မြန်မာနိုင်ငံက ကယ်ဆယ်ထားသဖြင့် ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီး ဒုက္ခသည် ၅၀၀ ကျော်အနက် ၁၆၅ ဦးကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မောင်တောခရိုင်၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲ ထိန်းသိမ်းရေးစခန်းရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅၄၄ ဦးအနက် ၁၆၅ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြန်လည် ခေါ်ယူမည်ဟု ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က အကြောင်းကြားလာသည်ဟု မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဧရာဝတီသို့ ပြောသည်။
ဦးစိုးနိုင်က “ဘင်္ဂါလီ ၅၄၄ ဦးထဲက ၁၆၅ ဦးကိုပဲ စိစစ် ပြီးစီးသေးတဲ့အတွက် အဲဒီ ၁၆၅ ဦးကိုပဲ အရင် ခေါ်ယူမယ်လို့ ပြောပါတယ်၊ လောလောဆယ်တော့ ၂၂ ရက်နေ့မှာ ပို့မယ်လို့ စီစဉ်ထားပေမယ့် တရက်၊ နှစ်ရက် လောက်တော့ နောက်ဆုတ်ရင် ဆုတ်သွားနိုင်တယ်” ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား ပြန်လည် လွှဲပြောင်းပေးရာတွင် မြန်မာနိုင်ငံဘက်မှ မောင်တောခရိုင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တာဝန်ရှိသူများ ပူးပေါင်း၍ နှစ်နိုင်ငံ အလံတင် အခမ်းအနားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး နယ်စပ် တံတား၌ လွှဲပြောင်းသွားမည်ဟု သိရသည်။
ယင်းလှေစီး ဒုက္ခသည်များသည် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း အနီး၌ မေလ ၂၉ ရက်နေ့က ဖမ်းမိထားသည့် လူ ၇၀၀ ကျော် ပါဝင်သည့် အဖွဲ့မှ ဖြစ်သည်။
ထို့အတူ မေလ ၂၁ ရက်နေ့ကလည်း ရခိုင် ပင်လယ်ပြင်၌ ၂၀၈ ဦးကို မြန်မာ့ တပ်မတော် (ရေ) က ဖမ်းမိခဲ့သေးသည်။
လှေစီးပြေး စုစုပေါင်း ၉၀၀ ကျော် အနက် ဇွန်လ ၈ ရက်နေ့တွင် ၁၅၀ ဦးနှင့် ဇွန်လ ၁၉ ရက်နေ့တွင် ၃၇ ဦးတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် လွှွဲပြောင်းပေးပြီး ဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။ ယင်း ဒုက္ခသည် ၉၀၀ ကျော်တွင် ရခိုင်ပြည်နယ်ထဲမှ ဘင်္ဂါလီတချို့လည်း ပါဝင်သည့်အတွက် ၎င်းတို့ကိုလည်း သက်ဆိုင်ရာ နေရပ်ဒေသများသို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။
တောင်ပြို ထိန်းသိမ်းရေး စခန်းတွင် လက်ရှိ ထိန်းသိမ်းထားသည့် လူ ၅၀၀ ကျော်အနက် ထွက်ပြေးသွားသူ စုစုပေါင်း ယနေ့အထိ ၁၅ ဦး ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက သတင်း ထုတ်ပြန်ထားသည်။ ထိုသို့ ထွက်ပြေးခြင်းသည် စားဝတ်နေရေး အခက်အခဲကြောင့် မဟုတ်ဘဲ မိမိနိုင်ငံသို့ မပြန်ရမည်ကို စိုးရိမ်သည့်အတွက် ထွက်ပြေးခြင်းဟု ယူဆကြောင်း ဦးစိုးနိုင်က ဆိုသည်။
ထွက်ပြေး လွတ်မြောက်သွားသူများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ရောက်သွားသည်ဟု ယူဆကြောင်း၊ မောင်တောမြို့ပေါ်နှင့် ဒေသတဝိုက်တွင် လုံခြုံရေး စနစ်တကျ ဆောင်ရွက် ထားခြင်းကြောင့် ထွက်ပြေးသူ များအနေဖြင့် မြို့ပေါ်သို့ လာရောက်နိုင်ခြေ နည်းပါးကြောင်း မောင်တော ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။
ထိန်းသိမ်းရေး စခန်း၌ စောင့်ရှောက်ထားသူများ၏ စားဝတ်နေရေးကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာ ပိုင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်း တချို့က တာဝန်ယူ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်းတွင်လည်း ဘင်္ဂါလီ ၁၀၂ ဦးကို တပ်မတော် (ရေ) က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖမ်းမိထားပြီး ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
တနင်္သာရီတိုင်း၌ ဖမ်းမိထားသူများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် အစိုးရက စီစဉ်မှု ရှိ၊ မရှိဆိုသည်ကို မသိရသေးကြောင်း မောင်တောမြို့နယ် အာဏာပိုင်များက ပြောသည်။ ရခိုင်ဒေသခံများကမူ ရခိုင်ပြည်နယ် ပြင်ပ၌ ဖမ်းမိသူများအား ရခိုင်ပြည်တွင်းသို့ ပို့ဆောင်၍ ကယ်ဆယ်ရေး စခန်းဖွင့်၍ ဆောင်ရွက်နေခြင်းကို ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်။