ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ချောင်းကျောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အနီး၌ ကျပ်သန်းပေါင်း ၃၀၀၀ ဝန်းကျင် တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကို ဇူလိုင် ၁၃ ရက်နေ့တွင် ဖမ်းဆီးရမိပြီး တရားခံများ ဖော်ထုတ် နိုင်ရေး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ကျောက်မဲမြို့နယ် ချောင်းကျောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အနီး၌ မသင်္ကာဖွယ်ရာ အထုပ်များ တွေ့ရှိ၍ နယ်မြေခံ အစိုးရစစ်တပ်၊ သက်ဆိုင်ရာ ရဲစခန်း တာဝန်ရှိသူများ၊ ကျေးရွာလူကြီးများက သွားရောက် စစ်ဆေးရာ ပီနံအိတ် ၁၅ လုံးပါ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုပီနံအိတ်များကို လူ ၂ ဦးက ကားဖြင့် သယ်ဆောင်လာကာ ဘုန်းတော်ကြီးကျောင်း အနီး၌ ပစ်ထားခဲ့သည်ဟု မျက်မြင် သက်သေများထံမှ သိရှိရကြောင်း၊ ရဲစခန်း တာဝန်ရှိသူများကို ဒေသခံများက အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေး ရာမှ မူးယစ်ဆေးများ ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း ကျောက်မဲရဲစခန်းမှ တာဝန်ရှိ သူတဦးက ဧရာဝတီသို့ ပြောသည်။
“သယ်လာတဲ့သူတွေက တပ်ကလို့ သိရတယ်။ ဘယ်တပ်ဖွဲ့က ဆိုတာတော့ အထောက်အထားတွေနဲ့ တိုက်စစ် ဆေး နေတုန်းပါ။ သိရသလောက်တော့ သီပေါမြို့နယ်ဘက်ကို သယ်ယူတာလို့ သိရတယ်။ အခြေအနေ မကောင်းမှန်း သိတော့ မှ ဘုန်းကြီးကျောင်း အနီးမှာ ပစ်ချသွားတာ ဖြစ်နိုင်ပါတယ်။ ဘုန်းကြီးကျောင်းက အသိပေးလို့သာ ကျနော်တို့ သိရတာပါ ” ဟု ကျောက်မဲရဲစခန်း တာဝန်ရှိသူက ဆိုသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးများသည် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆူဒိုအဖက်ဒမင်း အဖြူရောင် ဆေးပြားများနှင့် ဆေးမှုန့်များဖြစ်ပြီး စုစုပေါင်း ၆၈၂ ဒသမ ၅၀ ကီလိုဂရမ် (ကာလပေါက်ဈေး ကျပ်သန်း ပေါင်း ၃၀၀၀ ခန့်) မူးယစ်ဆေးဝါးများဖြစ်ကြောင်း ၊ကျောက်မဲမြို့၌ ကျပ်သန်းပေါင်း ထောင်ချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ယခုကဲ့သို့ ဖမ်းမိခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ကျောက်မဲရဲစခန်း တာဝန်သူများက တရားခံ အမြန်ဆုံး ဖော်ထုတ်ဖမ်းမိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။
သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သီပေါနှင့် ကျောက်မဲမြို့နယ်တို့သည် နယ်ချင်း ထိစပ်နေပြီး၊ မူးယစ်ဆေးဝါး အမှုအခင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အပြင်၊ မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ် သူများ၊ ထုတ်လုပ်သူများနှင့် ပတ်သက်၍ ဒေသခံများက မကြာခဏ တိုင်ကြားလေ့ရှိသောကြောင့် လွှတ်တော် တွင် အစိုးရသို့မေးခွန်းထုတ်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ် နေကြောင်း ပြောဆိုသည်။
“အဲဒီဒေသတွေဘက်မှာ မူးယစ်ဆေး ချက်တာတို့၊ ထုတ်လုပ်ရောင်းချတာတို့ လုပ်တဲ့အဖွဲ့ရယ်၊ ဖြန့်ဖြူး ရောင်းချတာကို နှိမ်နင်းတဲ့ အဖွဲ့ဆိုပြီး ရှိတယ်။ လက်နက်ကိုင် အဖွဲ့တွေထဲမှာလည်း မူးယစ်ဆေးဝါး ဆန့်ကျင်တဲ့ အဖွဲ့နဲ့ ဖြန့်ဖြူးရောင်းချတဲ့ အဖွဲ့ဆိုပြီးတော့ ယေဘုယျအားဖြင့် တွေ့ရတယ်” ဟု ဦးရဲထွန်းက ဆိုသည်။
သီပေါ၊ ကျောက်မဲမြို့များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ပြုလုပ်နေကြသူများတွင် လက်နက်ကိုင် အဖွဲ့ များအပြင် အစိုးရ အာဏာပိုင် တချို့လည်း ပါဝင်ပတ်သက်နေကြောင်း ၊ ထို့အခြေအနေများကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များ နှင့် အာဏာပိုင်များ နှိမ်နင်းမှု တခုတည်းဖြင့် မူးယစ်ဆေး ပြဿနာ မပပျောက်နိုင်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီး ဌာန၊ ဗဟို အစိုးရ အဖွဲ့ကပါ စနစ်တကျ ကိုင်တွယ်ပြီး ထိထိရောက်ရောက် ဖြေရှင်းရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုသည်။