အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသော ကျောင်းသားများ၏ ကျန်းမာရေးကို ပြင်ပ ဆရာဝန်များ နှင့် စစ်ဆေးခွင့်ပြုရန် ကျောင်းသားမိဘများက တင်ပြ တောင်းဆိုထားကြောင်း ပြောသည်။
ရဲတပ်ဖွဲ့ဝင်များက အင်အား အလွန်အကျွံ သုံးစွဲ၍ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူများသည် ဗိုက်အောင့်ခြင်း၊ အစာအိမ်နာခြင်း၊ အာရုံကြောများ မကောင်းခြင်း၊ အရိုးများ ငေါထွက်လာခြင်းနှင့် အော့အန်ခြင်း စသည့် ဝေဒနာများခံစားနေရသည်ဟု သိရသည်။
ထို့ကြောင့် ကျန်းမာရေးအခြေအနေ အမှန်ကို သိနိုင်ရန် ထောင်ဆရာဝန်များနှင့်မဟုတ်ဘဲ ပြင်ပမှ ဆရာဝန်များနှင့် ပြန်လည် ဆေး စစ် ခွင့်ပြုရန် ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးသို့ ယနေ့ရုံးချိန်းအတွင်း ကျောင်းသားမိဘများက လျှောက်ထား တောင်းဆိုခြင်း ဖြစ် သည်။
“ကျောင်းသားတွေရဲ့ ကျန်းမာရေးကို သေချာပြန်စစ်ဆေးဖို့ လိုနေတယ်။ အန်ကယ်တို့ တင်ပြတာကို တရားသူကြီးက ခွင့်ပြုပေး မယ်ဆိုရင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ က သူတို့ရဲ့ ဆရာဝန်တွေနဲ့ ထောင်အထိလာပြီး ဆေးစစ်ပေးမယ်လို့ ပြော ထား တယ်”ဟု ကိုမင်းသွေးသစ်၏ ဖခင် ဦးသန်းဝင်း က ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကျောင်းသား အောင်မျိုးဦး၊ ငြိမ်းကျော်သူ၊ မင်းသွေးသစ်၊ ဟိန်းဇော်ဝင်း၊ ဖြိုးဖြိုးအောင်နှင့် ဟန်နီဦး တို့အပါအဝင် ကျောင်းသား ၃၆ ဦး၏ ကျန်းမာရေးကို ပြင်ပဆရာဝန်များနှင့် စစ်ဆေးခွင့်ရရန် တင်ပြထားခြင်းဖြစ်သည်။
ကျောင်းသားမိဘများ က ဖမ်းဆီးရိုက်နှက်ခံရမှုကြောင့် ကျောင်းသားများ ဒဏ်ရာအနာတရ ရရှိကြောင်း တရားလို ရဲမှူး ဖုန်းမြင့်က ဝန်ခံထွက်ဆိုထားကြောင်း၊ သို့သော် ဆေးကုသမှုမှတ်တမ်းကို တရားရုံးသို့ တင်ပြထားခြင်း မရှိကြောင်း၊ ထောင်အာဏာပိုင်များဘက်မှလည်း အထူးကုဆရာဝန်ကြီးများ၏ ဆေးမှတ်တမ်း ထားပေးခြင်းမရှိကြောင်း၊ လက်ရှိအခြေအနေတွင် တရားဝင် ဆေးကုသ ခွင့်မပြုခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရာရောက်သည်ဟု ရေးသား၍ မြို့နယ်တရားရုံးသို့ လျှောက်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်ဆိုရင် ခေါင်းနဲ့ ကျောကို အရိုက်ခံခဲ့ရတာ။ အခုချိန်ထိအောင် ကျောကို လက်လှမ်းကြည့်ရင် အသည်းခိုက်အောင် နာတယ်။ လက်နဲ့စမ်းလို့တောင် မခံနိုင်ဘူး။ ရဲတွေ ရိုက်ခဲ့တဲ့ ဒဏ်ပေါ့”ဟု ယနေ့ရုံးချိန်းတွင် အာမခံဖြင့်ပြန်လည် လွတ်မြောက်လာသည့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား ကိုရဲဝင့်အောင် (ခ) ရွှေကြယ်မိုး က ပြောပြသည်။
ယနေ့ရုံးချိန်းတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံပြည်သူ ၁ ဦးအပြင် လည်ပင်း အရွတ်စုတ်ပြဲ ဒဏ်ရာဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် ဝန်းရံပြည်သူ ကိုတင်ဝင်းကိုလည်း အာမခံပေးလိုက်ကြောင်း သိရ သည်။
ယနေ့ရုံးချိန်းသို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါက်တာ ဉာဏ်ဇော်နှင့်အဖွဲ့ ကလည်း တရား စီရင်မှု အခြေအနေကို လာရောက်လေ့လာခဲ့သည်။
သာယာဝတီထောင်တွင် ဆက်လက်ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူနှင့်ဝန်းရံပြည်သူ ၅၁ ဦးကျန်ရှိပြီး ၎င်းတို့၏ရုံးချိန်း ကို လာမည့် ဇူလိုင် ၂၁ ရက်သို့ ဆက်လက်ချိန်းဆိုထားကြောင်း သိရသည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် သာယာဝတီ ထောင်တွင် ဖမ်းဆီးခံထားရသည့် ဆန္ဒပြကျောင်းသားနှင့် ဝန်းရံပြည်သူများအပါအဝင် အာမခံရပြီး ဆက်လက်အမှုရင်ဆိုင်ရမည့်သူဦးရေ စုစုပေါင်း ၇၀ ကျော် ရှိသည်။
အစိုးရ က ၎င်း တို့ကို အစုအဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်း ဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲထားသည်။