ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဦးဆောင်မှုနှင့် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက်(Developer) အဆိုပြုတင်ဒါ လျှောက်လွှာများကို စတင်ခေါ်ယူကြောင်း ယနေ့နိုင်ငံပိုင် သတင်းစာများတွင် အသိပေး ကြေညာထားသည်။
အဆိုပြုတင်ဒါတွင် တင်ဒါ အာမခံ စပေါ်ငွေ ကျပ် ၅ ဘီလီယံ ပေးသွင်းထားသည့် ချလန်မူရင်းကိုပါ ပူးတွဲတင်ပြရမည်ဟုလည်း ပါရှိသည်။
စီမံကိန်း တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်ပြီး ကြည့်မြင့်တိုင် မဲဆန္ဒနယ် ၁ မှ ဒေါ်ကြည်ကြည်မာက “ယခင်ကတော့ ဒီစီမံကိန်းက မြန်မာ့ စေတနာ ကုမ္ပဏီတခုတည်းပေါ့၊ အခုကတော့ တခုတည်း မဟုတ်ဘဲ ယှဉ်ပြိုင်ချင်သလောက် ယှဉ်ပြိုင်ပေါ့၊ ကျမတို့လည်း ဒါကိုပဲ တောင်းဆိုနေတာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်၊ ဒီစီမံကိန်းကတော့ လုပ်သင့်တဲ့ စီမံကိန်းတခုပါ၊ နောင်မျိုးဆက်တွေအတွက်ပေါ့”ဟု ပြောသည်။
အဆိုပါစီမံကိန်းအတွက် နိုင်ငံသား တည်ဆောက်မည့် (Developer)ကို ရွေးချယ်ရာတွင် ကုမ္ပဏီပိုင်ဆိုင်ရာ အချက်အလက် များ၊ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအစီအစဉ်၊ နည်းပညာအကူအညီ ရယူဆောင်ရွက်မည့် အစီအစဉ်၊ စီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ် (လုပ်ငန်း/ကာလ)၊ ပြည်သူလူထုအတွက် လူမှုစီးပွားဆိုင်ရာ ဆောင်ရွက်ပေးမည့် အစီအစဉ် နှင့် အထူး ဖော်ပြလိုသည့် အချက်များကို အစိုးရအဖွဲ့သို့ အဆိုပြုတင်ပြသွားရမည်ဟု ဖော်ပြထားသည်။
ယင်း အဆိုပြုတင်ဒါလျှောက်လွာ တစုံလျှင် ကျပ် ၅၀၀၀၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇူလိုင် ၂၁ ရက် နောက် ဆုံး ထားပြီး ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်းလည်း ပါရှိသည်။
အဆိုပြု တင်ဒါလျှောက်လွှာများ ပမဏာမ ဖွင့်ဖောက်စိစစ်ခြင်းကိုလည်း လာမည့် သြဂုတ်လ ၁၈ ရက်၌ အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပြုလျှောက်လွှာများကို ချိပ်ပိတ်စာအိတ်ဖြင့် တင်ဒါခေါ်ယူရေး လုပ်ငန်းကော်မတီ ရှေ့မှောက်တွင် တင်သွား၍ မှတ်ပုံတင်သွားမည်ဟု သိရသည်။
ပွင့်လင်းမြင်သာမှုမရှိဟူသော ဝေဖန်မှုများကြောင့် သမ္မတဦးသိန်းစိန် အမိန့်နှင့် ရပ်ဆိုင်းခံထားရသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ပြန် လည် လုပ်ဆောင်နိုင်ရန် ပြီးခဲ့သည့် ဇွန် ၁၆ ရက်က ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် တင်သွင်းခဲ့သည့် အဆိုကို ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒဿမ ပုံမှန် အစည်းအဝေး(ပဉ္စမနေ့)တွင် ဆွေးနွေးပြီး လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲခွဲရာ မဲအပြတ်အသတ်ဖြင့် အနိုင်ရပြီး စီမံကိန်းလုပ်ဆောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လျာထားသည့် ရန်ကုန်မြို့သစ်မြေနေရာသည် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တင် သွင်း သည့် မြေဧရိယာဧက တသိန်းကျော် (၁၁၈၇၃၂ ဧက) ၌ အကောင်အထည်ဖော်မည့် “ရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း” တွင် ဦးစားပေး အဆင့် (၂) အနေဖြင့် ပါဝင်နေသည့် စီမံကိန်းတခုလည်း ဖြစ်ပြီး ဦးစားပေးအနေနှင့် ပြောင်းလဲ အကောင် အထည်ဖော်ရန် လွှတ်တော်သို့ ထပ်မံတင်သွင်းခဲ့သည့် စီမံကိန်းတခုလည်း ဖြစ်သည်။
ယခင်က ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာတွင် ရန်ကုန်မြို့သစ် စီမံကိန်း အမည်တပ်ပြီး တရုတ် လုပ် ငန်းရှင် ရှောက်ပန်းနှင့် ရှောက်စန်းတို့ ၂ ဦး ပိုင်ဆိုင်သည့် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့သဖြင့် ကန့်ကွက် ဝေဖန် မှုများ ထွက်ပေါ်ခဲ့ပြီးနောက် စီမံကိန်းအား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခံခဲ့ရခြင်း ဖြစ်သည်။
ယင်းစီမံကိန်းကို မြို့သစ်တိုးချဲ့သည့် အနေဖြင့် လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြား မြေနေရာများကို လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ဒါခေါ်ယူရေးအဖွဲ့မှ သိရသည်။