Politics

ဘားနီဆန်းဒါးစ် သို့မဟုတ် ဟီလာရီ ခြိမ်းခြောက်သူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အသက် ၇၃ နှစ်ရှိပြီ ဖြစ်သော ဗားမောင့် Vermont ပြည်နယ်မှ အထက်လွှတ်တော် အမတ် ဘားနီဆန်းဒါးစ် Bernie Sanders ထရပ်လိုက်သည့် အချိန် ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက သမိုင်းဝင် တည်းခိုခန်းတခု အတွင်း အပြည့်ရှိနေသည့် လူအုပ်ကြီးက ဆိုင်းဘုတ်များကိုဝှေ့ရမ်း၍ ခုန်ပေါက်ရင်း “ဘားနီ၊ ဘားနီ၊ ဘားနီ” ဟု သံပြိုင်ကြွေးကြော်လိုက်ကြသည်။

ဒီလိုမြင်ကွင်းမျိုးက ဒီမိုကရက်တစ်ပါတီတွင် အမေရိကန်သမ္မတလောင်းအဖြစ် ဘားနီဆန်းဒါးစ် မမျှော်လင့်ဘဲ ရုတ်တရက် အမည် စာရင်းတင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် မြင်နေကျ ဖြစ်လာခဲ့သည်။

သူ့ကိုယ်သူ ဆိုရှယ်ဒီမိုကရက်တယောက်၏ ဖော်ပြလေ့ရှိသော ဘားနီကို ထောက်ခံသူများပြားလာခဲ့ပြီး ဆန္ဒ ကောက်ခံမှုများတွင် ပါတီတွင်းပြိုင်ဘက် ဟီလာရီကလင်တန်ကို အနိုင်ရနိုင်ချေများလည်း မြင်လာရသည်။ ပြီးခဲ့သည့် အပတ်က နယူးဟမ့်ပ်ရှိုင်းယား New Hampshire ပြည်နယ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းတခုအရ သူနှင့် ဟီလာရီ တို့ကြား လူကြိုက်များမှု ကွာခြားချက်က ၈ ရာခိုင်နှုန်းသာရှိတော့သည်ကို တွေရသည်။

ဘားနီ၏ အောင်မြင်မှုက ဒီမိုကရက်ပါတီ၏ အခြေခံအဆင့်များကြား ဟီလာရီအပေါ် သံသယများ ဆက်လက်ရှိနေကြောင်း ဖော်ပြသလိုဖြစ်သည်။ ဟီလာရီ၏ အဖွဲ့က အများပြည်သူတို့ကို ထုတ်ပြန်ချက်များတွင် သတိထား ဆောင်ရွက်နေသည်။ ဘားနီကို ထောက်ခံသူများက သမ္မတလောင်း အမည်စာရင်း တင်သွင်းမှု ပါတီတွင်း ပြိုင်ပွဲတွင် ဘားနီ အနိုင်မရရှိခဲ့လျှင်ပင် ဟီလာရီကို အထိနာအောင်လုပ်နိုင်မည့် အလားအလာများရှိနေသည်ဟု အသိအမှတ်ပြုထားကြသည်။

“သူက ဟီလာရီ မလုပ်တဲ့ နည်းလမ်းတခုနဲ့ ဆောင်ရွက်နေပါတယ်” ဟု နယူးဟမ့်ပ်ရှိုင်းယား ပြည်နယ်မှ အထက် လွှတ်တော် အမတ်ဟောင်း တဦးဖြစ်သည့် ဘာ့တ်ကိုဟင် Burt Cohen ကပြောသည်။ သူက ဘားနီကို ထောက်ခံသူ တဦး ဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် အခန်းအနားသို့ တက်ရောက်ခဲ့သူဖြစ်သည်။ ထိုနေ့ မနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း အခမ်းအနားသို့ လူအများအပြား ရောက်မလာအောင် တားဆီးခြင်းမပြုနိုင်ခဲ့ပါ။ “သူက ပြည်သူတွေကြားချင်တဲ့ အကြောင်းတွေကိုပြောနေတယ်။ ပြည်သူတွေက မြင်နေကျကိုယ်စားလှယ်လောင်း တွေ နဲ့ ဘားနီက ခြားနားပါတယ်” ဟု သူက ဆိုသည်။

နာရီနှင့် ချီ၍ကြာသည့် မိန့်ခွန်းတွင် ဘားနီဆန်းဒါးစ်က ငွေကြေးချမ်းသာသူများ အခွင့်ထူးရနေခြင်းကို ဝေဖန် တိုက်ခိုက်ခဲ့ပြီး သူသာ သမ္မတဖြစ်လာခဲ့ပါက ကော်ပိုရေးရှင်းကြီးများက ၎င်းတို့နှင့် ထိုက်တန်မျှတသည့် အခွန်ပေး ဆောင်စေရန် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ သူပေးသော သတင်းစကား အများစုက ကောလိပ် အခမဲ့တက် ရောက်နိုင်ရေး၊ အလုပ်သမားတို့၏ အားလပ်ရက်ကို အာမခံခြင်း၊ နာမကျန်းခွင့်၊ မိသားစုဆိုင်ရာ ခွင့် နှင့် အနည်းဆုံး လုပ်ခလစာကို ၁ နာရီလျှင် ၁၅ ဒေါ်လာ အထိတိုးမြှင့်ရေး အစရှိသည့် ဆင်းရဲသားနှင့် လူလတ်တန်းစားများ၏ ဘဝမြှင့်တင်ရေး အပေါ်တွင် အဓိက ထားသည်ကိုတွေ့ရသည်။

“တပတ်မှာ နာရီ ၄၀ အလုပ်လုပ်ရတဲ့ သူတယောက်က ဆင်းရဲနွမ်းပါး မနေသင့်ဘူးလို့ ပြောတာဟာ အစွန်းရောက်တဲ့ စိတ်ကူးတခု မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်” ဟု ဘားနီက တက်ရောက်လာသူများကို ပြောကြားခဲ့သည်။

သူ၏ အောက်ခြေအဆင့် အားထုတ်မှုများတွင် စိတ်လှုပ်ရှားဖွယ်ရာများ ရှိနေသော်လည်း ဘားနီဆန်းဒါးစ် အပေါ် ပါတီမှ ထိပ်တန်းလူများက သံသယထားခြင်းနှင့် ရင်ဆိုင်နေရသည်။ လက်ရှိ အနေအထားမျိုးမှ ဆက်လက်တိုးတက်သွားနိုင်စွမ်း ရှိမရှိကို သံသယဖြင့် စောင့်ကြည့်နေကြသူများထဲတွင် သူ့ကို ထောက်ခံသူအချို့ပင် ပါဝင်နေသည်။ မဲဆန္ဒရှင်များက သူတို့၏ ကိုယ်စားလှယ်လောင်း အဖြစ် လိုချင်သူကို အလေးအနက် စဉ်းစားလာသည့်အခါ သူပျောက်ကွယ်သွားလိမ့်မည်ဟု အချို့က ဆိုကြသည်။ ဘားနီ ကိုယ်တိုင်ကပင်လျှင် ကြီးမားသည့်ပြည်နယ်များတွင် ယှဉ်ပြိုင်လာရသည့် အချိန် ရုပ်သံကြော်ငြာများလည်း ပိုမိုလိုအပ်လာမည်ဖြစ်သည့်အတွက် ငွေကြေးက အရေးပါသည့် ကိစ္စတခု ဖြစ်လာလိမ့်မည်ဟု လက်ခံထားခဲ့သည်။

လူနည်းစုမဲဆန္ဒရှင်များနှင့် ဆက်သွယ်မှုရနိုင်ရန် လုပ်ဆောင်စရာအများကြီး ရှိသေးသည်ဟုလည်း ဘားနီဆန်းဒါးစ်က ပြောသည်။ သူက နိုင်ငံသား အခွင့်အရေးကို ကာလရှည်ကြာစွာ လှုပ်ရှားခဲ့သည့် သမိုင်းကြောင်း ရှိသော်လည်း ဘားနီသည် လူဖြူအရေအတွက် ၉၅ ရာခိုင်နှုန်း ရှိနေသည်ကို ကိုယ်စားပြုသည့် အမတ်တဦး ဖြစ်သည်။ သူကို့ အာဖရိကနွယ်ဖွား အမေရိကန်များက ကောင်းစွာ မသိကြသေးပါ။

ဘားနီ၏ ကံကြမ္မာသည် ဘတ်သ်ပါဝါစ် Beth Powers ကဲ့သို့သော မဲဆန္ဒရှင်များပေါ်၌ မူတည်၍နေသည်။ ဘတ်သ်ပါဝါစ်သည် နတ်ရွှာမြို့နယ် Nashua community ကောလိပ်၏ အားကစားရုံတွင် ကျင်းပခဲ့သည့် ဘားနီ၏ မဲဆွယ်ပွဲကို တက်ရောက်ခဲ့သူဖြစ်သည်။ ပြည်နယ် အတွင်းတွင် ၇ ကြိမ်မြောက်ပြုလုပ်သည့် အဆိုပါပွဲသို့ ပရိသတ် ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

“ကျမ ဟီလာရီကိုချစ်ပါတယ်။ ဒါပေမယ့် ဘားနီ ရေပန်းစားလာတာကိုလည်း သဘောကျတယ်။ သူက အရေးကြီးတဲ့ အကြောင်းအရာတွေ အများကြီးပြောနေတယ်” ဟု အသက် ၄၈ နှစ် အ ရွယ် ကျောင်းဆရာမ တဦးဖြစ်သည့် ဘတ်သ်ပါဝါစ်က ပြောသည်။ သူက ဘားနီအကြောင်း ဖေ့ဘွတ်မှ တဆင့် စတင်သိရှိခဲ့သူဖြစ်သည်။ ဘားနီကို လေ့လာနေသည်ဟု ဘတ်သ်ပါဝါစ်ကပြောသော်လည်း အခက်အခဲ အနည်းငယ်ရှိနေသည်ကို ဝန်ခံခဲ့သည်။ “ကျမက လက်တွေ့ကျတဲ့သူတယောက်ပါ။ ငွေကြေးနဲ့ အဆက်အသွယ် အရ ကြည့်မယ်ဆိုရင် သူလုပ်ရမှာတွေ ရှိနေပါသေးတယ်။ ကျမတို့လို လူတွေသာ သူ့အတွက် ထွက်မလာခဲ့ကြရင် သူ့မှာ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

ဘတ်သ်အနီးမှာ ထိုင်နေသော နေသန်ရီတဲလ် Nathan Retelle ကတော့ အားကစားခန်းထဲမှာ ထိုင်နေသူတွေထဲတွင် ခိုင်မာသော သဘောထားကို ပိုပြီး ထင်ဟပ်ဖော်ပြနိုင်သူဖြစ်သည်။
“ကျနော် အမှန်တကယ် နိုင်စေချင်တဲ့သူ မရှိရင် ဘယ်သူ့ကိုမှ မဲမပေးဘူး” ဟု အသက် ၃၀ အရွယ်ရှိပြီ ဖြစ်သော နေသန်က ပြောသည်။ သူက ကျန်းမာရေးစောင့်ရှောက်မှု သတင်းအချက်အလက်ဆိုင်ရာ နယ်ပယ်တွင် အလုပ်လုပ် နေသူဖြစ်ပြီး ယခု အခမ်းအနားသို့ မက်ဆာချူးဆက် Massachusetts ပြည်နယ်မှ ကားမောင်းပြီး ရောက်လာခဲ့သည်။ “နိုင်ငံ ရေးသမား အမျိုးမျိုးက နည်းနည်းပဲ ကွဲပြားတာတွေကိုပဲ လုပ်နေခဲ့တာ ကြာပြီ” ဟု သူက ပြောသည်။

ဟီလာရီကလင်တန်၏ အကြံပေးများတွင်မူ လွန်ခဲ့သော လအနည်းငယ်ခန့်အထိ မာရီလန်း Maryland ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မာတင်အိုမဲလေး Martin O’Malley ကို အလား အလာ ကောင်းသည့် ပြိုင်ဘက်ဖြစ်လာမည်ဟု ယူဆထားခဲ့သည်။ အိုင်အိုဝါး Iowa ပြည်နယ် တွင် ဇွန်လ ၂၈ ရက်နေ့က မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သော မာတင်အိုမဲလေးသည် လူထုစစ်တမ်းကောက်ယူမှုအရ ဘားနီ၏ နောက်တွင်သာ ရောက်နေပြီး မဲဆန္ဒရှင်များနှင့် ကိုယ့်ကိုယ်ကို မိတ်ဆက်နိုင်ရန် လုပ်ဆောင်နေရဆဲ ဖြစ်သည်။

ဟီလာရီ၏ အောင်နိုင်ရေးအဖွဲ့က ဘားနီ၏ ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ တရားဝင်ဆွေးနွေးရန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း နည်းဗျူဟာက ရိုးရှင်းပါသည်။ ဟီလာရီက ဘားနီကို ယခုအချိန် တိုက်ခိုက်မည် မဟုတ်သေးပါ။ မဲဆွယ်ပွဲများတွင်လည်း ရည်ညွှန်းပြောဆိုမှုများ မပြုသေးပါ။ ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးပွဲမတိုင်မီအထိ သူ၏ မူဝါဒ အစီအစဉ်များ ထုတ်ပြန်ခြင်းနှင့် ပြိုင်ဘက်ပါတီ ရီပတ်ဘလီကန်ဘက်ကိုသာ တိုက်ခိုက်သွားလိမ့်မည်ဖြစ်သည်။

ဟီလာရီက ပြည်ဝင်ခွင့်မူဝါဒ ပြုပြင်ပြောင်းလဲရေး၊ မဲပေးခွင့်နှင့် လိင်တူလက်ထပ်မှု ကဲ့သို့သော အကြောင်းအရာများတွင် အလယ်အလတ်ကျသည့် အနေအထားကို ရယူထားသည်ဟု သူ့ကို ထောက်ခံသူများက မှတ်ချက်ပြုကြသည်။ ကျောင်းသားများ ကောလိပ်တက်နိုင်ရေးအတွက် ချေးငွေ၊ အနည်းဆုံးလစာ တိုးမြင့်ရေးနှင့် ခွင့်ရက်များတိုးချဲ့ရေးတို့ကို အဆိုပြု လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

ဇွန်လ အတွင်းက တောင်ပိုင်းကာရိုလိုင်းနား South Carolina ပြည်နယ် ချာလက်စတန် Charleston မြို့မှ ဘုရားကျောင်းတခုတွင် သေနတ်သမားတယောက်၏ ပစ်ခတ်မှုကြောင့် လူအများအပြား သေဆုံးခဲ့ရပြီးနောက်ပိုင်း ဟီလာရီက လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေး နှင့် လူမျိုးစု ဆိုင်ရာ ကိစ္စများကို အလေးပေးနေခြင်းကလည်း တောင်ပိုင်းနှင့် မြို့ပြနေရာများမှ အာဖရိကနွယ်ဖွား အမေရိကန်များကြား တွင် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု မရရှိသေးသည့် ဘားနီနှင့် သူ၏ ကြားတွင် မသိမသာနှိုင်းယှဉ်မှု တခု ဖြစ် စေခဲ့သည်။ ထို့ပြင် ဟီလာရီက အမျိုးသား အဆင့် လက်နက်ကိုင်ဆောင်မှု ထိန်း ချုပ်ရေးကို တောင်းဆိုနေပြီး သူ့ကို ထောက်ခံသူများက ဘားနီတွင် ထိုကိစ္စနှင့် ပတ်သက်သော မှတ်တမ်း မရှိ ဟု ထောက်ပြခဲ့ကြသည်။

ဟီလာရီက ရှေ့တိုး တည်ဆောက်နေကြောင်း သူ၏အဖွဲ့က ယုံကြည်နေသည်။ ဘားနီ၏ လူကြိုက်များမှုက တဖြည်းဖြည်း ကျဆင်းသွားလိမ့်မည်၊ အနည်းဆုံးတော့ သူ၏ သဘောတရားရေးရာများကြောင့် သူ့ကို ထောက်ခံမှုများ ကျဆင်းသွားမည်ဟု ယူဆထားကြသည်။ ကလင်တန်မျိုးဆက် နန်းတက်မည်ကို မမြင်ချင်ကြသည့်အတွက် ဘားနီကို ထောက်ခံသူများ ရှိလာခြင်းကတော့ နောက်ထပ် ဇာတ်လမ်းတပုဒ်ဖြစ်သည်။

ဟီလာရီကို ထောက်ခံသည့် ထင်ရှားသူတဦးဖြစ်သော မစ်ဇူရီ Missouri ပြည်နယ်မှ အထက်လွှတ်တော် အမတ် ကလဲမတ်ကက်စကေးလ် Claire McCaskill က ဘားနီသည် ဖျပ်ကနဲပေါ်လာပြီး အချိန်တိုအတွင်း ဖျပ်ကနဲပြန်ပျောက်သွားလိမ့်မည်ဟု ရုပ်မြင်သံကြား အစီအစဉ်တခုတွင် ပြောကြားခဲ့သည်။

“ဟီလာရီ အခုရနေတဲ့ ထောက်ခံမှုမျိုး ရှိတဲ့ တခြား ကိုယ်စားလှယ်လောင်းတွေ အကြောင်းပြောရမယ်ဆိုရင် အိုး ဘားနီပေါ့၊ ဒါပေမယ့် ဘားနီ၊ ဘားနီဆိုတာတွေ အားလုံးက တဒင်္ဂပါပဲ”ဟု ကလဲမက်ကက်စကေးလ်က MSNBC ရုပ်မြင်သံကြားဌာန၏ “Morning Joe” အစီအစဉ်တွင် ပြောခဲ့သည်။

ဇွန်လ ကုန်ပိုင်းက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ဘားနီက ဝါရှင်တန်မြို့တော်ရှိ လူအချို့က သူ့ အပေါ် လူအများ ထောက်ခံမှု အတိုင်းအတာကို ယူဆချက် လွဲနေသည်ပြောသည်။ ၎င်းတို့က သူ၏ ဆောင်ရွက်မှုများက လစ်ဘရယ်ဝါဒီများ အတွက်သာ ဖြစ်နေသည်ဟု မှားယွင်းစွာ ထင်မြင်နေကြသည်ဟုလည်း ဆိုသည်။

“အမှန်ကတော့ ဒီနိုင်ငံက မဲဆန္ဒရှင် အများစုဟာ လူလတ်တန်းစားတွေနဲ့ အလုပ်သမားလူတန်းစားတွေ ဖြစ်နေကြပါတယ်။ ဒီလို လူအများစုဟာ ရွေးကောက်ပွဲတွေမှာ ငွေလုံးငွေရင်းနဲ့ ဝယ်ယူနိုင်တဲ့ နိုင်ငံရေး စနစ်တခုကြောင့် နစ်နာနေကြရတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့က ကျနော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း စိတ်ကုန်နေကြပါပြီ။ တကယ်လို့ ကျနော် တို့က သူတို့ကတဆင့် ဆောင်ရွက်မယ်ဆိုရင် ဒီမိုကရက်တစ်ပါတီတွင်း ယှဉ်ပြိုင်မှုမှာသာမက သမ္မတ ရွေးကောက်ပွဲမှာလည်း အောင်မြင်ပါလိမ့်မယ်” ဟု ဘားနီက ပြောသည်။

( Washington Post သတင်းစာပါ John Wagner and Anne Gearan ၏ In Bernie Sanders, an unlikely — but real — threat to Hillary Clinton ကို ဆီလျော်အောင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading