အခြေခံမဲစာရင်းတွင် မဲဆန္ဒရှင်ဦးရေ သိန်း ၄၀ ကျော်ရှိသော မန္တလေးတိုင်းတွင် မဲစာရင်း လာရောက်ကြည့်ရှုသူဦးရေမှာ ၇ သိန်းခန့်သာ ရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ထွဋ်က ပြောသည်။
၎င်းက “လောလောဆယ် ကောက်ထားတဲ့ စာရင်းအရပေါ့၊ ရာခိုင်နှုန်းနဲ့တော့ မတွက်ရသေးဘူး၊ ပြည်သူကလဲ Interest နည်းနေသေးတယ်” ဟု ပြောသည်။
ဇူလိုင်လပထမပတ်က ကောက်ယူထားသော ခရိုင်အလိုက် မဲစာရင်းလာရောက်ကြည့်ရှုသူနှင့် လျှောက်ထားမှု အခြေအနေအရ လာရောက်ကြည့်ရှုသူဦးရေမှာ မဲဆန္ဒရှင်စာရင်း၏ ငါးပုံတပုံအောက်ပင် ရှိနေသေးသည်။
“မဲစာရင်းကို ရပ်ကွက်ရုံးမှာ ကပ်တယ်၊ မြို့ပေါ်ဆိုရင် ကိစ္စမရှိပေမဲ့ ကျေးရွာတွေမှာဆိုရင် ရွာ ၂၀ လောက်ပေါင်းမှ ကျေးရွာ တအုပ်စုဖြစ်တာလေ၊ ပြီးတော့ တရွာနဲ့တရွာ နှစ်မိုင်၊ သုံးမိုင်လောက် ဝေးတာဆိုတော့ ကျေးရွာတွေမှာ ရွာအလိုက် မဲစာရင်းသီးခြားခွဲပြီး ကပ်ပေးရင်တော့ စိတ်ဝင်စားမှု ပိုရှိမယ်လို့ ထင်ပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးမင်းအောင်က ပြောသည်။
အလားတူ တိုင်းအတွင်း ခရိုင်များအလိုက် မဲစာရင်းအား ပုံစံ(၃)ဖြင့် လျှောက်ထားသူဦးရေ ၄၉၀၀၀ နီးပါး၊ ပုံစံ(၄) ဖြင့် ၁၆၀၀၀ ခန့်၊ ပုံစံ(၄-ဂ)ဖြင့် ၉၀၀၀၀ နီးပါး လျှောက်ထားထားပြီး လက်ရှိတွင် လျှောက်ထားနေသည့် ပုံစံများမှ စိစစ်ကာ မဲစာရင်းတွင် ပြန်လည်ထည့်သွင်းခြင်း၊ ထုတ်ပယ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွန်ကြားရေးမှုး ဦးကျော်ကျော်စိုးက ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်း၏ အခြေခံမဲစာရင်းကို ဇွန်လ ၈ ရက်တွင် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံခရိုင်တို့လည်းကောင်း၊ ဇွန် ၂၂ ရက်တွင် မိတ္ထီလာ၊ ညောင်ဦး၊ ရမည်းသင်းခရိုင်တို့အလိုက် ထုတ်ပြန် ကြေညာခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေ ၆၁ သိန်းကျော် နေထိုင်ပြီး ၎င်းတို့အနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ ၄၀၅၃ ၈၄၅ ဦးရှိ၍ မဲရုံပေါင်း ၅၅၀၀ ခန့်လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။