ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်း ဒေသ၌ တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း တည်ဆောက်နိုင်မည်မဟုတ်တော့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။
“စီမံကိန်းတခုဆိုတာ အနည်းဆုံး ၄ နှစ် ၅ နှစ်လောက် လုပ်ရမှာပါ။ ပြည်သူတွေထဲမှာ ဒီစီမံကိန်းကို လိုလားတဲ့လူ ရှိသလို၊ မလို လား သူတွေလည်း ရှိပါတယ်။ ကျနော်တို့ အစိုးရသက်တမ်းကလည်း ၇ လကျော် လောက်ပဲ ကျန်တော့တယ်ဆိုတော့ စီမံကိန်း တည်ဆောက်ဖို့ ပြည်သူတွေ သဘောတူတယ် ဆိုရင်တောင် နောင်အစိုးရ သက်တမ်းလောက်မှ စလုပ်နိုင်မှာပါ”ဟု ဧရာဝတီ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစောမြသိန်းက ဧရာဝတီကို ပြောသည်။
ငရုတ်ကောင်းဒေသ၌ မအူပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ဝင်း ပိုင်ဆိုင်သည့် အေဝမ်းစွမ်းအင် ကုမ္ပဏီ၊ အစိုးရ၏ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် ဂျပန်နိုင်ငံမှ Japan Consortium Group ကုမ္ပဏီတို့ ပူးပေါင်း၍ ၃၀၀ မဂ္ဂါဝပ်ထုတ်လုပ် မည့်စက်ရုံ ၂ ရုံနှင့် အိန္ဒိယနိုင်ငံအခြေစိုက် Ta Ta(တာတာ) ကုမ္ပဏီမှလည်း ၂၇၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် စက်ရုံ ၂ ရုံ တည်ဆောက် ရန် ကြိုးပမ်းလျက်ရှိရာ ဒေသခံအများစုက လက်မခံဘဲ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုများလည်း ရှိနေသည်။
စက်ရုံတည်ဆောက်ရန်အတွက် မြေဧက ၂၀၀ ကျော် အသုံးပြုမည်ဖြစ်ပြီး ပြောင်းရွှေ့ရမည့် ကျေးရွာများနှင့် လယ်ယာ၊ ဥယျာဉ်ခြံမြေများအတွက်လည်း လျော်ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးစက်ရုံဖြစ်သည့်အတွက် ဒေသခံများနှင့် သဘာ၀ ပတ်ဝန်းကျင် မထိခိုက်စေရန် ရာနှုန်းပြည့်တာဝန်ယူကြောင်း အေဝမ်းကုမ္ပဏီဘက်က ပြောဆိုထားသည်။
သို့သော် ဒေသခံအများစုက ကုမ္ပဏီနှင့် အစိုးရ၏ ရှင်းလင်းပြောဆိုချက်များအပေါ် လက်ခံမှုမရှိဘဲ စီမံကိန်းရပ်ဆိုင်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ ပြီးခဲ့သည့် ဇွန်လအတွင်းက စာရေးတင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိတွင် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်ကျေးရွာများမှ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် စီမံကိန်း သုတေသနလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။
“ဒီလို ဆိုးကျိုးများတဲ့ ကျောက်မီးသွေး စီမံကိန်းကို လက်ရှိအစိုးရလက်ထက်မှာ မလုပ်ဖြစ်တော့တဲ့အတွက် ကျနော်တို့ကတော့ ကြိုဆိုတယ်။ ဝမ်းလည်းသာတယ်။ နောင်အစိုးရတက်လာရင်လည်း သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ် သက်ပြီးတော့ ခိုင်မာတဲ့၊ ပြည်သူကို အမှန်တကယ်အကျိုးပြုတဲ့ ဥပဒေတွေ ရေးဆွဲပြီးမှ စီမံကိန်းတွေလုပ်ဆောင်တာမျိုး ပေါ်ပေါက် လာဖို့ ကြိုးပမ်းသွားမှာပါ”ဟု ငရုတ်ကောင်း ဒေသ၌ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများဖြန့်ဝေပေးနေသည့် မြန်မာနိုင်ငံ လုံး ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှု အရပ်ဘက်ညွန့်ပေါင်းအဖွဲ့ (MATA) မှ ဦးနိုင်ကြီးက ပြောသည်။
MATA သည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အပါအဝင် အရပ်ဘက် လူမှုအဖွဲ့ပေါင်းစုံဖြင့် စုဖွဲ့ထားသော အဖွဲ့အစည်း ဖြစ်သည်။
ငရုတ်ကောင်းဒေသ၌ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် အတွက် ဂျပန်နှင့် အေဝမ်းကုမ္ပဏီတို့က ၃၀ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်များမှ ချေးငွေများ ရယူ တည်ဆောက် သွားမည် ဖြစ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ အတွက် အသုံးပြုမည့် ကျောက်မီးသွေးများကို အင်ဒိုနီးရှားနှင့် သြစတြေးလျ နိုင်ငံများမှ သင်္ဘောဖြင့် မှာယူအသုံးပြုမည်ဖြစ်ပြီး ဓာတ်အားပေး စက်ရုံနှင့်အတူ တန်ချိန် ၈ သောင်းအထိ တင်ဆောင်နိုင်မည့် ပင်လယ်ကူး ကုန်တင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတခုကိုပါ ပူးတွဲ တည်ဆောက်သွားမည်ဟု အေဝမ်းစွမ်းအင်ကုမ္ပဏီက ပြောဆို ထားသည်။
မြန်မာနိုင်ငံတွင် နည်းပညာအခက်အခဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတို့၏ အားနည်းချက်များကြောင့် ကျောက် မီးသွေးစက်ရုံများ တည်ဆောက်ရန် ခွင့်မပြုသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ထောက်ပြပြောဆို နေကြသည်။
ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲသည် မြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာပေါင်း ၆၈ ရွာရှိပြီး လူပေါင်း ၃၅၀၀၀ ကျော် အခြေချ နေထိုင်သည့် ပင်လယ်ကမ်းခြေ ဒေသ ဖြစ်သည်။