သော ရှေ့နေအဖွဲ့တဖွဲ့က ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦးဖြစ်သည့် ဒေးဗစ်မေလာ (၂၄ နှစ်) နှင့် ဟန်နာ ဝစ်သာရိဒ် (၂၃ နှစ်) တို့ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခြင်းခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သော ဇော်လင်း (၂၂ နှစ်) နှင့် ဝင်းဇော်ထွန်း (၂၁ နှစ်) တို့ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည်။
ဗြိတိန် အာဏာပိုင်များထံမှ ရရှိသည့် မှုခင်းဆေးဘက်ဆိုင်ရာနှင့် အလောင်း စစ်ဆေးမှုရလဒ်များက ထိုင်းတာဝန်ရှိသူများထံမှ ရရှိသည့် တွေ့ရှိမှုများနှင့် မတူညီကြောင်း မြန်မာအလုပ်သမားများဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသော အဖွဲ့က ပြောသည်။ ထိုအချိန်တွင် သက်သေခံ ပစ္စည်းများ မရှိတော့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က မီဒီယာတချို့တွင် ဖော်ပြမှုများ ရှိလာသည်။
အမှုကိစ္စနှင့် ပတ်သက်၍ ရဲအဖွဲ့က အခွင့်အာဏာကို ထိန်းချုပ်ထားသည့်အတွက် ရဲအဖွဲ့မှ ဆေးပညာရှင်ကို ပြန်လှန် မေးခွန်းထုတ်ရေးမှာ ခက်ခဲနေခဲ့သည်ဟု တရားခံများ၏ ရှေ့နေအဖွဲ့ ခေါင်းဆောင် Nakhon Chompuchat က ပြောသည်။ DNA ကဲ့သို့ အရေးကြီးသည့် သက်သေပစ္စည်းများ အတွက်လည်း တရားရုံးတွင် ဓာတ်ခွဲခန်းမှ ပညာရှင်များ လာရောက် ထွက်ဆိုသည့် အချိန်ကို စောင့်ဆိုင်းရဦးမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပျောက်ဆုံးနေသည့် သက်သေခံ ပစ္စည်းများနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Somyot Poompunmuang က နိုင်ငံခြားသတင်းထောက်များ၏ ဘာသာစကား အခက်အခဲကြောင့် ဆက်သွယ်မေးမြန်း ရာတွင် အပြည့်အ၀ နားမလည်ကြသည့်အတွက် ဖြစ်နိုင်သည်ဟု ပြောသည်။
ပုံမှန်အားဖြင့် DNA စစ်ဆေးရန်လိုအပ်သည့် သက်သေခံပစ္စည်းများကို မူခင်းဆေးပညာသိပ္ပံ (Institute of Forensic Medicine) သို့ ပေးပို့ရပြီး စစ်ဆေးပြီးစီးသည့်အခါ ရလဒ်များကို မှတ်တမ်းတင်ပြီး ရဲအဖွဲ့သို့ မိတ္တူ တစုံပေးပို့ ရသည်ဟု သူက ဆိုသည်။
ထို့ကြောင့် ရဲအဖွဲ့က DNA နမူနာများကို သိမ်းဆည်းထားရန် မလိုအပ်ခြင်းဖြစ်သည်ဟုလည်း ရဲဗိုလ်ချုပ်ကြီး Somyot Poompunmuang က ပြောသည်။
သက်သေခံပစ္စည်းများ ပျောက်ဆုံးနေသည်ဟု နားလည်မှုလွဲမှားစရာ ဖြစ်ပေါ်လာရခြင်းမှာ ရှေ့နေများက DNA ကို အခြား အဖွဲ့အစည်းတခုတွင် ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုသည့် အချိန်တွင် ရဲအဖွဲ့က ၎င်းတို့ထံတွင် မရှိတော့ကြောင်း တုန့်ပြန်ခဲ့၍ ဖြစ်ဖွယ်ရှိသည်ဟု သူကပြောသည်။
“ဘယ် စုံစမ်းစစ်ဆေးရေးမှူးက မဆို ဒီလိုမျိုး တုန့်ပြန်မှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သက်သေခံပစ္စည်းက မူခင်း ဆေးပညာ သိပ္ပံ (Institute of Forensic Medicine) မှာ ရှိနေလို့ဖြစ်ပါတယ်” ဟုလည်း ရဲဗိုလ်ချုပ်ကြီး Somyot Poompunmuang က ဆိုသည်။
မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ ဦး နှင့် အသတ်ခံရသူတဦးတို့ ဆက်နွှယ်မှုကို ပြသနိုင်မည့် အရေးပါသော DNA သက်သေနှင့် ပတ်သက်၍ တရားရုံးက ကြားနာဖွယ်ရှိသည်ဟု BBC သတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဤအမှုမှ DNA သက်သေပစ္စည်းတချို့ မရှိတော့သဖြင့် ပြန်လည်စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က BBC သို့ ယခင်က ပြောကြားခဲ့သည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ဆူရတ်ဌာနီ ခရိုင်ရဲတပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ ရဲမှူးကြီး Somkiat Kaewmook က “တချိူ့ မှုခင်းဆေးပညာနဲ့ဆိုင်တဲ့ ပစ္စည်းတချို့က စစ်ဆေးရေးလုပ်ငန်းမှာ အသုံးပြုပြီးသွားပါပြီ။ ဒါကြောင့် အဲဒါတွေ မရှိတော့ပါဘူး” ဟု ပြောသည်။ သို့သော်လည်း ယခု အမှုအတွက် DNA ပြန်လည်စစ်ဆေးခြင်း ပြုလုပ်ရန် ဖြစ်နိုင်သေးသည်ဟု သူကဆိုသည်။
“ခိုင်မာပြီး များပြားတဲ့ ပြန်ပေးလို့ရတဲ့ဟာတွေ ရှိပါလိမ့်ဦးမယ်။ ကျနော်တို့ အဲဒါတွေကို တရားရုံးကို ပြန်ပို့ပေးပါမယ်” ဟု ရဲမှူးကြီး Somkiat Kaewmook က ပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဒေးဗစ်မေလာ နှင့် ဟန်နာ ဝစ်သာရိဒ် တို့၏ အလောင်းများကို ခိုတောင်ကျွန်း မှ ကမ်းခြေတခုတွင် တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သလို တရားခံများကို ဖော်ထုတ်ရန် အတွက်လည်း ပြည်တွင်းနှင့် နိုင်ငံတကာမှ ဖိအားများ ပေါ်ပေါက်စေခဲ့သည်။ နောက်ထပ် ရက်သတ္တပတ် များစွာအကြာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို စွပ်စွဲဖမ်းဆီးခဲ့သည်။ သူတို့က အစပိုင်းတွင် ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဖိအားပေး ခြိမ်းခြောက်မှုကြောင့်သာ ဝန်ခံရခြင်းဖြစ်သည်ဟုဆိုကာ ပြန်လည်ငြင်းဆန်ခဲ့သည်။