အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ခေါင်းဆောင်များအကြား တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် ရန်ကုန်မြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့ တွေ့ဆုံ၍ ညှိနှိုင်းကြရန် ၂ ဖက်တာဝန်ရှိသူများက သဘောတူညီလိုက်ကြကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ (EAOs’ Senior Delegation) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင် ရေး လုပ်ငန်းဗဟိုဌာန (MPC) တို့ ဇူလိုင်လ ၁၅ ရက်နေ့ကတွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပါ သဘောတူညီ ချက်ထွက် ပေါ်လာခြင်းဖြစ်သည်။
တိုင်းရင်းသား ညှိနှိုင်းရေးအဖွဲ့ (SD) ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် က “ဒီနေ့(ဇူလိုင်လ ၁၅ ရက်နေ့) ဆွေးနွေးတာက ဆက်လက်ပြီးတော့ NCA ပြင်ဆင် ဖြည့်စွက်ပြီးတော့ အချောသပ်နိုင်ဖို့အတွက် ဆွေးနွေးတာဖြစ်တယ်။ နောက်တချက် ကတော့ ဒီလ ၂၂ ရက်နေ့မှာ အစည်း အဝေး လုပ်ဖို့ဆွေးနွေးတာ” ဟု ဇူလိုင်လ ၁၅ ရက်နေ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကိုပြောသည်။
နှစ်ဖက် သဘောတူညီချက်အရ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သည့် အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD) အဖွဲ့တို့ ရန်ကုန်မြို့ MPC ရုံး တွင် ဇူလိုင် ၂၂ ရက်နေ့တွင် စတင်ဆွေးနွေးကြမည်ဖြစ်သည်။
ရန်ကုန်မြို့တွင်ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲတွင် လော်ခီးလာညီလာခံ မူဝါဒ တခုဖြစ်သော အပစ်ရပ်လက်မှတ် ရေး ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်ရေးဆိုသော ပြင်ဆင်ဖြည့်စွက်ချက် အပါအဝင် ပြင်ဆင်ဖြည့်စွက်ချက်များအားလုံး ကို ဆွေးနွေးညှိနှိုင်းသွားမည်ဟု နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။
MPC မှ ဦးလှမောင်ရွှေ က “နှစ်ဖက်လုံးခေါင်းဆောင်တွေကတော့ NCA ကိုအမြန်ဆုံး ညှိနှိုင်းဆွေးနွေး ပြီးတော့ အချောသပ် နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကတော့ တူပါတယ်” ဟု စည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။
အပစ်ရပ် သဘောတူ စာချုပ်ကို အစိုးရက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ရေးထိုးရန် ဆန္ဒပြင်းပြနေသော်လည်း လက်မှတ် ထိုးရာတွင် လော်ခီးလာညီလာခံက အတည်ပြုလိုက်သည့် ပြင်ဆင်ဖြည့်စွက်အချက်များကို တပ်မတော်နှင့် အစိုး ရ က ပြင်ဆင်လိုခြင်း မရှိကြောင်း၊ အစိုးရက NCA ကို အဖွဲ့ ၁၅ ဖွဲ့နဲ့သာကနဦးလက်မှတ်ထိုးရန် သဘောထားရှိကြောင်း ကျန်အဖွဲ့များကို ဒုတိယ အဆင့် သို့မဟုတ် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်၌သာပါဝင်လာနိုင်ရေး သဘောထားရှိကြောင်း၊ တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သော ကိုးကန့်အဖွဲ့ (MNDAA) ကိုလက်ခံရေးတွင်လည်း သဘောထား တင်းမာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့က ပြောသည်။
လော်ခီးလာ ညီလာခံတွင် တိုင်းရင်းသား ခေါင်းဆောင်များက တညီတညွှတ်တည်း သဘောတူချမှတ်ထားသည့် NCA လက်မှတ်ထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအားလုံးပါဝင်ရေး မူအတိုင်း ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်ဆွေးနွေးပွဲတွင် ကြိုးပမ်းသွားမည်ဟု တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD) ခေါင်းဆောင်များ ကပြောသည်။
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဥက္ကဌ ဗိုလ်မှူးကြီး တာ့အိုက်ဖုန်း က “အစိုးရဖြစ်စေချင်တဲ့ နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးကို ရာနှုန်းပြည့် ချောချောမောမော လက်မှတ်ထိုးနိုင်ပြီးတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို အားလုံးသွားနိုင် မယ်လို့ ကျနော်တို့ မြင်ပါတယ်။ တကယ်လို့ တဖွဲ့နှစ်ဖွဲ့ချန်ထားလို့ရှိရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကို လွှမ်းခြုံပါ့မလား ဆိုတာကို ကျနော်တို့စိုးရိမ်မှုရှိတယ်။ အစိုးရဘက်ကလည်း ဒီလိုမျိုးစိုးရိမ်မှုရှိမယ်လို့ ယုံကြည် ပါတယ်။ ဒါကြောင့် အားလုံး ပါဝင်ရေး ဆက်ဆွေးနွေးရမှာပါ” ဟု ပြောသည်။
အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုထားသည့် အဖွဲ့ ၁၄ ဖွဲ့ထဲတွင် ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီအမျိုးသာတိုးတက်ရေးပါတီ (KNPP) အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- PC)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ- ကပ်ပလန် (NSCN-K) တို့ဖြစ်ပြီး ကချင်လွတ်လပ် ရေး တပ်မတော် (KIO) ကို ထပ်တိုးအဖြစ် လက်ခံထားကြောင်း သိရှိရသည်။