သူတို့၏ နေရာဟောင်းနှင့် ကမ္ဘာတခုလောက် ဝေးကွာခဲ့ရ သော်လည်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုး နီးယား ပြည်နယ် ဆန်ဒီယေဂို (San Diego) မြို့က ကရင်လူငယ်များက သူတို့၏ ငယ်စဉ်ကလေးဘဝက ကြုံတွေ့ခဲ့ရသော ဆင်းရဲနွမ်းပါးမှုနှင့် ပင်ပန်းဆင်းရဲမှုများကို ထင်ထင်ရှားရှား မှတ်မိနေကြဆဲ ဖြစ်သည်။
ကုလသမဂ္ဂမှ ပြန်လည် နေရာချထားရေး အစီအစဉ် စတင်ခဲ့သည့် ၂၀ဝ၆ ခုနှစ်မှ စတင်၍ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းမှ ဆန်ဒီယေဂို မြို့တွင် နေထိုင်ခဲ့ကြသော မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၅၀ဝ ခန့်ရှိပြီး အများစုမှာ ကရင် တိုင်းရင်းသားများ ဖြစ်ကြသည်။ သူတို့သည် မြန်မာနိုင်ငံမှ ပြည်တွင်းစစ် ကြောင့် ထွက်ပြေးခဲ့ကြရပြီး ထိုင်းနိုင်ငံမှ ဒုက္ခသည် စခန်းများတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရသည်။ အများစုမှာ သူတို့ကို လက်ခံခဲ့သည့် အမေရိကန် နိုင်ငံတွင် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သော်လည်းမူရင်း ဒေသသို့ ပြန်သွားပြီး သူတို့၏ ကရင်သွေးချင်းများနှင့်အတူ ပိုမို ကောင်းမွန်သည့် ဘဝတခုကို တည်ဆောက် ရန် ဆန္ဒရှိနေကြသည်။
“ကျမ ကြီးပြင်းခဲ့ရတဲ့ နေရာကြောင့် ကျမ သူနာပြုဆရာမ တယောက် ဖြစ်ချင်လာတယ်” ဟု ဆန်ဒီယေဂို ကောလိပ်မှ လူမှုလုပ်ငန်းနှင့် သူနာပြု အတတ်ပညာ ကျောင်းသူ တယောက်ဖြစ်သည့် မမူအေးက ပြောသည်။
“နေမကောင်းတဲ့ သူတွေကို ကျမ ကူညီချင်တယ်။ ထိုင်းနိုင်ငံထဲက ဒုက္ခသည် စခန်းတွေကို သွားပြီးတော့ ဆေးဝါး ကုသဖို့ မတတ်နိုင်တဲ့သူတွေကို ပြုစုပေးချင်တယ်။ သူနာပြု အလုပ်က လူတွေကို ကူညီနိုင်တဲ့ အလုပ်လို့ ကျမ အမြဲတမ်း ယုံကြည်ထားတယ်” ဟု သူက ဆိုသည်။
မမူအေး ကလေးဘဝက ထိုင်းနိုင်ငံ မဲဆောက်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၉၀ ခန့် အကွာရှိ အုန်းဖန်မိုင် ဒုက္ခသည် စခန်းတွင် နေထိုင်ခဲ့ရပြီး ထိုစခန်းတွင် လူအများဆုံး အချိန်၌ လူ ၂၀ဝဝဝ နီးပါး ရှိနေတတ်သည်။ ဆေးဝါး ကုသနိုင်မှု မရှိသလို သန့်ရှင်းသော ရေလည်း မရရှိခဲ့သည့် အတွေ့အကြုံများကြောင့် သူနာပြုဆရာမ တယောက် ဖြစ်လာဖို့ သူရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“စခန်းမှာ ကျန်းမာရေး စောင့်ရှောက်မှုက အမေရိကန်မှာလို မကောင်းဘူး။ စခန်းမှာ ဆိုရင် ပေးစရာငွေ မရှိရင် ဆေးဝါး မကုသနိုင်ဘူး။ တီဘီ၊ ငှက်ဖျားနဲ့ ဝမ်းရောဂါလိုမျိုး ရောဂါတွေကို စနစ်တကျ ကြိုတင်ကာကွယ်မှု မလုပ်နိုင်တဲ့ အတွက် ကျမတို့ အများစုက ကျန်းမာရေး အရမ်းဆိုးဝါး လာခဲ့ကြတယ်” ဟု မမူအေးက ပြောသည်။
ကရင်ဒုက္ခသည်များ၊ အထူးသဖြင့် လူငယ်များ အတွက် အမေရိကန်နိုင်ငံတွင် တောက်ပသည့် အနာဂတ်များ ရှိနေ သည်။ ဒုက္ခသည် စခန်းများတွင် ရှိနေဆဲဖြစ်သော သို့မဟုတ် မြန်မာနိုင်ငံ အတွင်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေရသော သူတို့၏ မိသားစုများ အိပ်မက်ပင် မမက်နိုင်သည့် ပညာသင်ကြားခွင့်၊ တက္ကသိုလ် တက်ရောက်ခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှိနေကြသည်။
အများစုမှာ ငယ်ရွယ်စဉ် ကပင် အမေရိကန်နိုင်ငံသို့ ရောက်လာခဲ့ကြပြီး ကယ်လီဖိုးနီးယား လေသံဖြင့် စကားပြောကြ ၍ သူတို့ အတွက် အနာဂတ်ကောင်းများ ရှိနေသည်ကို သိထားကြသော်လည်း စည်းစည်းလုံးလုံးရှိသည့် San Diego မှ ကရင်အသိုင်းအဝိုင်းက သူတို့ကဲ့သို့ ကံကောင်းမှု မျိုးကို မခံစားရသူများ အကြောင်းကို အမြဲတမ်း တွေးတောနေခဲ့ ကြပါသည်။
မကြာသေးခင်ကမှ ဆန်ဒီယေဂိုရှိ ကရောဖို့ဒ် (Crawford) အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ ပြီး ကောလိပ်တွင် ဥပဒေဘွဲ့ယူရန် ပြင်ဆင်နေသည့် အယ်ဒီဂရေး (Eh De Gray) ကလည်း သူ၏ မိခင်နိုင်ငံသို့ ပြန်သွားပြီး ကရင် အသိုင်းအဝိုင်းကို ကူညီချင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော် အဲဒီကို ပြန်သွားချင်တယ်။ ကျောင်းတွေမှာ ကလေးတွေနဲ့ တွေ့ချင်တယ်။ ကျနော့်ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ပြန်ပြီး ဝေမျှပေး ချင်တယ်” ဟု သူက ဆိုသည်။
ပတ်ဝန်းကျင်သစ်တွင် ပျော်ဝင်ရန် ခက်ခဲသူများ
သူတို့၏ ကလေးငယ်များ အတွက်ကြောင့် အမေရိကန်နိုင်ငံသို့ လိုက်ပါလာကြသည့် သက်ကြီးရွယ်အို ဒုက္ခသည် အများစုကမူ အသားတကျ နေနိုင်ရေး အတွက် အခက်အခဲတွေ့ကြ ရသည်။ ဘာသာစကား အခက်အခဲ၊ ဓလေ့ထုံးစံ ကွာခြားမှုနှင့် ကျောင်းပညာ အခြေခံအားနည်းချက်များက အလုပ်အကိုင် ရရှိရေး အတွက် အတားအဆီးများ ဖြစ်နေပြီး ကျယ်ပြန့်သည့် အသိုင်းအဝိုင်းနှင့် ကင်းကွာစေခဲ့သည်။
“ကျမတို့က ကလေးတွေကို များများ မကူညီနိုင် ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့က တောမှာ မွေးတာ၊ ပညာလည်း မတတ်ဘူး။ ဒုက္ခသည် စခန်းမှာ တုန်းက ဆိုရင် ကားတစီးကို ထိရတာ ဘယ်လိုနေမလဲ ဆိုတာကို မှန်းကြည့်လို့တောင် မရခဲ့ဘူး။ ဒါ ပေမယ့် ကျမတို့ ကလေးတွေ အတွက် အခွင့်အရေးကောင်းတွေ ရဖို့ ဒီကို ပြောင်းရွှေ့လာခဲ့ပါတယ်” ဟု ၂၀၁၀ ခုနှစ်တွင် ဆန်ဒီယေဂိုသို့ ပြောင်းရွှေ့လာခဲ့သော ကလေး ၅ယောက်မိခင် Shae Paw က ပြောသည်။
အမေရိကန်သို့ ရောက်ရှိနေသည်မှာ ၅ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူနှင့် သူ၏ ခင်ပွန်းတို့ အတွက် အင်္ဂလိပ်လို ပြောရန်၊ ဖတ်ရန် အခက်အခဲ ရှိနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။ တခြားသော မိဘများကတော့ သူတို့သည် ဘာသာစကား အသစ် တခုကို သင်ကြားရန် အလွန်အသက်ကြီးနေပြီဟု ဆုံးဖြတ်ပြီး အင်္ဂလိပ်ဘာသာ သင်ကြားရန် အကြံကို စွန့်လွှတ်ခဲ့ကြသည်ဟု သိရသည်။
ဝါရှင်တန် ဒီစီမှ အမေရိကန် တက္ကသိုလ်ရှိ School of International Service မှ ပါမောက္ခတဦး ဖြစ်သည့် ဂါရီဝေဗာ (Gary Weaver) က ပြောင်း ရွှေ့အခြေချသူတို့၏ ပထမမျိုးဆက်မှာ အမေရိကန် ပညာရေးစနစ်ကြောင့် အခက်အခဲ နှင့် ရင်ဆိုင်ရလေ့ ရှိကြောင်းနှင့် ပုံမှန်အားဖြင့် အမေရိကန် ကျောင်းပညာရေးစနစ်က ပြောင်းရွှေ့အခြေချသူတို့၏ သား သမီးများနှင့် မြေးများမျိုးဆက်ရောက်မှ သက်ရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း ဧရာဝတီသို့ ပြောသည်။
“သူတို့တွေ ပညာတတ်တွေ ဖြစ်လာပြီးတော့ အမေရိကန် အသိုင်းအဝိုင်းမှာ ပါဝင်လာခဲ့တယ်။ သူတို့က အမေရိကန်လို ပြောတယ်။ အမေရိကန်လို တွေးတယ်။ တခါတလေ သူတို့နဲ့ မျိုးနွယ်တူ အသိုင်း အဝိုင်းထဲက မဟုတ်ဘဲ အမေရိကန်တွေနဲ့ လက်ထပ်ကြတယ်” ဟု သူက ဆိုသည်။
လမ်းကြောင်းမှန်ကို ပြသူများ
ဆန်ဒီယေဂိုရောက် ဒုက္ခသည် လူငယ်များ၏ ဘဝက အမြဲတမ်း လှပနေခြင်းတော့ မဟုတ်ပါ။ City Heights သို့မဟုတ် Heights neighborhood ဟု သိကြသည့် ဆန်ဒီယေဂို အရှေ့ပိုင်းမှ လူမျိုးစုံသည့် အသိုင်း အဝိုင်းကြားတွင် နေထိုင်ကြရသည့် ကရင်မိသားစုများသည် ဒုစရိုက်ဆန်သည့် ကိစ္စများနှင့် ကြုံတွေ့ကြ ရသည်။ ထိုနေရာတွင် လူသတ်မှု၊ မူးယစ်ဆေး သုံးစွဲခြင်း၊ လုယက်ခြင်းနှင့် လမ်းပေါ်မှ ရန်ပွဲများက ပုံမှန်လို ဖြစ်နေသည်။
ဆယ်ကျော်သက် ကရင်လူငယ်တချို့၏ ရန်ပွဲ များ၊ မူးယစ်ဆေး သုံးစွဲသည့် သတင်းများကြောင့် အသိုင်းအဝိုင်းကို ဦးဆောင်သူများက ရဲအရာရှိဟောင်း ကီဗင် လာချာပယ် (Kevin LaChapelle) ကို ချဉ်းကပ်၍ အကူအညီတောင်းခဲ့ကြ သည်။
“ကရင်လူငယ်တွေ အများအပြားက မူးယစ်ဆေး သုံးစွဲတာ၊ အရက်သောက်တာတွေ ရှိနေကြတဲ့ အတွက် သူတို့ စိုးရိမ်နေတယ် လို့ ကျနော့်ကို ပြောကြ ပါတယ်။ လူငယ်တွေကို ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ကျနော် နားလည်နိုင်ဖို့ အတွက် သူတို့ရဲ့ ယဉ် ကျေးမှု အကြောင်း ကျနော့်ကို ပြောပြချင်ခဲ့ကြတယ်” ဟု ကီဗင် လာချာပယ်က ဧရာဝတီသို့ ပြောသည်။
ကီဗင် လာချာပယ်သည် ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များ၏ ဆွဲဆောင်မှုနှင့် ရင်ဆိုင်နေရသော ဆန်ဒီယေဂိုမြို့မှ လူငယ်များကို အကောင်းဘက်သို့ ရောက်စေမည့် အကူအညီများ ပေးရန် ရည်ရွယ်ဖွဲ့စည်း ထားသည့် Power Mentor အဖွဲ့ကို တည်ထောင်သူဖြစ်သည်။ ဒုက္ခသည် ကရင်လူငယ် များအနေဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်မှ မကောင်းသော လွှမ်းမိုးမှုများကို ခုခံတွန်းလှန် နိုင်စေရန်နှင့် သူတို့၏ ရည်ရွယ်ချက်များ အတိုင်း အောင်အောင် မြင်မြင် လုပ်ဆောင် သွားနိုင်ရေး အတွက် ထိန်းကျောင်း ပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် ကီဗင်လာချာပယ်က Karen Leadership Academy ကို မကြာသေးမီက တည်ထောင်ခဲ့သည်။
“သူတို့ထဲမှာ သူနာပြု ဖြစ်ချင်ကြသူတွေ ရှိတယ်။ လေယာဉ်မှူး ဖြစ်ချင်တဲ့သူက ၂ ယောက် ရှိတယ်။ တယောက်က တော့ ရှေ့နေဖြစ်ချင်တယ် လို့ ကျနော့်ကို ပြောခဲ့ကြတယ်။ ကျနော့်မှာ လေယာဉ်မောင်း နည်းပြ လုပ်ခဲ့တဲ့ သူငယ်ချင်း တယောက် ရှိခဲ့တယ်။ Power Mentor ကလည်း ဒေသတွင်းက ဥပဒေ ကျောင်းတခုနဲ့ အဆက်အသွယ် ရှိတယ်။ ဒါကြောင့် ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာ ကျနော် သိခဲ့ရတယ်” ဟု ကီဗင်လာချာပယ်က ပြောသည်။
သူ၏ ကူညီစောင့်ရှောက်မှု အောက်မှ လူငယ် အများအပြားက တနေ့တွင် သူတို့၏ မွေးရပ်မြေသို့ ပြန်သွားရန် မျှော်လင့် နေကြ သလို ကီဗင်လာချာပယ် ကလည်း မြန်မာနိုင်ငံသို့ ပြန်ပြီး သူတို့၏ အသိုင်းအဝိုင်းကို တိုးတက်အောင် ဆောင်ရွက်ချင်ကြသည့် လူငယ်များ၏ ဆန္ဒကို လေးလေးနက်နက် ထောက်ခံခဲ့သည်။
“ကျနော်တို့ ဆန္ဒက သူတို့တွေ ဖြစ်ချင်တဲ့ အိပ်မက်တွေ အတိုင်း ပြီးမြောက်အောင် အကူအညီ ပေးဖို့ပဲ ဆိုတာ ကရင်လူငယ်တွေကို ကျနော်အမြဲတမ်း ပြောခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကို တခြားသူ တွေရဲ့ လွှမ်းမိုးမှု မပါဘဲ ဆုံးဖြတ် စေချင်ပါတယ်။ သူတို့ သူနာပြုကျောင်းက ဆင်းတဲ့အခါ ကျန်းမာရေး အကူအညီတွေ ပေးဖို့ ကရင် ပြည်နယ် ကို ပြန်ချင်ကြတယ် ဆိုတာကို ကျနော်တို့ ယုံကြည်ပါတယ်။ သူတို့ အရမ်းဆန္ဒရှိခဲ့ရင် တနေ့မှာ ကရင်ပြည်နယ်မှာ ဆေးခန်းတခု ဖွင့်နိုင်ဖို့ ကျန်းမာရေး စောင့်ရှောက်မှု ပိုင်းမှာ အလုပ်လုပ်တဲ့ ကျနော့်ရဲ့ မိတ်ဆွေတွေနဲ့ ကျနော်က အကူအညီ ပေးခဲ့ပါတယ်။ ကျနော်တို့ အခု လုပ်နေတာ အဲဒါတွေ ပါပဲ” ဟု ကီဗင်လာချာပယ်က ပြောသည်။
(ဇွန်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော စောရန်နိုင်၏ In Struggle and Success, California’s Karen Refugees Remember Their Roots ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)