Eleven Media Group(EMG) မှ ဒေါက်တာ သန်းထွဋ်အောင် စီးနင်းလာသော မော်တော်ယာဉ်ကို ကုန်းသီးဖြင့် ပစ်ခတ် တိုက်ခိုက် မှုနှင့် ပတ်သက်ပြီး ဖမ်းမိထားသူ ၂ ဦးသည် ယခုအချိန်အထိ ဝန်ခံ ထွက်ဆိုချက် မပေးသေးကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွေးက ဧရာဝတီသို့ ပြောသည်။
ဒုရဲမှူးကြီး မြင့်ထွေးက“ကျနော်တို့ စစ်ဆေးနေတုန်းပဲ။ ဘယ်သူတွေ ပါသေးလဲ။ ဘာကြောင့် လုပ်တာလဲဆိုတာ ဝန်မခံသေးဘူး”ဟု ပြောပြသည်။
တိုက်ခိုက်မှု၌ ပါဝင်ခဲ့သည့် သန်လျင်မြို့နယ်တွင် နေထိုင်သူ အငှားယာဉ်မောင်း တီကောင်(ခ)ရန်နိုင် ဆိုသူအား အခင်းဖြစ်သည့် ညပိုင်းတွင် သာကေတမြို့နယ်၌ ကားနှင့်အတူ ဖမ်းမိခဲ့ခြင်ဖြစ်ပြီး ၎င်း၏ ထွက်ဆိုချက်အရ ကားငှားရမ်းခဲ့သူ အငယ်လေး(ခ)မျိုးမြင့် အောင်ကို မြောက်ဥက္ကလာပမြို့နယ်ရှိ တည်ခိုခန်းတခုတွင် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ထမ်မံ ဖမ်းမိခဲ့ကြောင်းလည်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
EMG မှ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်သည် ဇူလိုင် ၁၄ ရက် ညနေပိုင်းက ၎င်း၏ကိုယ်ပိုင်ယာဉ်ဖြင့် နေအိမ်သို့ အပြန် ဗဟန်း မြို့နယ် ဦးချစ်မောင်လမ်းနှင့် မင်းလမ်းထိပ်အရောက် မီးပွိုင့်မိနေစဉ် လမ်းတဖက်မှ အမျိုးသား ၂ဦး ယာဉ်အနီး ရောက်လာ ပြီး ၎င်းထိုင်နေသည့် ကားရှေ့ခန်းသို့ ကုံးသီးအသုံးပြု၍ လေးခွဖြင့် အနီးကပ် ၆ ချက်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း EMG က သတင်းထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်ခဲ့သည်ဟု ယူဆရသူ ၂ ဦးသည် လေးခွဖြင့် အနီးကပ် ပစ်ခတ်ခဲ့ပြီးနောက် ကားဖြင့် အဆင့်သင့် စောင့်ဆိုင်းနေသည့် အဖော်များနှင့်အတူ ကားမောင်း ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုတွင် ကားမှန်ခံနေသဖြင့် ဒေါက်တာ သန်းထွဋ်အောင် သည် ထိခိုက်ဒဏ်ရာ တစုံတရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
Eleven Media Group မှ အယ်ဒီတာချုပ် ဦးဝေဖြိုးက“ကျနော်တို့က မီဒီယာဖြစ်တဲ့အတွက် အမှန်တရားကို ဖော်ထုတ် ရေးသားတဲ့ နေရာမှာ အထိနာတဲ့သူတွေ။ အာဏာကို လက်မလွှတ်လိုတဲ့သူတွေနဲ့ ပတ်သက်ဆက်စပ်နိုင်တယ်လို့ ခန့်မှန်းပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်၍ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ဖော်ထုတ်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ယခုကဲ့သို့ တိုက်ခိုက်ခံရသည့် အတွက်လည်း EMG ၏ မူဝါဒနှင့် ရပ်တည်ချက် တို့ကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း ဦးဝေဖြိုးက ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့မ ရဲစခန်းက ပြစ်မှု ပုဒ်မ-၃၃၆/၄၂၇ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း Daily Eleven သတင်းစာက ဖော်ပြခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ယင်းအမှုအား (ပ)၃၀၇/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၄၄၀/၁၁၄ ဖြင့် စစ်ဆေး ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။