သမ္မတဦးသိန်းစိန်သည် ကျန်းမာရေးကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲ ဝင်မပြိုင်ဟု ဦးရွှေမန်း ထံသို့ စာရေးအကြောင်းကြားသည်ဆိုသော သတင်းများထွက်ပေါ်နေသော်လည်း သမ္မတဦးသိန်းစိန် အနေဖြင့် ရွေးကောက်ပွဲဝင်ရန်နှင့် သမ္မတအဖြစ် ဒုတိယသက်တမ်းထပ်မံ တာဝန်ထမ်းရန် မဆုံးဖြတ်ရသေးကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောဆိုသည်။
ဘီဘီစီသတင်းဌာန(မြန်မာပိုင်း) နှင့် Reuters သတင်းဌာန တို့က သမ္မတဦးသိန်းစိန်သည် ကျန်းမာရေးအခြေအနေကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ စာရေးအကြောင်းကြားကြောင်း၊ သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတ ဒုတိယသက်တမ်းအတွက် ထပ်မံ အရွေးချယ်မခံတော့သည့် သဘောသက်ရောက်ကြောင်း သတင်းရေးသားဖော်ပြခဲ့ကြသော်လည်း သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက သမ္မတဦးသိန်းစိန်သည် ရွေးကောက်ပွဲဝင်ရန်နှင့် သမ္မတ ဒုတိယသက်တမ်းအတွက် ဆုံး ဖြတ်ချက် မချရသေးဟု ပြောဆိုသည်။
“သမ္မတကြီး ဂျပန်ခရီးစဉ်မှာ ပြောတာ ရှင်းရှင်းလေးပါ။ ဒုတိယ သမ္မတ သက်တမ်းနဲ့ ပတ်သက်လို့ တိုင်းပြည် အခြေအနေ၊ ပြည်တွင်း နိုင်ငံရေး အခြေအနေနဲ့ ပြည်သူလူထုရဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရမယ်လို့ ပြောတယ်။ အခု လည်း အဲဒီအတိုင်းပဲ။ နောက်တချက်က နောက်သက်တမ်းတခု အရွေးခံရဖို့က နည်းလမ်းတွေ အများကြီးရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြောက်တာ မဟုတ်ဘူး။ တပ်မတော်က တယောက်၊ ပြည်သူလွှတ်တော်က တယောက်၊ အမျိုးသား လွှတ်တော်က တယောက် တင်ပေးရတာ” ဟု ဦးဇော်ဌေးက ဆိုသည်။
သမ္မတဦးသိန်းစိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲ မဝင်ဟု ဆိုသော်လည်း တသီးပုဂ္ဂလ အနေ ဖြင့် လည်းကောင်း၊ ရှိရင်းစွဲ နိုင်ငံရေး ပါတီတခုခုမှ လည်းကောင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ထံသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ရမည့် အချိန်များစွာ ကျန်ရှိနေဆဲဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတာ ကိုယ်တိုင်ထုတ်ပြောတာမျိုးပဲ ကောင်းတယ်။ USDP က ပြိုင်မယ်လို့ စာရင်း ပေးထားပေမယ့် ဒီမတိုင်ခင်မှာ ပြင်လို့ ရတယ်။ တသီးပုဂ္ဂလလည်း ပြိုင်လို့ရတယ်။ USDP လည်း မဟုတ်ဘူး။ တသီးပုဂ္ဂလ လည်း မဟုတ်ဘူးဆိုရင် ရှိပြီးသား ပါတီ တခုခုကနေ ပြိုင်လို့ ရတယ်။ စဉ်းစားလို့ ရတာတွေက အများကြီးပဲ။ ပြောရတာ တော့ ရှုပ်တာပေါ့ဗျာ။ အခြေအနေတွေက ရှုပ်ထွေးနေတော့ များများစားစားလည်း မပြောချင်ဘူး” ဟု ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုက သမ္မတဦးသိန်းစိန်သည် ပါတီသို့ ပြန်လာရန် မရှိတော့ဟု ထင်မြင်ကြောင်း ယမန်နေ့ နေပြည်တော် လွှတ်တော်အဆောက်အအုံတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
“သမ္မတကြီးက ပါတီနိုင်ငံရေး မလုပ်တော့ဘူး။ အမျိုးသား နိုင်ငံရေးပဲ လုပ်တော့မယ့် သဘောလို့ ထင်တယ်။ သူ ပြည်ခိုင်ဖြိုး ပါတီကို ပြန်မလာတော့ဘူးလို့ ထင်ပါတယ်။ နောက်တခုက သမ္မတ ဖြစ်မယ့်သူက ပြည်သူကနေ ရွေးချယ် ပေးလိုက်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ ပြည်သူက ရွေးလိုက်တဲ့သူ သမ္မတ ဖြစ်မှ ပြည်သူကို ပြန်ကြည့်မှာပါ။ ပြည်သူက တင်ပေး လိုက်တဲ့သူ မဟုတ်ဘူးဆိုရင် ပြည်သူအပေါ်မှာ မျက်နှာနာမှုလည်း ရှိမှာ မဟုတ်တော့ဘူး။ ပါတီရဲ့ ကိုယ်စားလှယ် လောင်း စာရင်းမှာ အခုထိ သူ့နာမည်(သမ္မတဦးသိန်းစိန်) မပါသေးပါဘူး။ ကိုယ်စားလှယ်လောင်း စာရင်းကလည်း အခုမှ ညှိနှိုင်း စိစစ်ဆဲ ဖြစ်ပါတယ်” ဟု သူရဦးအောင်ကို ဆိုသည်။