၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ခွဲဝေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် ညှိနှိုင်း သွားရန် အစီအစဉ် မရှိကြောင်း ရခိုင် အမျိုးသား ပါတီ(ANP) နာယက ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။
၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPP) တွင် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အဖွဲ့ဝင်ပါတီအဖြစ် ပါဝင်ခဲ့သော်လည်း လက်ရှိတွင်မူ ရခိုင်အမျိုးသားပါတီ(ANP) အဖြစ် ပြန်လည် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ANP သည် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးကို ANPက ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး NLD နှင့် မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်ရန် အစီအစဉ်မရှိကြောင်း ဦးအေးသာအောင်က ပြောသည်။
“ပြည်နယ် အစိုးရဖွဲ့နိုင်ဖို့ ကျနော်တို့က နေရာအားလုံးဝင် ပြိုင်မှာပါ။ NLDကလည်း ပြည်နယ်ကနေရာတွေကို ရှောင်ပေးဖို့ဆွေးနွေးမယ် မထင်ပါဘူး”ဟု ဦးအေးသာအောင်က ပြောသည်။
NLDအနေဖြင့် ရွေးကောက်ပွဲတွင် CRPPအဖွဲ့ဝင်ပါတီခေါင်းဆောင်တချို့ ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ် ပြိုင်မည်မဟုတ်ဟု ကြေညာထားပြီး မဲဆန္ဒနယ်တခုချင်းအတွက်လည်း CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီတချို့နှင့် ဆွေးနွေးသွားရန် အစီအစဉ် ရှိကြောင်း NLDပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောဆိုသည်။
CRPP ကို ၁၉၉၀ ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ယူနိုင်ရေးအထောက်အကူပြုရန် ၁၉၉၈ခုနှစ်တွင် NLD က ဦးဆောင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ လွှတ်တော်အမတ်များ၊ တသီးပုဂ္ဂလွှတ်တော်အမတ်များ ပါဝင်သည်။
ရခိုင်ပြည်နယ်အတွင်း ANP ပါတီအနေဖြင့် ဘူးသီးတောင်နှင့်မောင်းတောမြို့နယ်တို့ အပါအဝင် မဲဆန္ဒနယ် ၆၃နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်တွင် ၃နေရာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂နေရာနှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ် တွင် ၅နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ကမူ ရွေးကောက်ပွဲဝင်ရောက်ရန် မဆုံးဖြတ်ရသေး၍ လက်ရှိ အခြေအနေတွင် ရွေးကောက်ပွဲအတွက် NLD နှင့် မဲဆန္ဒနယ် ခွဲဝေယှဉ်ပြိုင်ရန် အစီအစဉ်ရှိ၊ မရှိ မပြောဆိုနိုင်သေးဟု ဆိုသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီမှ ဦးစိုင်းညွန့်လွင်က“ကျနော်တို့ ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ် ရသေးဘူး။ သဘောတူထားတာတော့ ရှိတယ်။ ဘယ်နေရာဝင်ဖို့ ဆုတ်ပေးဖို့အထိ အသေးစိတ်တော့ မဆွေးနွေး ရသေး ဘူး။ ကျနော်တို့ မဝင်တော့ဘူး ဆိုရင်တော့ ဘာမှဆွေးနွေး စရာမလိုတော့ဘူးပေါ့”ဟု ဧရာဝတီသို့ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)သည် ၂၀၁၅ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင်မည်ဖြစ်သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စား ပြု ကော်မတီ (CRPP)အဖွဲ့ဝင် တိုင်းရင်းသားပါတီတချို့နှင့် မဲဆန္ဒနယ်ခွဲဝေယှဉ်ပြိုင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
NLDအနေဖြင့် CRPPအဖွဲ့ဝင်ပါတီခေါင်းဆောင်တချို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင် မည်မဟုတ် သော်လည်း ပြည်နယ်မဲဆန္ဒနယ် ခွဲဝေယှဉ်ပြိုင်ရေးကို အတည်ပြုမဆွေးနွေးရသေး ကြောင်း သိရသည်။
NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက“CRPP အဖွဲ့ဝင်ပါတီတွေနဲ့ မဲဆန္ဒနယ်တခုချင်းအတွက် ဆွေးနွေးဖို့ ဖြစ်နိုင် ပါတယ်။ အသေးစိတ် တော့ ဘာမှမဆွေးနွေးရသေးဘူး”ဟု ဧရာဝတီသို့ပြောသည်။
တိုင်းရင်းသားပါတီများအနေဖြင့် ပြည်နယ်အစိုးရဖွဲ့နိုင်ရေးအတွက် ပြည်နယ်မဲဆန္ဒနယ်အားလုံးကို ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး NLDအနေဖြင့်လည်း ပြည်နယ်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ရှောင်ပေးလိမ့်မည်ဟု မထင် ကြောင်း ဦးအေးသာအောင်က သုံးသပ်ပြောသည်။