Politics

သမ္မတလောင်း ပါတီဝင်ထဲကသာ ရွေးချယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ (NLD) အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး သမ္မတလောင်းအတွက် ပါတီဝင်ဖြစ်သူကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပသည့် နေပြည်တော် နှင်းဆီစံအိမ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က “NLD ပါတီဝင်တော့ ဖြစ်ရမှာပေါ့။ အခု မဟုတ်ရင်တောင်မှ နောင်တော့ ဖြစ်ရမှာပေါ့” ဟု ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်နိုင်သည့်အတွက် သူကိုယ်တိုင် သမ္မတ ဖြစ်နိုင်ခြေ မရှိသော်လည်း ပါတီအနေဖြင့် သမ္မတလောင်း ရွေးချယ်မှုကို ပြည်သူများ လက်ခံနိုင်သည့် အစီအစဉ်တခု ပြုလုပ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီက သမ္မတလောင်း ရွေးချယ်မှုတွင် NLD နာယက ဦးတင်ဦးနှင့် ဗဟို အလုပ် အမှုဆောင် ဦးဝင်းထိန်တို့ နှစ်ဦးအနက် တဦးဖြစ်နိုင်ကြောင်း ယင်းပါတီ၏ လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။

“အဘ ဦးတင်ဦးက အသက် ၈၈ နှစ် ဆိုပေမယ့် ကျန်းမာရေးက အရမ်းကောင်းနေတယ်။ လုပ်နိုင်ကိုင်နိုင် ရှိသေးတယ်။ ဦးဝင်းထိန် ကျတော့ ၇၄ နှစ်ပဲ ရှိသေးပေမယ့် ကျန်းမာရေး သိပ်မကောင်းတော့ဘူး။ ဆိုတော့ ကျနော် အဲဒီလောက် ပြောရင် သဘောပေါက်တော့ပေါ့” ဟု ယင်းလွှတ်တော် ကိုယ်စားလှယ်က ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့ဖူးသူ ဦးဇော်သက်ထွေးကလည်း NLD ပါတီထဲတွင် ကာကွယ်ရေး အမြင်၊ စစ်ရေးအမြင်ရှိပြီး နိုင်ငံရေး အတွေ့အကြုံများစွာရှိသူ သူရဦးတင်ဦး ရှိကြောင်း ပြောဆိုသည်။

ဦးဇော်သက်ထွေးက “သမ္မတလောင်းက ပါတီတွင်းကပဲ ဖြစ်မယ်ဆိုရင် အစဉ်အလာလည်းရှိ နာမည်လည်း ကြီးခဲ့တဲ့ သူရဦးတင်ဦးပဲ ရှိပါတယ်။ သူပဲ ဖြစ်နိုင်တယ်” ဟု ပြောသည်။

အနုပညာရှင် ဦးဇာဂနာ၏ ဖေစ်ဘုတ်စာမျက်နှာတွင် “ဦးဝင်းထိန်ကို သမ္မတ တင်မှာပေါ့လို့။ DSA Best Cadet ဗျာ၊ သူ့လောက် စာဖတ်နိုင်တဲ့ နိုင်ငံရေးသမား ရှားတယ်။ အဲသလို ပြောင်းစဉ်းစားကြည့်ရင် ပိုမလှဖူးလားဟင်” ဟု ဇွန်လ ၃၀ ရက်နေ့က ရေးသားထားကြောင်း တွေ့ရသည်။

လာမည့် ရွေးကောက်ပွဲအပေါ် လွတ်လပ်တရားမျှရှိရန် အပြည့်အ၀ မယုံကြည်သော်လည်း လက်ရှိ အခြေအနေတွင် ၎င်းအနေဖြင့် ကော့မှူးမြို့နယ်မှပင် ထပ်မံယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားကြောင်း၊ ယခုထက် ပိုမိုဆိုးဝါးသည့် အခြေအနေ တစုံတခု ပေါ်ပေါက်လာမှသာ ရွေးကောက်ပွဲဝင်ပြိုင်ရေးကို ပြန်သုံး သပ်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် မဟာမိတ် ပြုလုပ်ထားသည့် တိုင်းရင်းသားပါတီတချို့နှင့် ညှိနှိုင်ကား မဲဆန္ဒနယ်တချို့ ခွဲဝေမှု ပြုလုပ်သွားရန်ရှိပြီး ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုမည့် မဲဆန္ဒနယ် တချို့လည်း ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်သည့် အခြေခံ မဲဆန္ဒရှင်စာရင်းများ မှာယွင်းမှု ရှိနေသည့် အပေါ်တွင်လည်း NLD ပါတီ အနေဖြင့် မဲစာရင်းများ မှန်ကန်ရေးကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပြီး အချိန်မီ ပြင်ဆင်ခြင်း မပြုလုပ်နိုင်မည်ကို စိုးရိမ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Loading