ကျောင်းဆရာအလုပ်သည် သိမ်ငယ်နေပြီလား

မောင်လွင်ပြင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင် တချိန်တခါက “ဘိုင်အိုမင်းသစ်” ဟု နာမည်ကြီးခဲ့သော ကျူရှင်ဆရာကြီး ဦးမင်းသစ်သည် သူကျင် လည်ခဲ့ရသော ကျောင်းဆရာဘဝနှင့် ကျူရှင်ဆရာဘဝများကို အခြေခံပြီး လက်ရှိ မြန်မာ့ပညာရေး လောက ဖောက်ပြန် ယိုယွင်း ပျက်စီးနေပုံများကို “ပညာရေး ပညာရေး ရှက်ဖွယ် ရှက်ဖွယ်” ဟူသော ခေါင်းစီးတပ်ကာ စာအုပ်တအုပ် ရေးသား ထုတ်ဝေခဲ့သည်။

မြန်မာ့ပညာရေး စနစ် နိမ့်ဆင်းသွားပုံကို ချက်ကျလက်ကျ ထောက်ပြနိုင်ခဲ့သဖြင့် ထိုစာအုပ် ပေါက် သွားခဲ့သည်။ ၎င်းသက်ကြား အိုဆရာကြီး ထောက်ပြပုံ ခိုင်းနှိုင်းသည့်အတိုင်း လက်ရှိ မြန်မာ့ပညာ ရေးစနစ်သည် ရှက်ဖွယ်လိလိ များဖြင့် စခန်းသွားနေဆဲ ဖြစ်သည်။ ယင်းသို့ ရှက်ဖွယ်လိလိ စခန်းသွားနေဆဲ ဖြစ်သည်ကို ယခု ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာအဆင့်၌ ဆရာလိုအပ်ချက် ရှိနေသည် ဆိုသည့် အဖြစ်က သက်သေ ထင်ရှားပြနေ ပါသည်။

မြန်မာ့ပညာရေး စနစ်ကို အဆင့်မြှင့်တင်ရန် ဘက်ပေါင်းစုံက ဘက်စုံလွှမ်းခြုံနိုင်ရေး ပြုပြင်ပြောင်းလဲရေး ညှိနှိုင်း ဆွေးနွေးပွဲများ ထည်လဲ ပြုလုပ် ခဲ့ကြပါသော်လည်း နောက်ကြောင်းကို ပြန်လှည့်ကြည့်သော အခါ စာသင်ပေးရမည့် ဆရာ၊ ဆရာမ ဦးရေ လုံလောက်အောင် မရှိသေးသည့်  ပြဿနာမှာ လွန်စွာ ရှက်ဖွယ် ကောင်းနေသည်။ ပြဿနာ၏ ရင်းမြစ်ကို ဦးစွာ မစဉ်းစား မရှာဖွေဘဲ ပြည်တွင်း၌ အမေ ကျော်ထွေးတော်လွမ်းပြသည့် ကိစ္စကို ရေးကြီးခွင်ကျယ် လုပ်ခဲ့ကြသော အခါ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးသည် အနာတခြား ဆေး တခြား ဖြစ်သွားခဲ့ရပြီဟု သုံးသပ်ချင်သည်။

ယင်းကို ပညာရှိ သတိဖြစ်ခဲဟု မသတ်မှတ်နိုင်ပါ။ အတ္တကြီး သူတို့၏ အရှက်ရပွဲဟုသာ မြင်ပါသည်။ ပညာရေး စနစ် မြှင့်တင်ချင်၍ ပြုပြင်ပြောင်းလဲရေး လုပ်ကြတော့ မည်ဆိုလျှင် အခြေခံအကျဆုံးသော ကျောင်းသားနှင့် ဆရာ အချိုး ညီမျှမှု ရှိပါ၏လားကို အရင်စဉ်းစားရမည် ဟု ပညာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆိုခဲ့ပြီး ဖြစ်သည်။ ယခုတော့ ကျောင်းသားနှင့် ဆရာ အချိုး မညီမျှရုံမက ကျောင်းသားရှိ ဆရာမရှိဟူသော စာသင်ခန်းများ မြန်မာပြည် တနံတလျား မြောက်မြား စွာရှိနေသည်။ ဤလိုပုံဖြင့် မည်သည့်ပညာရေး စနစ်ကို မည်သို့မျှ မြှင့်တင်၍ မရနိုင်ပါချေ။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာ ကဏ္ဍ၌ ဆရာလိုအပ်ချက်သည် နိုင်ငံအဝန်းရှိ ဦးရေ လေးသောင်း နီးပါးရှိနေသည် ဟု သိရသည်။ ယင်းလို အပ်ချက်ကို ပညာသင်နှစ်အစ ယခုနှစ် ဇွန်လတွင်  ဖြည့်ဆည်းပေးနိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟုသတင်းတရပ်က ဖော်ပြ၏။

၂၀၁၅ ဇွန် ၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၌ ယခု ပညာသင်နှစ်တွင် တနိုင်ငံလုံး ဆရာ လိုအပ်ချက် ပြည့်မီရေး ဆောင်ရွက်သွားမည့် ညှိနှိုင်းဆွေးနွေးပွဲ တရပ် ကျင်းပခဲ့သည်။ ယခု ပညာသင်နှစ်တွင် တနိုင်ငံလုံး အတိုင်းအတာ အရ မူလတန်းပြဆရာ အရေအတွက် ၂၄၃၅၉ ဦး၊ အလယ်တန်းပြ ဆရာအရေ အတွက် ၆၆၁၃ ဦးနှင့် အထက်တန်းပြ ဆရာအရေ အတွက် ၅၄၃၁ ဦးတို့ လိုအပ်လျက်ရှိပြီး ယင်လိုအပ်ချက်များကို ဖြည့်ဆည်း ခန့်ထားရေး အတွက် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အခြေခံပညာ ကျောင်းများကတော့ ဖွင့်နေချေပြီ။ ဆရာလိုအပ် ချက်ရှိသော ကျောင်းများသို့ ဖြည့် ဆည်းပေးနိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြပြီ။ အချိန်နှင့်တပြေးညီ ဖြစ်မလာသည် ကိုတော့ ခွင့်လွှတ် ပါရန်တောင်းပန်ပါသည်ဟူသော အပြောမျိုး ကျောင်းသားမိဘများအား ပြောကြားသင့်သည်။ သို့သော် တောင်းပန်မည့်သူ တယောက်မှ မရှိ၊ မရှိသည့် အပြင် ရင်နာစရာ စကား အသုံးအနှုန်းကိုပါ ကြားခဲ့ရ သည်။

“မူလတန်းပြ ဖြည့်ဆည်းခန့်ထားရေး မူများအား အသေးစိတ် ဆွေးနွေးခဲ့ကြပြီး မူလတန်းပြများအား ခေါ်ယူခန့်ထား ရာတွင် နေ့စား လ,ပေးများအား ခေါ်ယူခန့်အပ်သွားမည် ဖြစ်ကာ အရည်အသွေး ပြည့်မီသည့် ဆရာများ ဖြစ်စေရေး အတွက် လေ့ကျင့် ဆောင်ရွက်သွားမည်” ဟု ဆိုထားသည်ကို တွေ့ရသည်။ (Daily Eleven၄-၆-၂၀၁၅၊ စာ-၁၉)။

ပညာရေးကဏ္ဍတွင် တကယ့် အခြေခံအကျဆုံး၊ အုတ်မြစ် ခိုင်ခိုင် မာမာချရမည် အဖြစ်ဆုံးသော မူလတန်းပညာ ကဏ္ဍတွင် ခန့်အပ် မည့်ကျောင်းဆရာများကို နေ့စားလပေး ဝန်ထမ်းများ အဖြစ် ဖြည့်ဆည်း ခန့်အပ်မည် ဟု သုံးနှုန်း သောအခါ ဘယ်လောက် အောက်တန်းကျနေပါသနည်း။ ဘယ်လောက် ရှက်ဖွယ်လိလိ ဖြစ်နေပါသနည်း။ ခန့်အပ် ခံရ သော ဆရာ၊ ဆရာမတို့ အဖို့လည်း နေ့စားလပေးဆိုသော ကိစ္စကြီး သည် သူတို့ အတွက် အောင့်သက်သက် နိုင်လှ ပါသည်။

မြန်မာ့ပညာရေး မြှင့်တင်တင်ကြမည့် ပညာရှိ ပုဏ္ဏားတော်ကြီးများ အနေဖြင့် ဂုဏ်သိက္ခာရှိသော ကျောင်းဆရာ၊ ဆရာမများ မဖြစ်ခင် နာမ်နှိမ်သလို ဖြစ်မနေပေဘူးလား။ တဆိတ် စဉ်းစားကြစေချင်သည်။ အနာဂတ်မျိုးဆက်ကို ပြုစုပျိုးထောင် ပေးကြရမည့် ဆရာ၊ ဆရာမ လောင်းလျာများသည် နေ့စားလပေး လုပ်ခလစာဖြင့် အမှုထမ်းကြရ မည် ဆိုလျှင်မည်သူ နှလုံးဘဝင် ရွှင်ပါမည်နည်း။ ထို့ကြောင့် ပညာရေး မြှင့် တင်မည့် ပညာရေး အာဏာပိုင်များ၏ လုပ်ပေါက်သည် ဗေထိ ဆိုကတည်းက ကွဲနေပါသည်ဟု ပြည်သူတို့က ဆိုနေကြသည်။

အမှန် တကယ်တော့ အခြေခံပညာ ကျောင်းများတွင် ကျောင်းသားနှင့် ဆရာအချိုး ညီမျှမှု၊ ဆရာလိုအပ်ချက် ရှိနေမှုများသည် ယခုပညာသင်နှစ် ထိတိုင် အောင် ရှိနေရခြင်းသည် လူကြား၍ပင် မသင့်လျော်သော ကိစ္စ ဖြစ်နေ သည် ဟု ဆိုရမည်။ နှစ်စဉ်နှစ်တိုင်း ရရှိနေသော ပညာရေးဘတ်ဂျက် ငွေများသည် ကျောင်းဆောင်သစ် တိုးချဲ့ ဆောက်လုပ်ခြင်း၊ ဥပဓိရုပ်မ ကောင်းသော ကျောင်းများအား ဥပဓိရုပ်ကောင်းအောင် ပြုပြင် မွမ်းမံခြင်း၊ အခမဲ့ ပညာရေး စရိတ်စကများ အဖြစ်သုံးစွဲခြင်း စသည်ဖြင့် အများပြည်သူတို့ ထင်သာမြင်သာ ရှိအောင် လုပ်ပြခဲ့ခြင်းများဖြင့် တာဝန် ကျေပြီး သွားပါပြီဟု ဆိုလျှင်တော့ ဝိုင်းဝန်းပြစ်တင်ရပါမည်။ စာသင် ကျောင်းကြီး ဟည်းနေအောင် ဆောက်လုပ်ပြီး စာသင်ပေးမည့် ဆရာ မရှိလျှင် ထိုဆရာသည် အလုပ်ကြမ်းသမားတို့အား ပေးသည့် အတိုင်း နေ့စား လ,ရှင်း စနစ်ဖြင့် လုပ်ခလစာကို ပေးမည် ဆိုလျှင် ထိုအလုပ်တွင် မည်သူ မြဲမည်နည်း။

လက်ရှိ လုပ်ခလစာတွင် ယခုပညာသင်နှစ်က စပြီး အခြေခံပညာ အတန်းအားလုံး အခမဲ့ပညာရေး စနစ်ကို ကျင့်သုံးနေချေပြီ။ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှုန်း မြင့်မားလာရေး ကိန်းဂဏန်းကို လိုချင်ခြင်း ဖြစ်၏။ သို့သော် မည်သို့ပင် အခမဲ့ပညာရေးစနစ် ကျင့်သုံးပါစေ၊ ကျောင်းအပ်နှုန်း ကတော့ နိမ့်ကျ နေဦးမှာပင် ဟု ပညာရေးကဏ္ဍ စိတ်ဝင်စားကြသူများက သုံးသပ်နေသည်။ အကြောင်းမှာ အခမဲ့ပညာရေး စနစ်ဟူသည် ကျောင်းအပ်စဉ် တခဏလေး အတွင်းသာ အခမဲ့ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ တနှစ် ပတ်လုံး စာသင်ကြားရသည့် ၁၀ လစာ ကျူရှင်စရိတ်သည် အခ မမဲ့တော့ပါ။ မတတ်နိုင်လည်းပေး၊ တတ်နိုင်လည်း ပေးရသည် သာ။ ထို့ကြောင့် ယင်းကျူရှင်ဟူသော အပိုကုန်ကျစရိတ် မတတ်နိုင်ခြင်းကြောင့် စောစီးစွာ စာသင်ခန်းကို စွန့်ခွာနေ ကြရသည့် ကျောင်း သားနှုန်းထားလည်း မြင့်တက်နေသည်။

ထိုနည်းတူ  မဖြစ်စလောက် လစာကလေးဖြင့် ဝါသနာပါပင်ပါငြား အောင့်အည်း သည်းခံ၍ မတတ်နိုင်သည့် အဆုံး ကျောင်းဆရာဘဝကို အပြီး စွန့်လွှတ်လိုက်ကြသူ နှုန်းထားလည်း မြင့်တက်နေဆဲ ပင်။ ယင်းကိစ္စမှာ အောက်ခြေ ပညာရေး ကဏ္ဍတွင် အမှန်တကယ် ရှိနေသည်။ အပေါ်က ထိုင်ကြည့်နေရုံ ဖြင့်တော့ မြင်နိုင်ဖွယ်ရာ မရှိ။ ဒီကြားထဲ မျက်မှန်စိမ်း တပ်ထားလျှင် ပို၍ စိမ်းစိမ်းပုပ်ပုပ်ချည်းသာ မြင်နေရပါမည်။

ယခု နှစ်ပိုင်းများတွင် အခမဲ့ပညာရေးကို ဗန်းပြပြီး ကျောင်းအပ်နှုန်း မြင့်တက်အောင် ကြိုးစားနေသည့်ကြား အခြေခံ အတန်းပညာ မပြီးဆုံးခင် ကျောင်းထွက်နှုန်းများ နေခြင်းနှင့် ကျောင်းဆရာအလုပ်က နုတ်ထွက်နှုန်းများ နေခြင်းကို အသေအချာ လက်ခံပြီး ယင်းအရှိတရားအား ကွင်းဆင်းစစ်တမ်း ကောက်သင့်သည်။ သို့မှသာ ကျောင်းဆရာ အလုပ်က နုတ်ထွက်ခြင်းပြဿနာကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်နိုင်မှာ ဖြစ်သည်။ ဘာကြောင့် နုတ်ထွက်ရသနည်း။ လစာနည်းပါး လွန်း၍လား၊ ဂုဏ်သိက္ခာအရ လက်မထောင်ခွင့် နိမ့်ကျသွား၍လား၊ အများ အသိအမှတ်ပြုခံရမှု ကင်းမဲ့ သွား၍လား၊ သို့မဟုတ် မြန်မာပြည်တွင် ကျောင်းဆရာအလုပ်သည် သိမ်ငယ်စရာ အဖြစ် အဆင့်အတန်း နိမ့်ကျသွား၍လား စသည်ဖြင့် တည့်တိုး ဆန်းစစ်လေ့ လာသင့်သည်။

ယင်းသို့ အခြေအနေမှန်ကို အားမနာတမ်း စစ်ဆေးပြီးမှသာ ကျောင်းဆရာ လိုအပ်ချက် ဖြည့်ဆည်းရေး အစီအစဉ်များ ကို ကိုင်တွယ်လုပ် ဆောင်သင့်သည် ဟု မြင်မိသည်။ သို့မဟုတ်လျှင် သမင်မွေးရင်း၊ ကျားစားရင်း ကိန်း ဆိုက်နေပါ မည်။ မြန်မာပြည်တွင် ပညာရေး အဆင့်မြှင့်တင်ရေး သင်္ကြန်ယိမ်း ထွက်နေကြသော အာစရိယ ကြီးများအား ပူဇော်ပသမှုဖြင့် အကြံပြုလိုပါသည်။

ပညာရေးကဏ္ဍတွင် အဓိက မြေဆီမြေနှစ် မြေသားများ ဖြစ်သော ကျောင်းဆရာ၊ ဆရာမ များကို သက်မဲ့ထုတ်ကုန် ကိရိယာများ အဖြစ် မမြင်စေလိုပါ။ ထိုအမြင်များ ရှိနေသရွေ့ကာလ တလျှောက်လုံး နှစ်စဉ်နှစ်တိုင်း ဆရာလိုအပ်ချက် များ ရှိနေပါမည်။ အခြေခံပညာ တပိုင်းတန်းလန်းဖြင့် ကျောင်းထွက်နှုန်းလည်း မြင့်နေပါမည်။ တမျိုးသားလုံး၏ ပညာရေး ရေချိန်သည်လည်း ဆက်လက် နိမ့်ကျမြဲ နိမ့်ကျပြီး ဆင်းရဲမွဲတေမှုနှုန်း ပိုတိုးရေးကိုသာ ဦးတည်နေ ပါမည်။ ယင်းသို့ ဆရာလိုအပ်ချက် ပြဿနာ ကရွတ်ကင်းလျှောက် ပေါ်ပေါက် နေရခြင်း၏ အဓိကတရားခံမှာ မည်သူနည်း၊ မည်သည့် စနစ်နည်း၊ စဉ်းစားစရာ မလိုအောင် အဖြေက ဘွင်းဘွင်းကြီး ပေါ်ပြီး ဖြစ်သည်။   ။

(မောင်လွင်ပြင်သည် သတင်စာ၊ ဂျာနယ်များတွင် ဆောင်းပါးများပုံမှန် ရေးသားလျက်ရှိပြီး ရန်ကုန်မြို့တွင် နေထိုင်လျက် ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading