“ဒုတိယ ငါးနှစ် သမ္မတ အဖြစ်ဆောင်ရွက်ပေးပါ”၊ “သမ္မတကြီး ဆက်လက်ပြီး သမ္မတတာဝန်ထမ်းဆောင်ပေးပါ”၊ “Mr. President: We want You 2nd Term” … စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်ကို နောက်ထပ် သမ္မတသက်တမ်း ၅ နှစ် ထပ်မံတာဝန်ယူဖို့ ယခုလ ၁၂ ရက်က ကျောက်တန်းမြို့နယ် မှော်ဝန်းမြစ်ကူးတံတားဖွင့်ပွဲမှာ ပြည်သူတချို့ဆိုသူတွေက တောင်းဆိုကြတယ်လို့ ဖတ်ရှုလိုက်ရပါတယ်။
ဒီလို တောင်းဆိုမှုတွေဟာ ပြည်သူဆိုသူတချို့က မိမိသဘောနဲ့ မိမိတောင်းဆိုတာလား၊ သေချာစီစဉ်ပြီး တောင်းဆိုခိုင်းခံ ရသလားဆိုတော့ အသေချာမသိပေမယ့် သမ္မတ ဦးသိန်းစိန်ကို သမ္မတအဖြစ် ထပ်မံတာဝန်ယူဖို့ အဲဒီလိုမျိုး ဆိုင်းဘုတ်ကိုင် တောင်းဆိုတာတွေနဲ့ ဦးသိန်းစိန် ကိုယ်တိုင်ကလည်း ဒုတိယ သက်တမ်းကို ပြည်သူတွေ ထောက်ခံပါက အလေးအနက်ထား စဉ်းစားမယ်လို့ ပြောတာတွေကို မကြာခဏ တွေ့လာရပါတယ်။
ဒီလို တောင်းဆိုတာတွေ၊ ပြောကြားတာတွေကို မြင်ရတွေ့ရတော့ သက်ပြင်းလည်း အခါခါချမိသလို တောင်းဆိုတဲ့ သူတွေကိုလည်း သနားနေမိပါတယ်။ ဦးသိန်းစိန်ကို သမ္မတတာဝန် ဆက်လက်ယူစေချင်တာ၊ ဦးသိန်းစိန် ကိုယ်တိုင်က သမ္မတ ဆက်လုပ်ချင်တာတွေကို စာနာနားလည်ပေမယ့် ၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတ ရွေးချယ်တင်မြောက်ပုံကို အဲဒီတောင်းဆိုတဲ့ ပြည်သူတချို့ဆိုသူရော သမ္မတ ဦးသိန်းစိန်ပါ သေချာနားမလည် မသိရှိတာ ထင်ရှားနေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာပြည်သူပြည်သားတွေဟာ နိုင်ငံရဲ့အထွတ်အထိပ် သမ္မတကို တိုက်ရိုက် ရွေးချယ်ခွင့် မရကြပါဘူး။ ဆိုလိုတာက မိမိက သမ္မတဖြစ်စေချင်သူကို သမ္မတဖြစ်ပါစေလို့ တောင်းဆိုပြီး သမ္မတအဖြစ် တင်မြောက်လို့ မရတာပါ။ ပြောမယ့်သာ ပြောရတာပါ သမ္မတတင် မဟုတ်ပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အစိုးရအဖွဲ့ဦးဆောင်သူ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေလည်း ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြောက်ခွင့် လုံးဝမရှိပါဘူး။
မြန်မာနိုင်ငံရဲ့ သမ္မတကို ၂၀၀၈ အခြေခံဥပဒေအရ ဘယ်လို ရွေးချယ်တယ်ဆိုတာကို အရင် လေ့လာကြည့်ကြရအောင်ပါ။ သမ္မတရွေးချယ်ရေးနဲ့ ပတ်သတ်ပြီး အခြေခံဥပဒေ အခန်း ၃ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပုဒ်မ ၆၀ မှာ ပြဌာန်းသတ်မှတ်ထားပါတယ်။
သမ္မတကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ သမ္မတ ရွေးချယ်တင်မြောက်ရေးအဖွဲ့က ရွေးချယ် တင်မြောက်ကြရတာပဲ ဖြစ်ပါတယ်။ သမ္မတလောင်း (ဒုတိယသမ္မတ) ၃ ဦး အမည်စာရင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မျာ အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့က အသီးသီး ကနဦး ရွေးချယ်ရပါတယ်။ အဲဒီ ၃ ဦးဟာ လွှတ်တော် ကိုယ်စားလှယ်တွေထဲက ဖြစ်နိုင်သလို လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူတွေထဲကလည်း ဖြစ်နိုင်ပါတယ်။
အစုအဖွဲ့သုံးဖွဲ့က တင်သွင်းတဲ့ သမ္မတလောင်း ၃ ဦးကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း) အားလုံးပါဝင်တဲ့ သမ္မတ ရွေးချယ်တင်မြောက်ရေးအဖွဲ့က ဆန္ဒမဲပေးပြီး သမ္မတတဦးကို ရွေးချယ်ရပါတယ်။ ၃ ဦးထဲက မဲအများဆုံးရသူဟာ သမ္မတအဖြစ် တာဝန်ယူရမှာဖြစ်ပြီး ကျန် ၂ ဦးကတော့ ဒုတိယ သမ္မတတွေအဖြစ် တာဝန်ယူရတာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ထဲကနေ သမ္မတ၊ ဒုသမ္မတ ဖြစ်လာသူတွေကတော့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်က နုတ်ထွက်ရပါတယ်။
အထက်ကရှင်းပြတဲ့ သမ္မတ ရွေးချယ်ပုံကို ကြည့်ခြင်းအားဖြင့် သမ္မတလုပ်လိုသူဟာ ဘယ်လောက်ပဲ သမ္မတ လုပ်ချင်ပါတယ်ပြောပြော သမ္မတဖြစ်ဖို့အတွက် အစုအဖွဲ့ ၃ ဖွဲ့ထဲက တဖွဲ့ဖွဲ့ရဲ့ သမ္မတလောင်း အမည်စာရင်း အရင်ဦးဆုံး တင်သွင်းခံဖို့ လိုနေပါတယ်။ သမ္မတ ဘယ်သူဘယ်ဝါ လုပ်ပါလို့ တောင်းဆိုသူတွေ အနေနဲ့လည်း မိမိတောင်းဆိုတိုင်း ဆန္ဒရှိတိုင်း မိမိဖြစ်စေချင်သူ သမ္မတဖြစ်ခွင့် မရှိဘူးဆိုတာ အထင်အရှား တွေ့ရမှာပါ။
ဒါကြောင့် သမ္မတ ဦးသိန်းစိန်အနေနဲ့ နောက်ထပ် ၅ နှစ် သမ္မတ ဆက်လုပ်ချင်သေးတယ် ဆိုရင်တောင် အရင်ဦးဆုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒါမှမဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရဖို့လိုပါတယ်။ (၂၀၀၈ အခြေခံဥပဒေအရ သမ္မတလောင်းဟာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူထဲကနေ အမည်စာရင်း တင်သွင်း ရွေးချယ်ခံခွင့် ရှိတာမို့ ဦးသိန်းစိန် အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးမချယ်ခံဘဲ အစုအဖွဲ့တစုစုက အမည်စာရင်း တင်သွင်းခံခွင့် ရှိပါတယ်)။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရရင်တောင် အစုအဖွဲ့တစုစုက သမ္မတလောင်း အမည်စာရင်း အတင်သွင်းခံဖို့ လိုပါသေးတယ်။
ဘယ်လိုပဲဖြစ်ပါစေ မြန်မာနိုင်ငံရဲ့ သမ္မတဟာ အစုအဖွဲ့ ၃ စုက အမည်စာရင်း တင်သွင်းရွေးချယ်ခံရတောင် သမ္မတ ရွေးချယ်ရေးအဖွဲ့ရဲ့ ဆန္ဒမဲတွေနဲ့ ထပ်မံ ယှဉ်ပြိုင်အရွေးခံရဦးမှာ ဖြစ်ပါတယ်။ သမ္မတဖြစ်လာသူဟာ မိမိသမ္မတ ဖြစ်ချင်တယ်လို့ ဆန္ဒရှိနေရုံနဲ့ မရဘဲ သမ္မတဖြစ်လာဖို့ အဆင့်ဆင့် ဖြတ်သန်းရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သမ္မတ ဖြစ်လာသူဟာ ပြည်သူက တိုက်ရိုက်ရွေးချယ်တာ မဟုတ်ဘဲ လွှတ်တော်က ရွေးချယ်တယ်ဆိုတာ သိရမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ တုန်းကလို့ ပါတီတခုတည်းက အပြတ်အသတ် နိုင်ဖို့ မလွယ်ကူတော့ပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ကြေညာလိုက်ပါပြီ။ တိုင်းရင်းသား ပါတီတွေကလည်း ပြင်ဆင်နေကြပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှု အကြိတ်အနယ် ရှိလာပါလိမ့်မယ်။ ပါတီတွေ ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်သလို သမ္မတ ရွေးချယ်ရာမှာလည်း တပါတီထဲကနေ ရွေးချယ်မှုမျိုး မဟုတ်နိုင်တော့ဘဲ ပါတီစုံကနေ ရွေးချယ်လာနိုင်ပါတယ်။ ၂၀၁၀ တုန်းကလို ဘယ်သူက သမ္မတလုပ် ဘယ်သူက လွှတ်တော်ဥက္ကဋ္ဌ လုပ်ဆိုတဲ့ ကြိုတင်စီစဉ်ခဲ့ပုံစံမျိုး ၂၀၁၅ မှာ မဖြစ်နိုင်တော့ပါဘူး။
ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်မရတဲ့ သမ္မတကို ပြည်သူတချို့က သမ္မတ ဦးသိန်းစိန် သမ္မတ ထပ်လုပ်ပါ၊ ထောက်ခံပါတယ် ဆိုပြီး တောင်းဆိုနေကြတာ နည်းလမ်းလွဲနေပါတယ်။ အမှန်တကယ်က မိမိ သမ္မတဖြစ်စေချင်သူ သမ္မတဖြစ်ဖို့အတွက် တောင်းဆိုရမှာက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးပါ။ အခြေခံဥပဒေကိုက တိုင်းပြည်ကို ဦးဆောင်မယ့် သမ္မတကို ပြည်သူတွေ တိုက်ရိုက်ရွေးချယ်ခွင့် ပေးမထားလို့ပါ။ မိမိ သမ္မတဖြစ်စေချင်သူ သမ္မတဖြစ်ဖို့ “ဘယ်သူ သမ္မတ လုပ်ပါ” လို့ မတောင်းဆိုပါနဲ့ ။ မိမိတို့ဆန္ဒနဲ့ သမ္မတ ရွေးချယ်ခွင့် ပေးမထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ဖို့ အရင်ဦးဆုံး တောင်းဆိုပါလို့ တိုက်တွန်းရပါတယ်။ ဒါမှသာ ပြည်သူက တိုက်ရိုက် ရွေးချယ်ခွင့်ရတဲ့ ပြည်သူကဆန္ဒရှိတဲ့သူ သမ္မတ ဖြစ်လာမှာဖြစ်ပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)