ရှမ်းပြည်နယ် မူဆယ်ခရိုင် ကြူကုတ်-ပန်ဆိုင်းမြို့နယ်အတွင်း ဇူလိုင် ၁၃ ရက်က အစိုးရတပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ် မတော် (KIA)တို့ တိုက်ပွဲကြောင့် ဒေသခံ ၂ ဦး ကျည်ဆန်ထိမှန်ပြီး ဒေသခံတဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြုသည်။
အသက် ၁၉ နှစ်အရွယ် ကချင်တိုင်းရင်းသား မောင်မောင်ရှိန်လော ဆိုသူသည် မုံးပေါ်မြို့မှ ပန်ဆိုင်းမြို့သို့အသွား ကောင်းခါးရွာအနီးတွင် မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ကောင်းခါးအုပ်စု ရှီးဘုတ်ရွာ လယ်မြေများပေါ်သို့ လက်နက်ကြီးကျည် ကျရောက်သဖြင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ၍ မူဆယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ဆန်းလွင်က ဧရာဝတီသို့ ပြောသည်။
ရဲမှူးကြီး ဆန်းလွင်က“တပ်မတော် စစ်ကြောင်းနဲ့ KIA ထိတွေ့မှုတွေကြောင့် လက်နက်ကြီးကျ ပေါက်ကွဲပြီး ဒေသခံ ၂ဦးကို မှန်ပါတယ်။ သူတို့ ၂ဦးကို ၁၁ နာရီလောက်မှာ ပန်ဆိုင်း ဆေးရုံ ပို့ဆောင်ခဲ့ပြီး ၂ နာရီလောက်မှာ မူဆယ် ဆေးရုံကို ထပ်ပြီး ပို့လိုက် တယ်။ စိုးရိမ်စရာတွေတော့ မရှိပါဘူး”ဟု ပြောသည်။
ကောင်းခါးကျေးရွာအနီး ဒဏ်ရာရရှိသူ ၂ ဦးသည် ဦးခွန်ကျင်းလျန်နှင့် သူ၏ ဇနီး ဒေါ်မာကိုင်ဆိုသူတို့ ဖြစ်ကြောင်း သိရသည်။
ကောင်းခါးဒေသခံ ကိုထွမ်အောင်က“မနေ့က တိုက်ပွဲဖြစ်တော့ တချို့က လမ်းဘေး သွားလာတာတွေ ရှိတာပေါ့။ တိုက်ပွဲက ဟိုပစ် ဒီပစ်ဆိုတော့ လယ်ယာလုပ်တဲ့ သူကို ထိတာပေါ့။ လယ်လုပ်နေတဲ့ လင်မယား ၂ဦးကို သွားထိတယ်။ မူဆယ် ပြည်သူ့ဆေးရုံမှာ တင်ထားရတယ်။ အမျိုးသားတဦးက စိုးရိမ်ရတယ်”ဟု ပြောဆိုသည်။
တိုက်ပွဲကြောင့် ကောင်းခါးကျေးရွာမှ ဒေသခံ ၁၀၀ ကျော် နမ့်တောင်းကျေးရွာရှိ ဘုရားကျောင်းတွင် ထွက်ပြေး တိမ်းရှောင် နေရကြောင်း၊ တိုက်ပွဲများ ငြိမ်သွားသော်လည်း ကျေးရွာထဲတွင် အစိုးရတပ် ရှိနေသေးသဖြင့် အိမ်မပြန်ရဲသေးကြောင်း ကိုထွမ်အောင် က ဆက် ပြောသည်။
မူဆယ်မြို့ ပြည်သူ့ ဆေးရုံမှ ဆရာဝန် တဦးကလည်း“မနေ့ကတော့ ကျည်ထိတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ရောက်လာပါတယ်။ လက်ရှိ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ပြောဆိုသည်။