ကမ္ဘာတလွှားတွင် နိုင်ငံတကာအကူအညီပေးရေး လုပ်ငန်းများအပေါ် စောင့်ကြည့်မှုများ ပိုမိုကျယ်ပြန့်လာ နေသည်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ ချဉ်းကပ်မှု အများစုသည် အထက်အောက် ပုံသဏ္ဌာန် ဗဟိုချုပ်ကိုင်မှု များလွန်းပြီး ဒေသအခြေအနေနှင့် လိုက်လျောညီထွေမှု မရှိသလို ထိရောက်မှုလည်း မရှိဟု နိုင်ငံတကာ အကူအညီ ပေးရေး လုပ်ငန်းများအား ပုဂ္ဂလိက လုပ်ငန်းသဖွယ် ဆောင်ရွက်မှုများ အပေါ် ဝေဖန်ထောက်ပြမှုများ ရှိသည်။
ပြုပြင်ပြောင်းလဲရေးသမားများက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းကြီးများနှင့် ဒေသတွင်း လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ အကြား ဆက်သွယ်ရေး အပေါ် မေးခွန်းထုတ်လာကြသည်။ ထောက်ပံ့ငွေ မည်မျှ သုံးစွဲရန် မည်သူက ဆုံးဖြတ် သနည်း။ ယင်းသို့ ဆုံးဖြတ်ရမည့် အခွင့်အာဏာ မည်သူ့တွင် ရှိသနည်း။ မကြာခဏ ဆိုသလို ဒေသတွင်း အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ်ရာတွင် လည်း ဒေသတွင်းမှ ပုဂ္ဂိုလ်များ ပါဝင်လေ့မရှိ ဆိုသည့် အချက်များ ဖြစ်သည်။
လူမှုရေးလုပ်ငန်းများ တစိုက်မတ်မတ် လုပ်ဆောင်နေပြီး မြန်မာပြည်၏ လူမှုအဖွဲ့အစည်းများ အကြား ဩဇာရှိသူ တဦးဖြစ်သည့် ရာမွန်မက်ဆေးဆေး ဆုရှင်၊ မေတ္တာဖောင်ဒေးရှင်း၏ နာယက လဖိုင်ဆိုင်းရော်က နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များအနေဖြင့် ရှိရင်းစွဲ ကူညီပေးမှုများနှင့် ခြားနားသော နည်းလမ်းဖြင့် အကူအညီ ပေးရန် လိုအပ်ကြောင်း အီးမေးလ်မှတဆင့် ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းနှင့် ဆွေးနွေးထား သည်။
မေး။ ။ မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ်ကတည်း အကူညီ အထောက်အပံ့တွေ အလုံးအရင်းနဲ့ ရရှိလာနေတယ်။ လက်ရှိ အကူအညီပေးနေတဲ့ စနစ်အပေါ် ဆရာမ အမြင်ကို သိပါရစေ။
ဖြေ။ ။ အာဏာရအစိုးရရဲ့ နှစ်ပေါင်းများစွာ စီမံခန့်ခွဲ မှု အလွဲတွေ၊ မရပ်စဲနိုင်သေးတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိုင်းပြည်တိုးတက်ရေးက တုံ့ဆိုင်းနေတာ။ အဲဒီ အခြေအနေကနေ တိုးတက်လာဖို့ ဖြတ်လမ်းနည်းနဲ့ ချက်ချင်း ပြောင်းယူ ပြုပြင်ယူလို့တော့ မရနိုင်ဘူးပေါ့။ သို့ပေမယ့် ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်မှု လုပ်လာနိုင်မယ့် အချိန်၊ သူတို့ အသံတွေကို ပြန်လည် ထုတ်ဖော်ပြောဆိုလာနိုင်မယ့် အချိန်တွေက ကျမတို့ နိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဆုံးအဖြတ်ပေးတဲ့ အရာတွေ ဖြစ်လာမယ်။
ဒေသတွင်း NGO တွေ၊ လူမှုအသိုက်အဝန်း အခြေပြု အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေက ဒီဒေသ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မလား ဆိုတာ ကျမတို့ ဒေသခံတို့ကို အားပေးကူညီမှု လုပ်နိုင်/မလုပ်နိုင် အပေါ် မူတည်တယ်။
စိတ်မကောင်းစရာက အဲဒီ ၂၀၁၁ ခုနှစ် ကတည်းက သက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေမှာ ဒေသတွင်း အဖွဲ့တွေရဲ့ ဦးစီး ဆောင်ရွက်ခွင့် နည်းပါးလာတာပဲ။
မကြာခဏဆိုသလိုပဲ နိုင်ငံတကာ အလှူရှင် ကြီးတွေက သူတို့နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအပြင် သူတို့ရဲ့ ရုပ်လုံး မပေါ်သေးတဲ့ လုပ်ငန်းအစီအစဉ်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ဒေသတွင်း NGO တွေ၊ ဒေသခံ လူမှု အဖွဲ့အစည်းတွေကို ချဉ်းကပ်ကြပါတယ်။ အဖွဲ့အစည်းကြီးတွေရဲ့ အဲ့ဒီ အလေ့အထက ဒေသတွင်းအဖွဲ့တွေကို ဘေးဖယ် လိုက်သလို ဖြစ်နေပြီး ဒေသတွင်းအဖွဲ့တွေရဲ့ဖန်တီး လုပ်ဆောင်နိုင်မှုတွေကို ဖြတ်ချလိုက်တာပဲ။
အဲ့ဒါက အလှူရှင်တွေ လိုလားတာနဲ့ ဒေသတွင်း လိုအပ်နေတဲ့ ဖွံ့ဖြိုးရေး လိုအပ်ချက်နဲ့က အကွာကြီး ကွာတယ် ဆိုတာ ပြတာပဲ။ ကျမတို့ အတွက် ဖွံ့ဖြိုးရေး လိုအပ်ချက်ဆိုတာက ပြည်သူ့ဘဝ ရှင်သန်ရပ်တည်ရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးမှုရေး တွေ၊ ဒါတွေက လုပ်ငန်း ဈေးကွက်တခု မဟုတ်သလို ဆက်စပ်နေတဲ့ ဗျူရိုကရက် အုပ်ချုပ်ရေး အကြောင်းလည်း မဟုတ်ဘူး။
တိုင်းပြည်က ပိုမိုပွင့်လင်းလာနေသလို ငွေကြေး အကူညီတွေလည်း ပိုဝင်လာနေပြီ ဆိုပေမယ့် အရပ်ဘက် အဖွဲ့အစည်းတွေက စိန်ခေါ်မှုတွေ ပိုရင်ဆိုင် နေရတာ ဆိုတော့ ဒါဟာ အထင်နဲ့လက်တွေ့ ကွဲပြားတဲ့ အချက်ပါပဲ။
နိုင်ငံတကာ ကူညီပေးရေး အေဂျင်စီတွေက ပရောဂျက်အခြေပြု သို့မဟုတ် ကဏ္ဍအလိုက် ဦးတည်ဆောင်ရွက်တဲ့ အဖွဲ့တွေ ဖြစ်လာတာကိုပဲ ကျမတို့ တွေ့နေရတယ်။ အဲ့ဒီလိုဆိုတော့ သူတို့တွေ လူမှုအသိုက်အဝန်း စွမ်းရည် မြှင့်တင်ရေး အကြောင်းကို ပြောဆိုနေတာက အဓိပ္ပာယ် မရှိပါဘူး။
နိုင်ငံတကာ ကူညီပေးရေး အေဂျင်စီတွေက မြန်မာ့ လူမှုအဖွဲ့အစည်းကို ဘာကြောင့် အထောက်အပံ့ ပေးတာလဲ။ သူတို့ အနေနဲ့ ငွေအများအပြားထုတ် ထောက်ပံ့ပေးဖို့လိုပြီး ဒီငွေတွေကို အစိုးရပေးလို့ မရတာ ကြောင့်လား။ လူထုအခြေပြု အဖွဲ့တွေက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ မလုပ်နိုင်တဲ့ ဒေသခံတွေနဲ့ တိုက်ရိုက် ဆက်သွယ်ရှိပြီး တိုက်ရိုက် ဝင်ရောက်လုပ်ကိုင်နိုင်တာကြောင့်လား.. စတဲ့အကြောင်းပြချက်တွေက စဉ်းစားစရာပါ။
လူထုအခြေပြုအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အကြောင်းပြချက်တွေက ကူညီရာ မရောက်ပါဘူး။ ဘာလို့လဲ ဆိုတော့ အခြေအနေတွေ ပြောင်းလဲတာနဲ့ သူတို့ရဲ့ အကူအညီက အစိုးရ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO စတဲ့ သူတွေဆီ ပြန်ကူးသွားမှာပဲ။
အဲဒီ အခြေအနေက အခုလက်ရှိ ဖြစ်ကို ဖြစ်နေပြီ။ ကျမတို့ရဲ့ အလှူရှင်တွေအနေနဲ့ အရပ်ဘက် လူမှုအဖွဲ့ အစည်း တွေကို အကြောင်းပြချက် မှန်ကန်စွာနဲ့ ဆက်လက် ထောက်ပံ့နေစေချင်တယ်။ မှန်ကန်တဲ့ အကြောင်းပြချက်ဆိုတာက လူမှုအဖွဲ့အစည်းတွေက မြန်မာ့အနာဂတ်မှာ အရေးကြီးတဲ့ အခန်း ကဏ္ဍက အဓိက လှုပ်ရှားဆောင်ရွက်နေကြတဲ့ သူတွေ အဖြစ် အသိအမှတ်ပြုဖို့ ဖြစ်တယ်။
လူမှု အဖွဲ့အစည်းတွေ အားကောင်းပြီး ခိုင်မာလာစေဖို့သာ ဦးတည်သင့်တယ်။ လူမှုအဖွဲ့အစည်းတွေကို အကူအညီတွေကို ဖြန့်ဝေရာမှာ သုံးတဲ့ အသွင်ကူးပြောင်းရေး လက်နက်အဖြစ် အသုံးမချသင့်ဘူး။
ဒါ့အပြင် ထောက်ပံ့ကြေး အပြည့်အဝ မပေးတဲ့ ပရောဂျက် ရန်ပုံငွေ အဆိုပြုလွှာတွေ အတွက် (ဒေသတွင်းနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ လျှောက်ဖို့) ခေါ်တာကလည်း ရှိနေဆဲပါ။ တကယ်တော့ ဒီလို ရန်ပုံငွေ အဆိုပြုလွှာ အစီအစဉ်က နိုင်ငံတကာ NGO တွေကိုပဲ ဒီလုပ်ငန်းတွေ တရားဝင်လုပ်ကိုင် ခွင့်ရတဲ့သူ ဖြစ်ဖို့ အခွင့်အလမ်းပေးတာပဲ။
အဆိုးဆုံးက ဒီရန်ပုံငွေရသွားတဲ့ အဖွဲ့တွေက ကျမတို့နဲ့ လက်တွဲလုပ်ဆောင်ရတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ ဖြစ်နေတာပဲ။
ဒါဟာ အရမ်းကို အထက်-အောက် အာဏာရှင် ဆန်လွန်းတယ်လို့ ကျမတော့ အခိုင်အမာ ယုံကြည်တယ်။ ဒေသတွင်းက လျှောက်ထားသူတွေကို ဦးစားပေးရမှာ ဖြစ်ပြီး ကျမတို့က ဘယ်သူနဲ့ လက်တွဲလုပ်ဆောင်မယ် ဆိုတာ ကျမတို့မှာ ရွေးချယ်ခွင့် ရှိရမယ်။
ကျမတို့ရဲ့ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်လက် လက်တွဲချင်သလို လက်တွဲဖို့လည်း လိုကို လိုအပ်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတခုတော့ ရှာရမှာပါ။
မေး။ ။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ချဉ်းကပ်မှု ပုံသဏ္ဌာန် ပြောင်းလဲလာဖို့ ဘာတွေ အကြံပြုချင်ပါလဲ။
ဖြေ။ ။ သူတို့ရဲ့ ရန်ပုံငွေ ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မဟာဗျူဟာတွေကို သေချာစဉ်းစားဖို့ တိုက်တွန်းလိုတယ်။ အဲဒီထဲမှာ နည်းနာတွေ ဆောင်ရွက်ပုံတွေ တင်ပြတဲ့အခါ ဒေသသုံး ဘာသာစကားကို အသုံးပြုဖို့ပါတယ်။ ဒေသက လုပ်နိုင်တာကို မထောက်ပံ့တဲ့ နည်းလမ်းတွေ အပြင် အသေးစိတ် လွန်းပြီး ရှုပ်ထွေးတဲ့ စီမံချက်များ တင်ပြတာကို ရှောင်ကြဉ် သင့်ပါတယ်။
ပြီးတော့ ဒေသတွင်း NGO တွေမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထောက်ပံ့နိုင်ရေး အတွက် အဓိကက ရန်ပုံငွေ လိုအပ်ချက်ဖြစ်တယ် ဆိုတာ သိထားဖို့ လိုပါတယ်။ ဥပမာ အားဖြင့် ကျွမ်းကျင် ပညာရှင် ဆိုင်ရာ စံသတ်မှတ်ချက်တွေ တိုးမြှင့် လုပ်ဆောင်ရေးနဲ့ ထိန်းသိမ်းရေးတို့ ပါ။ အဲဒီထဲမှာ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှု ကောင်းရေး၊ တာဝန်ခံမှု၊ အကူအညီတွေကို ဦးစားပေး ရွေးချယ်လုပ်ဆောင်ခြင်း၊ အရည်အသွေး မှန်ကန်မှုနဲ့ လွတ်လပ်ဖို့တွေ ပါတယ်။ နောက် ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အလုပ်နဲ့ပတ် သက်တဲ့ကဏ္ဍ စသဖြင့် ပေါ့။
ကျမတို့ ဝန်ထမ်းတွေကို ဆက်လက်ခန့်ထား နိုင်ဖို့အတွက်လည်း လုံလောက်တဲ့ရန်ပုံငွေ လိုတယ်။ မဟုတ်ရင် ကျမတို့ရဲ့ တကယ့်လုပ်နိုင် ကိုင်နိုင်တဲ့ ဝန်ထမ်းတွေက ပိုအဆင်ပြေတဲ့ နေရာတွေဆီ ပြောင်းသွားတတ်ကြတယ်။
ရန်ပုံငွေ တောင့်တောင့်တင်းတင်း မရှိတော့ရင် လုပ်ငန်းအစီအစဉ်တခု ပြီးတာနဲ့ မဟာဗျူဟာကျ အစီအစဉ်တွေ ဆက်မလုပ်နိုင်ဘဲ ဆုံးရှုံးမှုတွေ ရှိလာတယ်။
ဘယ်လို အဆိုပြုလွှာမျိုးပဲ ဖြစ်ဖြစ် မတင်ခင်မှာ ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတဲ့အခါ အခြေခံ လူထုကနေ မူဝါဒရေးဆွဲတဲ့ လူတွေအထိ အလွှာအသီးသီးက ပုဂ္ဂိုလ်တွေပါ ပါဝင်တဲ့ ဆွေးနွေးပွဲတွေ၊ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ရမယ် ဆိုတာ သတိထားဖို့ အရေးကြီးတယ်။
ကျမ ဆိုလိုတာက ဒီလို လုပ်ဆောင်တယ် ဆိုတာ လူမှုရေး လုပ်ငန်းတွေ အပေါ် အားလုံး စိတ်ပါဝင်စားအောင် မျိုးစေ့ချပေးတဲ့ သဘော။ အဲဒီတော့ ပါဝင် လာတဲ့သူ အားလုံးရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ဖို့ ကျမတို့မှာလည်း တာဝန်ရှိလာတယ်။
ဥပမာ ဥရောပကော်မရှင်က (အကူညီပေးရေး လုပ်ငန်းကြီးတွေ အတွက်) လျှောက်လွှာခေါ်တယ် ဆိုပါစို့။ အထက်က ပြောခဲ့တဲ့ အချက်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေလုပ်ဖို့ သတိပြုရမယ်။
မေး။ ။ အလှူရှင် အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ ရပ်တည်နိုင်ရေး အတွက် အဓိကကျတဲ့ ရန်ပုံငွေ မရှိဘဲ မရပ်တည်ကြ ပါဘူး။ ဒါပေမယ့် ဒေသတွင်း အဖွဲ့အစည်းတွေကတော့ ရန်ပုံငွေ မရှိလည်းပဲ ရပ်တည် နေကြတာပဲ။ အဲဒီအချက်ကို အလှူရှင် တွေက ဒေသခံတွေ မြင်သလို မြင်လာတဲ့လက္ခဏာ တွေ့နေ ရပြီလား။
ဖြေ။ ။ အခုက အလှူရှင်ကြီးတွေ ပိုရောက်လာပြီး တနိုင်ငံလုံး ဖွင့်လိုက်တဲ့ ရုံးတွေကလည်း မနည်းတော့ ပိုဆိုးလာတယ် လို့ပဲ ပြောရပါမယ်။
ကျမတို့နဲ့ လက်တွဲလုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့တချို့ရဲ့ အဖွဲ့တွင်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကလည်း သူတို့ ဘယ်လို အလုပ်လုပ်သလဲ ဆိုတဲ့အပေါ် သက်ရောက်မှုရှိပါတယ်။ တခါတရံ သူတို့ရဲ့ အသုံးစရိတ်တွေကို ဒေသတွင်း အဖွဲ့တွေရဲ့ အသုံးစရိတ်နှုန်း အတိုင်း လိုက်ပြီး ညှိလိုက်တာမျိုးတွေ ရှိပါတယ်။
ပြည့်စုံလုံလောက်ပြီး ကျိုးကြောင်းသင့် ရန်ပုံငွေ မရရှိခြင်းက ဒေသတွင်း အဖွဲ့အစည်းတွေ အတွက် အသေးအမွှား စိန်ခေါ်မှု မဟုတ်ပါဘူး။ တကယ်လို့ ဒေသတွင်း NGO တွေ ကိုယ်တိုင်က အင်အားချည့်နဲ့ နေမယ်ဆိုရင် လူမှုဝန်းကျင် ရှင်သန်အားကောင်းရေး ကြိုးပမ်းဖို့ ပိုခက်ခဲလာစေပါလိမ့်မယ်။
မေး။ ။ နိုင်ငံတကာ အေဂျင်စီတွေက ဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ ဒေသတွင်း လူမှုအဖွဲ့ အစည်းတွေရဲ့ ဦးဆောင်မှု တွေကို လက်ခံလိုလားမှု မရှိ ဖြစ်နေပုံ ရပါတယ်။ ဒီလိုဖြစ်တာ ဘာကြောင့်လို့ ထင်မြင်ပါသလဲ။
ဖြေ။ ။ တချို့နိုင်ငံတကာ အေဂျင်စီတွေက ကုလသမဂ္ဂနဲ့ အလှူရှင်တွေရဲ့ လုပ်ငန်းစဉ်နဲ့ နီးစပ်ပါတယ်။ တချို့ကတော့ တကယ့် အခြေအနေမှန်နဲ့ ပိုနီးစပ်ပြီး ဒေသတွင်း လှုပ်ရှား လုပ်ကိုင်နေသူတွေကို ထောက်ပံ့မှုများ ပေးနေပါတယ်။ ခုချိန်က နိုင်ငံတကာ အေဂျင်စီများအနေနဲ့ ဒေသတွင်း NGO တွေကို အသိအမှတ်ပြု လက်ခံဖို့နဲ့ မဟာဗျူဟာတွေ ပူးတွဲ ရေးဆွဲရေးနှင့် အပြန်အလှန်အသိအမှတ်ပြုမှု စတာတွေမှာ ချိတ်ဆက်ဆောင်ရွက်ဖို့ အချိန်ဖြစ်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ နှစ်က ဆရာမရဲ့ မိန့်ခွန်း အတော်များများမှာ “စစ်တပ်က အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထိုးနိုင်တယ်၊ ဒါပေမယ့် ငြိမ်းချမ်းရေးကိုတော့ ပြည်သူတွေကသာ ဖန်တီးဖော်ဆောင်နိုင်မှာ ဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒီအယူအဆအပေါ် ပိုမိုနားလည်လာတဲ့ အရိပ်အယောင်တွေကို မြင်တွေ့ရပြီလား။
ဖြေ။ ။ ဟုတ်ကဲ့။ အပစ်ခတ်ရပ်စဲခြင်း ဆိုတာနဲ့ ငြိမ်းချမ်းခြင်း ဆိုတာတွေရဲ့ ခြားနားချက်ကို သိဖို့လိုတယ်ဆိုတာ ကျမ တလျှောက်လုံး အလေးထားပြော နေခဲ့တာပါ။
“ငြိမ်းချမ်းရေး” ဆိုတာ လူမှုရပ်ဝန်းရဲ့ ထင်ဟပ်ချက် ဖြစ်ပြီး စစ်တပ်ဘက်က လူတွေနဲ့ချည်း ငြိမ်းချမ်းရေး ဖြစ်လာမှာ မဟုတ်သလို ပြည်သူတွေရဲ့ဆန္ဒရဲ့ ခေါင်းဆောင်မှု မရှိရင်လည်း ငြိမ်းချမ်းလာမှာ မဟုတ်ဘူး။ ဒီပြည်သူတွေ ကိုယ်တိုင်က ငြိမ်းချမ်းရေးကို တည်ဆောက်သူတွေ၊ ငြိမ်းချမ်းစွာ နေထိုင်ကြသူတွေ ဖြစ်တယ်။
အဲ့ဒါကြောင့် ကျမတို့ အားလုံး ပေါင်းစည်း စုစည်း လုပ်ဆောင်ရမယ့် အကြောင်း ကျမ ပြောပြော နေတာပါ။ ကျမတို့ ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးအားလုံး စုစည်းစွာနဲ့ လက်ရှိ ဖြစ်နေဆဲ ပဋိပက္ခတွေရဲ့ အရင်းအမြစ်ကို ရှာဖွေ ဖြေရှင်းရမှာပါ။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ၊ စစ်အုပ်စုကြီးစိုးမှု၊ လူ့အခွင့်အရေးချိုးဖောက် မှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု၊ ပြောင်းရွှေ့အခြေချမှု၊ ဆင်းရဲမွဲတေမှု၊ တရားမဝင်ပြောင်းရွှေ့မှု၊ အနိမ့်ဆုံး လုပ်ခလစာ၊ လူကုန်ကူးမှု၊ တရားမဝင် မူးယစ်ဆေး အလွဲသုံးမှုနဲ့ အကျင့်ပျက်ခြစားမှု စတဲ့ များပြားလှတဲ့ အကြောင်းအရာတွေပါတဲ့ သံသရာ စက်ဝိုင်းကို ရပ်တန့်ပစ်နိုင်ဖို့ လိုတယ်။ ဒါမှမဟုတ်ရင် ဒီသံသရာက ဘယ်တော့မှ ဖြတ်နိုင်မှာ မဟုတ်ဘဲ နောက်တက်လာမယ့် အစိုးရလည်း ဆက်ကြုံရမှာပဲ။ ဒီလိုဆက်ဖြစ် နေရင် အခက်အခဲ အကျပ်အတည်းတွေကို တနိုင်ငံ လုံးအတိုင်းအတာထိ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
အားရစရာကောင်းတာက အခု လုပ်ငန်းစဉ် အဆင့်ဆင့်တွေ ရှိလာနေပြီးတော့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ ကွန်ရက်ချိတ်ဆက်မှု ကလည်း ကျမတို့ နိုင်ငံသမိုင်းမှာ အရင်ကထက် ပိုကောင်း လာနေတယ်။
မေး။ ။ လက်ရှိ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်က ရေရာသေချာမှု ရှိပုံ မရဘူး။ အဲဒီအပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းမှုတွေသာ မအောင်မြင်ဘူးဆိုရင် လွန်ခဲ့တဲ့ ၄ နှစ်တာ ကာလ အတွင်း မြန်မာပြည်မှာ ကြုံနေရတဲ့ ကသောင်းကနင်း အခြေအနေက ၂၀၁၅ ခုနှစ်မှာ နှစ်ဆမဟုတ် သို့မဟုတ် ၃ ဆလောက် ပိုလာနိုင် ပါတယ်။ အဲဒါကြောင့် မကြာသေးခင်က (ငြိမ်းချမ်းရေး ဆွေးနွေးပွဲ) အခြေအနေတွေ အပေါ် စိုးရိမ်ပူပန်မှု ရှိပါတယ်။ ကျမတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အထိရောက်ဆုံး တုံ့ပြန်နိုင်ဖို့ ခိုင်မာအားကောင်း တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တည်ဆောက်ရေးကို ကျမ ယုံကြည်တယ်။
ဘာပဲ ဖြစ်ဖြစ် အစိုးရရဲ့ နိုင်ငံပိုင်ဌာနကြီးတွေနဲ့ နိုင်ငံရေးပိုင်း အားနည်းလာရင်တောင် ခိုင်မာအားကောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်းကနေ ဒီအကျပ်အတည်းတွေကို ကျော်လွန်နိုင်ပြီး ပြန်လည်ထူထောင်ရေးတွေ သေချာပေါက် ဖော်ဆောင်နိုင်မှာပါ။ မြန်မာပြည် အနေအထားအရ အရပ်ဘက်အဖွဲ့အစည်းတွေ ရှင်သန် အားကောင်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုတာ အပြန်အလှန် အမှီသဟဲပြုနေ ကြတာလို့ ကျမ တလျှောက်လုံး ပြောနေခဲ့တာ လေ။
ယနေ့ကာလ ဆောင်ရွက်ချက်တွေက လာမယ့် အနာဂတ်ကို ထုဆစ်ဖို့ သေချာတဲ့ ကြိုးပမ်းမှုတွေ ဖြစ်သင့်ပါတယ်။ ယခုကတည်းက အရည်အသွေးမီ ပညာရေးနဲ့ ဂုဏ်သိက္ခာရှိပြီး ရေရှည်ခံ အသက်မွေးမှု လုပ်ငန်းများ ဖန်တီးပေးခြင်း၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော်အတွင်း အရောင်အသွေးစုံနဲ့ ဖွဲ့စည်းထားတဲ့ မတူကွဲပြားသော တိုင်းရင်းသား လူမျိုးစုများ၏ ဖြစ်တည်မှုကို ဖော်ညွှန်းသည့် အဖိုးတန် ယဉ်ကျေးမှု ဓလေ့များကို မြှင့်တင်ခြင်းနှင့် လေးစားခြင်း စတာ တွေ လုပ်ဆောင်ရမှာပါ။
မေး။ ။ ဆရာမက မေတ္တာဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာအဖြစ်က အနားယူပြီးနောက်ပိုင်း လတ်တလော ဘာတွေ အဓိကထား လုပ်ဆောင်နေပါလဲ။
ဖြေ။ ။ ကျမ ဘဝရဲ့ အဓိက ရည်ရွယ်ချက်က အားကောင်းတဲ့ ရှေရည်ခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု အစစ်အမှန်ဖြစ်တဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေ အပြည့်အဝရရေး စတဲ့ ပြည်သူ့လုပ်ငန်းတွေကို အမြဲ အားပေးထောက်ပံ့နိုင်ရေး ပါ။
အကူအညီပေးရေး အေဂျင်စီတွေ အနေနဲ့ မြန်မာပြည်မှာ လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အလေးအနက် စဉ်းစားဖို့နဲ့ သူတို့ လုပ်နိုင်တဲ့ စွမ်းဆောင်နိုင်မှုကို စဉ်ဆက်မပြတ် ဆန်းစစ်နေဖို့ လိုတယ်ဆိုတာ အမြဲဆော်ဩနေတယ်။
၂၀၁၃ ခုနှစ်က ရာမွန်မက်ဆေးဆေး (Ramon Magsaysay) ဆုနဲ့ အတူ ချီးမြှင့်ခံခဲ့ရတဲ့ အမေရိ ကန် ဒေါ်လာ ၅ သောင်းကိုလည်း ဧရာဝတီမြစ် အနာဂတ်တိုင် ဆက်လက်စီးဆင်းနိုင်စေရေး ရည်ရွယ်ပြီး ရန်ပုံငွေတရပ် ထူထောင်ထား ပါတယ်။ ဧရာဝတီ မြစ်ဟာ မတူကွဲပြားတဲ့ ကျမတို့တိုင်းရင်းသားလူမျိုးစု တွေအားလုံးနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေ သလိုပဲ ကျမတို့နိုင်ငံ ငြိမ်းချမ်းသာယာဝပြောဖို့ ကြိုး ပမ်းရာမှာ ကျမတို့တွေ ညီညီညွတ်ညွတ်နဲ့ ကြိုစား ဖော်ဆောင်နိုင်ဖို့အတွက် ဒီမြစ်ကြီးကနေ စေ့ဆော် နိုင်ပါလိမ့်တယ်။ ။