ဇူလိုင် ၁၂ ရက်က ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ဝဲကြီးနဲ့ပန်းချောင်း ကျေးရွာကိုဖြတ်ပြီး တည်ဆောက်ထားတဲ့ မှော်ဝန်း တံတားဖွင့်ပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို ဒေသခံတွေက နောက်သမ္မတ သက်တမ်း ဆက်လက် အရွေးခံဖို့ သမ္မတ ဆက်လုပ် ဖို့ ထောက်ခံတဲ့အကြောင်း ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။ ဒီလို ကြိုဆိုမှုအပေါ်မှာ ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့ပြီး ဦးသိန်းစိန်အနေနဲ့ နောက်သက်တမ်း ထပ်အရွေးခံနိုင်ဖို့ တမင်စီစဉ်ထားတယ် ဆိုတဲ့ အသံမျိုးတွေလည်း ကြားသိ ရပါတယ်။ အခုလို ဦးသိန်းစိန်ကို ဒေသခံတွေရဲ့ ထောက်ခံကြိုဆိုမှုတွေနဲ့ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထွန်းထွန်းက နိုင်ငံ ရေး အသိုင်းအဝိုင်း က ပုဂ္ဂိုလ်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးအေးသာအောင်
ရခိုင် အမျိုးသားပါတီ၊ နာယက
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို နောက်ထပ် ဒုတိယသက်တမ်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ပြည်သူလူထုက တောင်း ဆို ဆန္ဒထုတ်ဖော်တာက တောင်းဆိုခွင့်ရှိပါတယ်။ အခုချိန်မှာက အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကလည်း သမ္မတလောင်း အတွက် တိကျတဲ့ထုတ်ဖော် ပြောဆိုမှုမရှိသေးသလို အတိုက်အခံဖြစ်တဲ့ NLDဘက်ကလည်း သမ္မတလောင်း ဘယ်သူဖြစ်မယ် ဆို တာ မသိနိုင်သေးဘူး။ ဒီအချိန်မှာ သမ္မတ ဦးသိန်းစိန် ကို နောက်ထပ် တာဝန်ထမ်းဆောင်ဖို့ တောင်းဆိုတာက နိုင်ငံရေးလှုပ်ရှားမှုတခုလည်း ဖြစ်နိုင်တာပါပဲ။ ကျနော့်အနေနဲ့တော့ နိုင်ငံရေးလှုပ်ရှားတဲ့နေရာမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ၄ နှစ်ကျော် သက်တမ်းအတွင်း မှာ ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက်အထိ လုပ်ဆောင်ပြီးပြီလည်း ကြည့်ရပါမယ်။ သူ့အနေနဲ့ငြိမ်းချမ်းရေးမှာလည်း ပြီးပြတ် အောင် လုပ်ဆောင်တာ မရှိသေးသလို သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာလည်း မရှိသေးဘူးလို့ မြင်ပါတယ်။
ဦးစိုင်းညွန့်လွင်
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးသိန်းစိန်ကို နောက်ထပ် သမ္မတသက်တမ်း ထပ်ပြီး တာဝန်ထမ်းဆောင်ဖို့ ဆန္ဒထုတ်ဖော်တယ်ဆိုတာက သိပ်ပြီးထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရင့်သန်လာတဲ့အခါကျရင် ဒီလိုမျိုးတွေက ဖြစ်နိုင်ပါတယ်။ သမ္မတဦးသိန်းစိန် အနေနဲ့ သူ့ရဲ့သက် တမ်း တလျှောက်မှာ လုပ်တာတွေက ပြီးမလို ပြီးမလိုနဲ့ ဘားမှမပြီးပြတ်သွားဘူး။ ဒါတွေအတွက် သူ့အနေနဲ့ဆက်ပြီး လုပ်ကိုင် ဆောင် ရွက်သွားဖို့ ရည်ရွယ်ချက်လည်းရှိမှာပါ။ အဲ့ဒီအတွက် ဒါဟာ နိုင်ငံရေးကြိုးပမ်းမှု တရပ်လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ သူ့အနေ နဲ့ လာမယ့်ရွေးကောက်ပွဲကို ဝင်မဝင်ဆိုတာက သူ့ကိုကန့်ကွက်သည်ဖြစ်စေ၊ ထောက်ခံသည်ဖြစ်စေ သူဝင်ပြိုင်ချင်ရင်တော့ ဝင်မှာပါပဲ။ အခု ဆန္ဒထုတ်ဖော်ပွဲဟာ ကြိုတင် ဆောင်ရွက်ထားတဲ့ လုပ်ရပ်တခုလို့ ပြောနေကြတာကလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ အခု အစိုးရက သူတို့ပဲလေ။
မမေစပယ်ဖြူ
ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်
သမ္မတဦးသိန်းစိန်ကို ဒုတိယ သမ္မတသက်တမ်း ဆက်ပြီးတာဝန်ထမ်းဆောင်ဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုတာနဲ့ပတ်သက်လို့ ဘာမှပြောစရာမရှိပါဘူး။ သမ္မတဦးသိန်းစိန်အနေနဲ့ သူ့ရဲ့သမ္မတသက်တမ်း ၄ နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ရင် မလုပ်ခဲ့ဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ဦးသိန်းစိန်ရဲ့လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တို့ကို လုပ်ဆောင်ခဲ့ပေမယ့်၊ အားလုံးဟာ လုပ်သယောင်ယောင်ရှိပေမယ့် ရလဒ်အနေဖြင့် တိတိကျကျပြောစရာ မရှိပါဘူး။
ဦးစိုင်းသန်းနိုင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
သမ္မတကြီးဦးသိန်းစိန်က အရင်ကလည်း ကျနော်တို့ပါတီရဲ့ ခေါင်းဆောင်တယောက်ဖြစ်သလို ကျနော်တို့ယုံကြည်လေးစားရတဲ့ ခေါင်းဆောင် တယောက်ပဲဖြစ်ပါတယ်။ သူ့ကို ဒုတိယသမ္မတသက်တမ်း ထပ်ပြီးထမ်းဆောင်ဖို့ ကျောက်တန်းခရီးစဉ်မှာ ပြည်သူတွေဆန္ဒ ထုတ်ဖော်ဆောင်းဆိုတာက သူ့ကိုထောက်ခံလို့ လုပ်တာလို့ပဲ မြင်ပါတယ်။ ကျနော့်အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးတွေကို လုပ် ဆောင်နေတဲ့အခါမှာ အတိုင်းအတာတခုအထိ ရောက်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီလိုအခြေအနေမှာ သူသာ သမ္မတနေရာကနေ ဆက်လုပ်သွားရင် ဒီထက်ပိုပြီးကောင်းမွန်လာမယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အခြေခံကောင်းတွေကို သူအများကြီးလုပ် ဆောင်ထားတာပဲ။ အခုလို ဦးသိန်းစိန်အပေါ် သမ္မတထပ်လုပ်ဖို့ တောင်းဆိုတာတွေက လုပ်ရိုးလုပ်စဉ်တခုလို့ပဲ မြင်ပါတယ်။
ဦးစိုင်းသီဟကျော်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ကျနော့်အနေနဲ့ သမ္မတက ဘယ်သူပဲဖြစ်ဖြစ် ပြည်သူလူထုက ကြိုက်နှစ်သက်တဲ့သူပဲ ဖြစ်စေချင်ပါတယ်။ နောက်ပြီး မှန်မှန်ကန်ကန် နဲ့ ရွေးကောက်ပွဲကို မျှတမှုရှိရှိနဲ့ ကျင်ပပြီးမှ အနိုင်ရတဲ့သူကို ဖြစ်စေချင်ပါတယ်။ နောက် ကျနော်တို့က အပြောင်းအလဲတခုကို မျှော်လင့်တယ်။ ကျနော်တို့ဟာ စစ်အုပ်ချုပ်မှုအောက်မှာ အချိန်ကြာမြင့်စွာ နေခဲ့ရပြီးပြီ။ ဒီလိုအခြေအနေမှာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုတွေနိမ့်ကျနေရတာမှာ အမှားအယွင်း တခုခုရှိနေပြီ ဆိုတာတော့ သေချာနေပါပြီ။ ကျနော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေး အတွက် အရပ်သားစစ်စစ် အစိုးရတရပ်ကို ဖြစ်စေချင်ပါတယ်။