ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာရှိ မြို့ဟောင်းကျေးရွာအနီးတွင် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ယနေ့မနက် ၁၀ နာရီခွဲမှ စတင်က တပ်မတော်ဘက်က လက်နက်ကြီးများဖြင့် DKBA တပ်ဖွဲ့များကိုပစ်ခတ်ရာ မြို့ဟောင်း ကျေးရွာ အနီး ကျမှန်ပေါက်ကွဲမှုများရှိနေပြီး မွန်းတည့်ချိန်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း DKBA ကလိုထူးဘော အခြေချ ဗျူဟာမှ ဗိုလ်မှူး စောဆန်းအောင်က ဧရာဝတီကို ပြောသည်။
“တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ကျနော်တို့ဘက်ကို အဆက်မပြတ်ပစ်တယ်။ ရွာနားကို ကျနေတာတွေလည်းရှိတယ်” ဟု ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေသဖြင့် နှစ်ဘက်အကျအဆုံးနှင့် ကျေးရွာအတွင်းကို ထိခိုက်မှုရှိမရှိ မသိနိုင်သေးကြောင်း သူက ဆက်ပြောသည်။
တပ်မတော်နှင့် DKBA တို့သည် ယခုလ ၂ ရက်နေ့က စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ကလည်း အစိုးရနှင့် သဘောတူညီချက်ဖြင့် ဖွင့်လှစ်ထားသော ကော့ကရိတ်မြို့ DKBA ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စောသရဲနီနှင့် အဖွဲ့ဝင်တဦးကို အစိုးရဘက်က ဖမ်းဆီးလိုက်ကြောင်း ဗိုလ်မှူး စောဆန်းအောင် ကပြောသည်။