Ethnic Issues

ဒေါနတောင်တန်း ဘယ်တော့ငြိမ်းချမ်းမလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရတပ်မတော်က ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေကို “အိမ်ကြက်ချင်း အိုးမဲသုပ်ပြီး တိုက်ခိုင်းတယ်” ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောဆို ဝေဖန်နေကြတဲ့ စကားတွေကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက လက်မခံပါဘူး။

ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) နဲ့ အစိုးရ တပ်မတော်တို့အကြား ဇူလိုင်လ ၂ ရက်နေ့က စပြီး မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ အကြားက ဒေါနတောင်ပတ်လမ်း (အာရှလမ်းမကြီး) အနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပြီး အဲဒီတိုက်ပွဲတွေမှာ BGF တပ်ဖွဲ့က အစိုးရတပ်နဲ့ ပူးပေါင်းပြီး တိုက်ခဲ့တဲ့အပေါ် ကရင်တိုင်းရင်းသား တချို့က အမြင်မကြည်လင်ဘဲ ပြောဆိုနေ ကြတဲ့ အပေါ် သူက ရှင်းလင်းပါတယ်။

“နိုင်ငံခြားမှာ ရောက်နေတဲ့ ကျနော်တို့ ကရင်တိုင်းရင်းသားတွေ ပြောလာတယ်။ ဘယ်လောက်အထိ ပြောလဲဆိုတော့ ငါတို့ ကရင်နဲ့ ဗမာနဲ့ တိုက်တဲ့အခါကြရင်တဲ့ မင်းတို့ ဘယ်ဘက်ကို နေမှာလဲတဲ့၊ အဲဒီလောက်အထိ မေးတယ်။ အခုဟာ ငါတို့ ကရင်နဲ့ ဗမာနဲ့ တိုက်နေတယ်ဆိုတာလဲ ဘယ်သူ့အတွက် အကျိုးရှိလဲဆိုတာ အဖြေက အဓိက ဖြစ်နေတယ်။ ပြည်သူလူထုအတွက် အကျိုးရှိတယ်ဆိုရင် ညီရင်းအစ်ကိုတောင်မှ ညှာလို့မရဘူး” လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

DKBA နဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြလိုတဲ့အတွက် ဇူလိုင်လ ၈ ရက်နေ့က သတင်းထောက်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ သတင်းထောက်တွေကို ဖိတ်ခေါ်ခဲ့တဲ့ နေရာကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အာရှလမ်းမကြီးပေါ် ဖြစ်တဲ့အတွက် အာရှလမ်းမကြီး လုံခြုံရေးကို တပ်မတော်နဲ့ ပူးပေါင်း လုပ်ဆောင်နေတာတွေကို ပြလိုတဲ့ သဘောလည်း တွေ့ပါတယ်။

အာရှလမ်းမကြီးပေါ်မှာ တပ်မတော်နဲ့ BGF တပ်ဖွဲ့တွေကို လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးအပြည့် ချထားတာ တွေ့ရသလို အချက်အချာကျတဲ့ တောင်ကုန်း တချို့ပေါ်မှာလည်း လက်နက်ကြီးတွေ တပ်ဆင်ထားတာ တွေ့ခဲ့ရပါတယ်။ လမ်းပေါ်မှာ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့အများစုကတော့ BGF တပ်ဖွဲ့တွေဖြစ်ပြီး ဝတ်စုံ (ယူနီဖောင်း) တွေကတော့ အစိုးရ တပ်မတော်သားတွေ ဝတ်ဆင်တဲ့ ယူနီဖောင်းတွေထက် များစွာ သာလွန်ပါတယ်။

အာရှလမ်းမကြီး လုံခြုံရေး ထိန်းချုပ်နိုင်ရန် ကြိုးစားနေဆဲအချိန်မှာပဲ ဒေါနတောင်တန်းပေါ်မှာ လက်နက်ကြီးသံတွေ တဂျိမ်းဂျိမ်း ကြားခဲ့ရပါတယ်။ မြေမြှုပ်မိုင်းအန္တရာယ်တွေ ရှိတာကြောင့် သတင်းထောက်တွေကို ကတ္တရာလမ်းပေါ်ကနေ အောက်ကို မဆင်းဖို့ လုံခြုံရေးအဖွဲ့တွေက သတိပေးပါတယ်။

ဇူလိုင်လ ၉ ရက်နေ့မှာ အာရှလမ်းမကြီး တလျှောက်လုံးကို တပ်မတော်နဲ့ BGF က လုံခြုံရေးအပြည့် ထိန်းချုပ်လိုက်ပြီး ၁၀ ရက်နေ့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ အာရှလမ်းမကြီးရော၊ ခေတ္တပိတ်ထားခဲ့တဲ့ လမ်းဟောင်းကိုပါ ပြန်လည် ဖွင့်လှစ်ကြောင်း သတင်းမီဒီယာတွေ ကတဆင့် ကြေညာပါတယ်။

ဒါပေမယ့်လည်း ခရီးသည်ကားတွေ ဖြတ်သန်းသွားလာဖို့ အတွက် တပ်မတော်ဘက်နဲ့ BGF တပ်ဖွဲ့ ခေါင်းဆောင် တွေဘက်က ခိုင်မာတဲ့ လုံခြုံရေးအာမခံချက် မပေးနိုင်ကြသေးပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အာရှ လမ်းမတလျှောက် ပဋိပက္ခတွေ မငြိမ်းသရွေ့ တပ်မတော်နဲ့ BGF တို့က လုံခြုံရေး ယူပေးသွားမယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေကလည်း ဇူလိုင်လ ၁၄ ရက်နေ့အထိ ဆက်တိုက် ဖြစ်ပွားနေသလို အသေအပျောက်၊ ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ကြပါတယ်။ ဒါ့အပြင် အစိုးရနဲ့ DKBA အကြား ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်တုန်းက နှစ်ဖက် သဘောတူညီချက်နဲ့ ဖွင့်လှစ်ထားတဲ့ ကော့ကရိတ်မြို့အခြေစိုက် DKBA ဆက်ဆံရေးရုံးက တာဝန်ရှိသူတချို့ကို အစိုးရဘက်က ဖမ်းဆီးလိုက်တဲ့ အတွက် DKBA တပ်မှူးတွေက ဒေါသထွက်ခဲ့ကြပါတယ်။

တိုက်ပွဲတွေ ဖြစ်နေပေမယ့်လည်း အာရှလမ်းမကြီးနဲ့ လမ်းဟောင်းအပေါ်မှာ ခရီးသည်တင် ကားတွေနဲ့ ကုန်တင်ကားတွေ ကတော့ ကံတရားကို လုံခြုံရေး သဘောထားပြီး သွားလာနေကြပါတယ်။ အာရှလမ်းမကြီးပေါ်မှာတော့ အရင်ကလို့ အခွန်ကောက်တဲ့ ဂိတ်တွေ မရှိတော့ပါဘူး။

အာရှလမ်းမကြီးကို အစိုးရက ဇူလိုင်လ ၂၀ ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်ဖို့ မူလက ရည်ရွယ်ထားတာဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့မှာ တပ်မတော်နဲ့ DKA တို့အကြား အာရှလမ်းမကြီး အနီးမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ တပ်မတော်ဘက်က လူကြီး လမ်းကြောင်းအတွက် လုံခြုံရေးယူဖို့ ပြုလုပ်တာမှာ DKBA က ဖယ်မပေးလို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲစဖြစ်တဲ့နေ့မှာ DKBA ဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြားခဲ့ပေမယ့် တိုက်ပွဲကိစ္စ အဆုံးအဖြတ် ပေးနိုင်သူတွေ တက်ရောက်ခြင်း မရှိခဲ့ကြောင်းနဲ့ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေးဟာ DKBA ဘက်က တိုက်ပွဲကို အဓိက ဦးဆောင်နေသူ ၂ ဦးဖြစ်တဲ့ DKBA ကလို့ထူးဝါး စစ်ကွပ်ကဲရေး ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်သက်နဲ့ ဗိုလ်မှူး စောဆန်းအောင်တို့ အပေါ်မှာ မူတည်ကြောင်း ဗိုလ်မှူးကြီး စောချစ်သူက ပြောဆိုပါတယ်။

“ရှေ့ဆက် (တိုက်ပွဲတွေ) ကြီးသွားမလား၊ သေးသွားမလား ဆိုတာလည်း အဓိက သူတို့ တကယ် ငြိမ်းချမ်းရေး လိုအပ်ရင် ကြီးဖို့တော့ မရှိနိုင်ဘူးလို့ ကျနော်ထင်တယ်။ မလိုအပ်ဘူး ဆိုရင်တော့ ဒါကတော့ ကျနော်တို့ စစ်သားအနေနဲ့ စစ်သားစကား ပြောရမယ်ဆိုရင်တော့ လုပ်ရမှာပဲ” လို့ ဗိုလ်မှူးကြီး စောချစ်သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

DKBA ကတော့ တပ်မတော်က တရားဝင် ညှိနှိုင်းဆွေးနွေးမှုတွေ မပြုလုပ်ဘဲ ဆောင်ရွက်တာကြောင့် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကြရကြောင်း၊ ဒါ့အပြင် တပ်မတော်နဲ့ BGF တို့အပေါ်မှာ ယုံကြည်မှု အားနည်းကြောင်း DKBA ကလိုထူးဘော အခြေချ ဗျူဟာမှ ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။

“NCA အဖွဲ့တို့ SD တို့က အဆင့်မြင့်ခေါင်းဆောင်တွေက ညှိနှိုင်းလို့ ပြောတယ်ဆိုလို့ရှိရင်တော့ ယုံရင်ယုံမယ်၊ (ဗိုလ်မှူးကြီး) ချစ်သူဆိုတာ ကိုယ့်အမျိုးသားတောင်မှ သေနတ်ပြောင်းပြန်လှည့်တဲ့လူ၊ ကျနော်တို့ ဘယ်လိုလုပ် ယုံလို့ရမလဲ” လို့ ဗိုလ်မှူး စောဆန်းအောင် က ပြောပါတယ်။

ဒါ့အပြင် အစိုးရ တပ်မတော်က DKBA အခြေချနေရာတွေကို လုံခြုံရေးအရ ခေတ္တ နေရာယူပြီးရင် ပြန်ဖယ်မပေးဘဲ စခန်း အခိုင်အမာ ချပြီး နေရာယူသွားတတ်တဲ့ သာဓကတွေကြောင့် ဖယ်မပေးခြင်းသာဖြစ်ပြီး တပ်မတော် လူကြီးလမ်းကြောင်းနဲ့ ပြည်သူတွေ အသုံးပြုနေတဲ့ အာရှလမ်းမကြီးကို အနှောက်အယှက်ပေးဖို့ DKBA မှာ ရည်ရွယ်ချက်မရှိခဲ့ကြောင်း ပြောဆိုပါတယ်။

အာရှလမ်းမကြီးနားက စခန်းငယ်တွေကို တိုက်ခိုက်ပြီးနောက်မှာလည်း ကောင်းမှုတောင်ကြော ပေါ်မှာရှိတဲ့ DKBA အခြေစိုက် စခန်းတွေနဲ့ လှုပ်ရှားနယ်မြေတွေမှာ တပ်မတော်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

သုံးပွင့်ဆိုင် ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲတွေကြားမှာ အသေအပျောက်၊ ဒဏ်ရာရရှိမှုတွေရှိကြောင်း နီးစပ်သူတွေက ထုတ်ပြော ကြပေမယ့် တာဝန်ရှိသူတွေကတော့ တိတိကျကျ ထုတ်ပြောကြတာ မရှိသေးပါဘူး။ သို့ပေမယ့်လည်း တိုက်ပွဲ ဖြစ်ပွားမှုအကြားမှာ ကော့ကရိတ် ဒေသခံတချို့ ဒဏ်ရာတွေရရှိခဲ့သလို စာသင်ကျောင်းတခုလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထားခဲ့ရတဲ့အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု တပတ်ခန့် ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီအထဲမှာ နယ်စပ်ချစ်ကြည်ရေး တံတားပေါ်က ဝင်တဲ့ ကုန်တွေတင်မကဘဲ ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ သောင်းရင်းမြစ်ကမ်း ကူးတို့ဂိတ်တွေက ဝင်တဲ့ ကုန်ပစ္စည်းမျိုးစုံပါ ပြည်တွင်းကို စီးဆင်းခွင့် မရတော့ဘူးလို့ ကုန်သည်တချို့က ပြောဆိုကြပါတယ်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ယာယီ ပိတ်ဆို့မှု ဖြစ်ပွားချိန်မှာ နယ်စပ် မြဝတီမြို့ပေါ်မှာလည်း ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံ စားသောက်ကုန် ပစ္စည်းတွေ ဈေးတက်သွားခဲ့တဲ့ အခြေအနေကို ပြည်သူတွေက လက်တွေ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ မြဝတီမြို့ဘက်ကို ကူးလာမှာ စိုးရိမ်သူတချို့ကတော့ အိမ်အောက်မှာ ဗုံးခိုကျင်းတွေတောင် တူးထားကြပါသေးတယ်။

မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေဖြစ်တော့ ထိုင်းအစိုးရဘက်ကလည်း ပြင်ဆင်မှုတွေ ပြုလုပ်လာပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ ထိုင်းတပ်တွေ လုံခြုံရေး ချထားလိုက်ပြီး မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရလာသူတွေ ဆေးကုနိုင်ဖို့လည်း ပြင်ဆင်ထားကြောင်း တာ့ခ်ခရိုင် ဒုတိယ ခရိုင်ဝန်က သတင်းထောက်တွေကို ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။

မဲဆောက်-မြဝတီ လမ်းကြောင်းဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပြီး ထိုင်းဘက် တင်ပို့တဲ့ ပို့ကုန်ဝင်ငွေပမာဏဟာ တလကို ဘတ်ငွေ သန်း ၂ ထောင်နဲ့ သန်း ၃ ထောင် အကြားမှာ ရှိတယ်လို့ နယ်စပ်အခြေစိုက် နှစ်နိုင်ငံကုန်သွယ်ရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

လက်ရှိ အချိန်မှာ အာရှလမ်းမကြီးနဲ့ လမ်းဟောင်းကို ပြန်လည် ဖွင့်လှစ်လိုက်လို့ ကုန်ကားတွေ၊ ခရီးသည်ကားတွေ ကူးသန်း သွားလာနေကြတယ်။  တပ်မတော်နဲ့ BGF တို့က လုံခြုံရေး အခိုင်အမာ ယူထားပြီ ဆိုပေမယ့်လည်း လုံခြုံမှု မရှိကြသေးပါဘူး။ အာရှလမ်းမကြီး အနီးမှာ တပ်မတော်နဲ့ BGF ပူးပေါင်းတပ်တွေအပြင် DKBA တပ်ဖွဲ့တွေလည်း လှုပ်ရှားမှုတွေ ရှိနေကြဆဲပါ။

“တိုက်ပွဲတွေက ဆက်ဖြစ်ဖို့ရှိတယ်။ အာရှလမ်းက BGF နဲ့ တပ်နဲ့ပဲ ရောက်တာ မဟုတ်ဘူး။ ကျနော်တို့လည်း ရောက်တာပဲ။ သူတို့ရောက်တာ ကျနော်တို့တွေ့တယ်။ ကျနော်တို့ ရောက်လာတာ သူတို့မတွေ့ဘူး။ အာရှလမ်းမှာ ကျနော်တို့ ညတိုင်းလို ဖြတ်သွားဖြတ်လာလုပ်နေတာ၊ ညတိုင်းလိုပဲ” ဟု ဗိုလ်မှူး စောဆန်းအောင်က ပြောပါတယ်။

DKBA ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေးပြုလုပ်ထားတဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ အစိုးရအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ထိုးနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေတဲ့ အဖွဲ့ထဲမှာလည်း တဖွဲ့အပါအဝင် ဖြစ်ပါတယ်။

DKBA ကို လက်နက်အင်အား အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ အပေါ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်တချို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တပ်မတော်အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေက ယုံကြည်မှုတွေ ပျက်ပြားသွားမှာ စိုးရိမ်နေကြကြောင်း ပြောပါတယ်။

နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ပွဲတွေမှာ တပ်မတော်က အင်အားသုံး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်လက်နက်ကိုင် တပ်ဖွဲ့ကိုမျှ အမြစ်ပြုတ် တိုက်နိုင်ခြင်း မရှိတဲ့အကြောင်း၊ တပ်မတော် အနေနဲ့ စားပွဲဝိုင်းပေါ်မှာ တန်းတူရည်တူ ဆွေးနွေးပြီး အဖြေရှာမှသာ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ရန် နီးစပ်လိမ့်မယ်လို့ အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့က ပြောပါတယ်။

ဒေါနတောင်တန်းကြီးပေါ်မှာ တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အပြင် DKBA ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့လည်း လှုပ်ရှားပါတယ်။ အရင်ကလည်း ဒီအဖွဲ့တွေနဲ့ အစိုးရ တပ်မတော်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်း မရှိသေးရင် ဒေါနတောင်တန်းပေါ်က လမ်းမကြီးနှစ်ခုပေါ်မှာ သွားလာနေကြတဲ့ ခရီးသည်ကားတွေ၊ ကုန်ကားတွေ အပြင် အနီးမှာ ရှိနေကြတဲ့ ကျေးရွာတွေနဲ့ ဒေါနတောင်တန်းကြီးလည်း အေးချမ်းဖို့ မလွယ်သေးပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading