စစ်တပ်တပ်ရင်းများစွာ အခြေစိုက်မြို့တော်တခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လက်ရှိထုတ်ပြန် လိုက်သော အခြေခံ မဲစာရင်းသည် ၂၀၁၂ ခုနှစ်ရွှေးကောက်ပွဲ မဲစာရင်းထက် လူဦးရေ ၅၀၀၀၀ ခန့် တိုးလာကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်ရှိ မဲပေးနိုင်သူ ဦးရေ ၂၀၇၄၀၀ ခန့်ရှိခဲ့ရာ လက်ရှိထုတ်ပြန်ထားသည့် မဲစာရင်းမှာမူ တပ်မတော်သားမဲဆန္ဒရှင်စာရင်းမပါဝင်သေးဘဲ ၂၄၃ ၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုး ဦးတင်ကိုကိုက ပြောသည်။
“တပ်မဲစာရင်း မပေါင်းရသေးတာကို ငါးသောင်းလောက်တက်နေတော့ နည်းနည်းများနေပြီ၊ လူဦးရေပေါက်ကွဲမှုဟာ လေးချိုး၊ တချိုးလောက် တက်လာတယ်ဆိုတော့ ၂၅ ရာခိုင်နှုန်းလောက် ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။
မိတ္ထီလာမြို့နယ်ရှိ တပ်မတော်သားမဲဆန္ဒရှင်ဦးရေမှာ ၂၀၁၂ ခုနှစ်က ၁၇၀၀၀ ခန့် ရှိခဲ့ရာ ယခုနှစ်တွင်လည်း ၁၇၀၀၀ မှ ၂၀၀၀၀ ကြား ရှိနိုင်မည်ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်မှန်းတွက်ချက် ထားသည်။
မန္တလေးတိုင်းတွင် မိတ္တီလာ အပါအဝင် မန္တလေးနန်းတွင်း၊ ပြင်ဦးလွင်မြို့နယ် တို့သည် စစ်တပ်ဧရိယာ အများဆုံး နယ်မြေများဖြစ်ပြီး ယခုကဲ့သို့ မဲစာရင်းသိသာစွာ တိုးလာခြင်းသည် စစ်ဆေးရန် လိုအပ်ပြီး မန္တလေးတိုင်းတွင် အခြေခံမဲစာရင်းကြေညာသည့် ကာလအတွင်း အမှားအယွင်းများစွာ ရှိနေကြောင်း အတွင်းရေးမှုး ဦးတင်ကိုကိုက ပြောသည်။