ကရင်ပြည်နယ်၊ မြဝတီနှင့်ကော့ကရိတ်မြို့ကို ဆက်သွားထားသော အာရှလမ်းမကြီးပေါ်တွင် DKBA နှင့် အစိုးရစစ်တပ်တို့ ဇူလိုင်လ ၂ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများကြောင့် ရက်အတော်ကြာ အာရှလမ်းမကြီးပိတ်ထား ခဲ့ရ သည်။ ဇူလိုင် ၉ ရက်နေ့တွင် အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တိုက်ပွဲများမှာမူ ကြိုကြားကြိုကြား ဆက် လက် ဖြစ်ပွားနေဆဲဖြစ်သည်။ အာရှလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ ကရင်ပြည်နယ် အမှတ် ၄ နယ်ခြား စောင့် တပ်မှ ဗိုလ်မှူးနိုင်မောင်ဇော်ကို ဧရာဝတီသတင်းထောက် မင်းခန့်ပိုင်က ဇူလိုင်လ ၈ ရက်နေ့ တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။
မေး။ ။ အခု DKBA ကို တပ်နဲ့ နယ်ခြားစောင့်တပ်ကဖိအားပေး တိုက်နေတယ်ဆိုပြီး ပြောဆိုချက်တွေအပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ ကျနော့်အမြင်ပြောရရင် စစ်ပွဲ ဘယ်က စလဲဆိုတာကိုသိဖို့လိုတယ်။ ဒီအာဆီယံလမ်းမကြီးရဲ့သဘောကနိုင်ငံ တကာနဲ့လည်းသက်ဆိုင်နေတယ်။ ဒီအပေါ်မှာ ငွေကြေးကောက်ခံမှု ကြမ်းလာတယ်။ နိုင်ငံခြားသားတွေ ဝင်ထွက်သွား လာနေ တော့ကိုယ့် နိုင်ငံအတွက် ဂုဏ်သိက္ခာကျတယ်။ နိုင်ငံတော်နဲ့တပ်မတော်ဘက်က အကြိမ်ကြိမ် ညှိနှိုင်းမှု လုပ် တယ်။ တပ်မတော် ဘက်ကလည်းနိုင်ငံတော် အကြီးအကဲလာမှာမို့ လမ်းကင်းယူရမယ်လို့ညှိနှိုင်းခဲ့တယ်။ ပထမပိုင်း ဆက် ဆံ ရေး ရုံး တာဝန်ခံတွေနဲ့ညှိနှိုင်းတော့အဆင်ပြေတယ်။ ပြေလည်တဲ့ အခါကျတော့ လမ်းကင်းအတွက် တပ်မတော် ဘက် က စစ် ကြောင်း တခု တက်လာတယ်။ အဲဒါကိုကောင်းကောင်းမွန်မွန် မဖယ်ပေးဘဲတက်လာရင် ပစ်မယ်ဆိုတဲ့ အခါ ကျတော့ စိန်ခေါ်မှု တရပ်လိုဖြစ်သွားတယ်။ အဲဒီကနေ စပြီး“နားမကြား”အဖွဲ့ကစနိုက်ပါနဲ့စပစ်တယ်။ အဲဒီကနေ စပြီး စစ်ပွဲက စနိုက်ပါ သေနတ်တချက်ပစ်ပြီး တိုက်ပွဲစသလိုဖြစ်ခဲ့တယ်။
ကျနော်တို့ ဘက်ကတော့ ဒီ စစ်မီးမကူးစေချင်ပါဘူး။ သူ့နေရာမှာသူ နေစေချင်တယ်။ ဆုံဆည်းမြိုင်ကသူတွေလည်း သူ့နေရာ မှာ သူ့တပ်နဲ့အေး အေးချမ်းချမ်းနေ နေတယ်။ အခုဒီမှာဖြစ်နေတာကိုလည်းအကောင်းဆုံးအ ဖြေရှာဖို့ စဉ်းစား နေတယ်။ စစ်မီးထပ်ကူးနေရင် ဘာမှမထူးဘူး။ ပြည်သူပဲ စိတ်ဒုက္ခရောက်ရမယ်။ ဘာမှလည်း အကျိုးမရှိဘူး။
မေး။ ။ DKBA က သမ္မတလာခဲ့ရင် ဒီလမ်းကြောင်းပေါ်သူတို့ အနေနဲ့လည်း လုံခြုံရေး ယူပေး လို့ ရပါတယ် လို့ ပြောဆိုမှု အပေါ်မှာ တပ်ဘက်ကဘာကြောင့်ခွင့်မပြုတာလဲ။
ဖြေ။ ။ အဲဒါကတော့ သူ့အပြောပေါ့။ တလောကမြဝတီမြို့ရွှေတိဂုံပုံတူ ဌာပနာပိတ်ပွဲမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်သံဃနာယကအဖွဲ့တွေကို ၂ နာရီနီးပါး တားဆီးထားတာကရော။ ဒါဆိုစဉ်းစားစရာ ပေါ့။
မေး။ ။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်တာတွေရှိနေတယ်။ အဲဒီအပေါ်မှာဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ သူတို့(DKBA) အနေနဲ့ဘာကောင်းကျိုးတွေရသလဲပေါ့။ပြည်သူတွေ သောကများတယ်။ မျိုးဆက်သစ် ရဲဘော် တွေ အသက်သောကရတယ်။ ရှင်းရှင်းပြောရရင်အတ္တတွေကြောင့်မလိုအပ်ဘဲအသက်တွေစတေးနေ ကြရတယ်။ နိုင်ငံတော်ကတော့ အချုပ်အခြာအာဏာနဲ့ပတ်သက်လာရင် လုပ်စရာရှိတာလုပ်မယ်။ ကျနော်တို့ နယ်ခြားစောင့် တပ်က လည်း ညီနောင် တပ်ဖွဲ့တွေကို ထိခိုက်စေချင်တဲ့ ဆန္ဒ အမုန်းတရားမပါပါဘူး။ ပြည်သူတွေ သွားလာနေတဲ့ လမ်းပေါ်က မတရားမှု ကိုဖယ်ရှာပေးတာပါပဲ။