အစဉ်သဖြင့် သတင်းဆိုးတွေ လွှမ်းမိုးနေတဲ့ အရှေ့အလယ်ပိုင်း ဒေသနဲ့ ပတ်သက်တဲ့ သတင်းကောင်းတခု ဇူလိုင်လ ၁၄ ရက်နေ့မှာ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အရှေ့အလယ်ပိုင်း ပြဿနာတွေကို နောက်ကွယ်က အားပေးအားမြှောက်လုပ်နေတယ်ဆိုပြီး စွပ်စွဲနေတာ ခံနေရတဲ့ အီရန်နဲ့ ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံတို့ကြားမှာ သမိုင်းဝင် သဘောတူစာချုပ် ချုပ်ဆိုနိုင်လိုက်တာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ (အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှား၊ တရုတ်) နဲ့ ဂျာမနီ တို့က တဖက် အီရန်က တဖက် ဆွွေးနွေးနေတာ ဆယ်စုတခု ကျော်ခဲ့ပါပြီ။ သဘောတရားအရ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန် တို့ကြားက ဆွေးနွေးပွဲလို့ ဆိုပေမယ့် အဓိက ညှိနှိုင်းရတာက အမေရိကန်နဲ့ အီရန်တို့ ကြားမှာ ဖြစ်ပါတယ်။ သြစတြီးယား နိုင်ငံ ဗီယင်နာမြို့မှာ နောက်ဆုံးအကျော့ ဆွေးနွေးပွဲက ၁၈ ရက်ကြာခဲ့ပြီး အဓိက ဆွေးနွေးခဲ့သူ နှစ်ယောက်က အမေရိကန်နဲ့ အီရန် တို့က နိုင်ငံခြားရေး ဝန်ကြီးတို့ပါပဲ။
ထုံးစံအရဆို အီရန်က အမေရိကန်ကို နတ်ဆိုးကြီး (Great Satan) လို့ ခေါ်တယ်။ အမေရိကန်ကလည်း အီရန်ကို မိစ္ဆာဝင်ရိုးစွန်းနိုင်ငံ (Axis of Evil) လို့ ခေါ်တယ်။ ကမ္ဘာ့ စူပါပါဝါ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်း စူပါပါဝါလို့ ဆိုနိုင်တဲ့ အီရန်တို့ ကြားမှာ ဥဒါန်းမကျေနိုင်တဲ့ ရန်ငြိုးရန်စရှိခဲ့ကြတယ်။ ၁၉၇၉ အီရန် တော်လှန်ရေးမှာ အမေရိကန်ကျောထောက်ခံပေးတဲ့ အစိုးရကို ဖြုတ်ချခဲ့ပြီး တီဟီရန်မှာ ရှိတဲ့ အမေရိကန် သံရုံး ဝင်စီးခံရပြီး၊ အမေရိကန် ၅၀ ကျော်ကို ၄၄၄ ရက် ဖမ်းဆီးခဲ့တာကို အမေရိကန်တွေက သတိရနေကြပါတယ်။ ဒီလိုပဲ အီရန်တွေဘက်ကလည်း ၁၉၅၀ ပြည့်လွန် နှစ်တွေမှာ အမေရိကန်နဲ့ အင်္ဂလိပ်တွေက အီရန်မှာ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့တဲ့ သမိုင်း၊ နောက်ပိုင်းနှစ်တွေမှာလည်း အမေရိကန် စီအိုင်အေက အီရန် နိုင်ငံရေးမှာ ခြေပုန်းခုတ်ခဲ့တဲ့ သမိုင်းကို မမေ့ကြပါဘူး။
ဒီလို သမိုင်းနဲ့ ချီပြီး ရန်သူတော်တွေ ဖြစ်ခဲ့ကြတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အီရန်တို့ကြားမှာ ပြန်လည်ရင်ကြားစေ့ဖို့ နောက်ဆုံးကြိုးပမ်းမှုက ၂ နှစ်ကျော်ကြာပါတယ်။ သမ္မတ အိုဘားမား တက်လာတဲ့ အခါ ပထမဆုံး ပြောတဲ့ မိန့်ခွန်းမှာ အမေရိကန်ရဲ့ ရန်သူတွေနဲ့ အထီးကျန်နိုင်ငံတွေကို လက်ကမ်းကြိုခဲ့ပါတယ်။ “ ခင်ဗျားတို့ ဘက်က လက်သီးဆုပ်ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ဘက်က လက်ကမ်းဖို့ အသင့်ပါပဲ” လို့ ပြောခဲ့တယ်။
ဒီလိုနဲ့ အိုဘားမားရဲ့ ပထမ သက်တမ်းမှာ ရာစုနှစ်ဝက်လောက် အေးခဲနေခဲ့တဲ့ အမေရိကန်- မြန်မာ ဆက်ဆံရေး နှင်းခဲပျော်ခဲ့တယ်။ မကြာခင် လတွေအတွင်း ကျူးဘားနဲ့ ရွှေလမ်းငွေလမ်း ပြန်ဖွင့် လိုက်သလို၊ အခုနောက်ဆုံးကတော့ အီရန်နဲ့ ဆက်ဆံရေး တံခါး ဖွင့်လိုက်နိုင်ပါတယ်။ ဒါကြောင့် နောက်လ အနည်းငယ်အတွင်းမှာ သမ္မတ အိုဘားမား အိမ်ဖြူတော်ကနေ ထွက်ခွာသွားတဲ့ အခါမှာ ကျန်ခဲ့တဲ့ အမွေတွေထဲမှာ စေ့စပ်ညှိနှိုင်းရေး “ENGAGEMENT” လည်း ပါဝင်မှာ ဖြစ်ပါတယ်။
အီရန် နျူကလီးယား အရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် သမ္မတ အိုဘားမားရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ယုံကြည်ချက်အပေါ် အခြေခံတဲ့ စာချုပ်မဟုတ်၊ မှတ်ကျောက်တင် စမ်းသပ်ခံနိုင်မှုအပေါ် အခြေခံထားတဲ့ သဘောတူညီချက်သာ ဖြစ်တယ်လို့ ဆိုတယ်။ ဒီသဘောတူညီချက်ကြောင့် အီရန် ပြောင်းလဲသွားမလား၊ အီရန်က တခြား အာရပ် နိုင်ငံတွေအပေါ် ရန်လိုတဲ့ အပြုအမူတွေ အဆုံးသတ်သွားမလားဆိုတာတွေကို ဘာမှ ထည့်မတွက်နဲ့ ဦး။ ဒီသဘောတူညီချက်ကြောင့် အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေ နောက် ၁၀ နှစ်လောက် ရပ်သွားသလား၊ မရပ်ဘူးလားဆိုတဲ့ လက်တွေ့ အချက်နဲ့ပဲ တိုင်းတာပါလို့ ပြောတယ်။
တကယ်တမ်းကျတော့လည်း လက်ရှိ သဘောတူညီချက်ထက် ပိုကောင်းတဲ့ ဘယ်လို အစီအစဉ်ကိုမှ ဘယ်သူမှ အဆိုပြုနိုင်ခဲ့တာ မရှိပါဘူး။ ဒီလိုနည်းနဲ့ မဟုတ်ဘဲ အီရန် နျူကလီးယား စီမံကိန်းတွေကို စစ်ရေးနည်းလမ်းသုံးပြီး ဖျက်စီးမယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာ မပြီးနိုင် မစီးနိုင်တဲ့ နောက်ထပ် ဒေသစစ်ပွဲကြီးတခု ပေါ်ထွက်လာပါလိမ့်မယ်။ လက်ရှိ နျူကလီးယား စီမံကိန်းတွေ ပျက်စီးသွားတယ် ဆိုရင်တောင် ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံတွေ စုဆောင်းသိုမှီလာတဲ့ အီရန် သိပ္ပံပညာရှင်တွေရဲ့ အသိပညာကိုတော့ ဘယ်လိုမှ ဖျက်စီးလို့ မရနိုင်ပါဘူး။
အခု သဘောတူညီချက်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ အပေါ် အမြင်မတူတာတွေ ရှိနိုင်ပေမယ့် မငြင်းနိုင်တဲ့ အချက်တချက်ကတော့ နျူကလီးယားဗုံး တည်ဆောက်မှုလို နိုင်ငံတကာ ပြဿနာတွေကိုတောင် သံခင်းတမန်ခင်း နည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ် ဆိုတာကို နမူနာ ပြလိုက်နိုင်တာပါပဲ။ အီရန် သမ္မတ ဟက်စန် ရူဟာနီကလည်း “အပြုသဘော စေ့စပ်ညှိနှိုင်းရေး နည်းလမ်းက အလုပ်ဖြစ်တယ်” လို့ ဆိုတယ်။ အီရန်လို နိုင်ငံမျိုးက သတင်းစကားဟာ အရေးကြီးပါတယ်။ အမေရိကန် သမ္မတ အိုဘားမား စကားအတိုင်းဆိုရင် “ ကမ္ဘာကြီးအတွက် ပိုကောင်းသော မျှော်လင့်ချက်” ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုရင် အရှေ့အလယ်ပိုင်းမှာ ဆွန်နီ- ရှီယိုက် ပဋိပက္ခတွေ ကြီးထွားအောင် အီရန်က နောက်ကနေ ထောက်ပံ့နေတယ်လို့ အနောက်နိုင်ငံတွေရော၊ အာရပ် နိုင်ငံတွေရော ယူဆထားကြပါတယ်။ ဆီးရီးယားမှာ အာဏာရှင် အာဆတ်ကို ထောက်ခံနေတာ အီရန်ပါပဲ။ ယီမင်မှာ ဟူသီ သူပုန်တွေကို ထောက်ပံ့ထားတာလည်း အီရန်ပါပဲ။ လက်ဘနွန်မှာ အစ္စဘိုလာကို အားပေးတာလည်း အီရန်ပါပဲ။ ပါလက်စတိုင်း ဟားမက်တွေကို ကျောထောက်နောက်ခံ ပေးတာလည်း အီရန်ပါပဲ။
အရှေ့အလယ်ပိုင်းမှာ သြဇာကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့ မဟာမိတ် ဆော်ဒီ အာရေးဗျားနဲ့ အမေရိကန်ရဲ့ရန်သူ အီရန်တို့ဟာ ဆီရီးယား၊ လက်ဘနွန်၊ အီရတ်၊ ယီမင်တို့မှာ မပြီးနိုင် မစီးနိုင်တဲ့ တဆင့်ခံ စစ်ပွဲ proxy wars တွေကို မီးထိုးပေးနေကြတာဖြစ်ပါတယ်။ ဒါကြောင့် နျူကလီးယား အရေး ဆွေးနွေးပွဲဟာ တခြားသော သွေးထွက်သံယို ပဋိပက္ခတွေ ရပ်ဆိုင်းစေမယ့် ဆွေးနွေးပွဲတွေအတွက် လမ်းစဖြစ်လာနိုင်တယ်လို့ အကောင်းမြင်ချင်ရင် မြင်လို့ ရပါတယ်။ အရှေ့အလယ်ပိုင်း ပြဿနာတွေကို ဖြေရှင်းတဲ့အခါ လမ်းကြောင်းအသစ် ဖြစ်လာနိုင်ပါတယ်။
ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Philip Hammond က “ ဒီကိစ္စမှာ လက်ဆောင်မွန် တခုကတော့ အရင် ဆယ်စုနှစ်တွေတုန်းက သီးသန့်နေလာတဲ့ အီရန်ကို အနောက်နိုင်ငံတွေနဲ့ စေ့စပ်ရေး လမ်းကြောင်းပေါ် ဆွဲတင်နိုင်လိုက်တာပဲ” လို့ ပြောတာ ဒီသဘောပါပဲ။
နျူကလီးယား သဘောတူညီချက်အရ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနဲ့ အီးယူတို့က အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးရမယ်။ အပြန်အလှန်အနေနဲ့ အီရန်က နျူကလီးယား အစီအစဉ်တွေကို ၁၅ နှစ် ရပ်ဆိုင်းထားရမယ်။ အီရန်က နယူးကလီးယား စီမံကိန်းမှာ အသုံးပြုနေတဲ့ ဓာတ်ပေါင်းဖို အရေအတွက်ကိုလည်း သုံးပုံနှစ်ပုံအထိ လျှော့ချရပါမယ်။ တဝက်တပျက် သန့်စင်ပြီးသား ယူရေနီယံ ပမာဏကို ၉၈ ရာခိုင်နှုန်းအထိ လျှော့ချရပါမယ်။ ဒီလို တဝက်တပျက် သန့်စင်ပြီးသား ယူရေနီယံတွေကို လုံး၀ သန့်စင်ပြီးသား အဆင့်ကို ရောက်ရင် နျူကလီးယား ဗုံးအတွက် လောင်စာ ဖြစ်နိုင်ပါတယ်။
အဓိပ္ပါယ်ကတော့ အီရန်အနေနဲ့ လက်ရှိ အခြေအနေအရ နျူကလီးယား တလုံးထုတ်ဖို့ ၂ လ၊ ၃ လလောက်ပဲ အချိန်ယူရမှာ ဖြစ်ပေမယ့် သဘောတူညီချက် စည်းကမ်းချက်တွေအတိုင်းဆိုရင် အီရန်က နျူကလီးယားဗုံးထုတ်ဖို့ တဖက်လှည့်နဲ့ လျှို့ဝှက်ကြံစည်ရင်လည်း တလုံးအတွက် အနည်းဆုံး တနှစ်လောက် အချိန်ကြာနိုင်ပါတယ်။ ဒီကြားထဲမှာ အီရန်အနေနဲ့ နိုင်ငံတကာ နျူကလီးယား အေဂျင်စီ IAEA ကို ယူရေနီယံ တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်း၊ နျူကလီးယား စီမံကိန်းမှာ ကိရိယာ တန်ဆာပလာတွေ ထိန်းသိမ်းတဲ့ စက်ခန်းတွေကို နောင်လာမယ့် နှစ်ပေါင်း ၂၀ ကြာတဲ့ အထိ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့ နေရာကို ဝင်ရောက်စစ်ဆေးခွင့် ရှိပါတယ်။ ကုလသမဂ္ဂက ချမှတ်ထားတဲ့ လက်နက် အရောင်းအဝယ် ပိတ်ပင်ရေး စည်းကမ်းချက်ကတော့ နောက်ထပ် ငါးနှစ်ကနေ ရှစ်နှစ်အထိ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ အဖြေမထွက်ခဲ့တဲ့ အီရန် နျူကလီးယား အရေး အခုမှ အဖြေထွက်တာ အိုဘားမား ပေါ်လစီကို အမှတ်ပေးရမှာ ဖြစ်သလို လွန်ခဲ့တဲ့ ၂ နှစ်က အာဏာရလာတဲ့ အီရန် သမတ ရူဟာနီရဲ့ လက်တွေ့ ကျမှုကိုလည်း ချီးကျူးရပါမယ်။ ဒါပေမ့ယ် ဝါရှင်တန်နဲ့ တီဟီရန်တို့ ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတဲ့ တခြားအကြောင်းတခုက ဘုံရန်သူ ပေါ်လာတာပါ။ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ ဆွန်နီ စစ်သွေးကြွအဖွဲ့ ရဲ့ အန္တရာယ်ပါပဲ။ Islamic State အဖွဲ့ဟာ လောလောဆယ်မှာ ဆီးရီးယားနဲ့ အီရတ်က နယ်မြေတွေ အတော်များများကို သိမ်းယူထားတယ်။ အမေရိကန်က Islamic State အဖွဲ့ကို ဗုံးကျဲ တိုက်ခိုက်နေသလို၊ တီဟီရန်ကလည်း အီရတ်က မြေပြင်တပ်တွေကို လက်နက်ထောက်ပံ့ပေးနေတယ်။ အခုတော့ လေကြောင်း ထိုးစစ်ဆင်နေတဲ့ နိုင်ငံနဲ့ မြေပြင်တပ်တွေကို အကူအညီပေးနေတဲ့ နှစ်နိုင်ငံတို့ ကျောချင်းကပ်ဖို့ လမ်းပွင့်သွားပြီဖြစ်လို့ စစ်ဆင်ရေးတွေကို ပိုပြီး ထိရောက်လာနိုင်ပါတယ်။
တကယ်တော့ ဒီလို အဖြစ်အပျက်မျိုး အသစ်အဆန်းတော့မဟုတ်ပါဘူး။ ဟစ်တလာကို ရင်ဆိုင်ဖို့ သမ္မတ ဖရန်ကလင်း ရုစဗဲ့နဲ့ ဆိုဗီယက် ခေါင်းဆောင် စတာလင်တို့ ညီညွတ်ခဲ့ကြတာ ဒီသဘောပါပဲ။ ဆိုဗီယက်ပြည်ထောင်စုကို ရင်ဆိုင်ဖို့အတွက် သမ္မတ ရစ်ချက်နစ်ဆင်က ကွန်မြူနစ် တရုတ်ပြည်ကို ရွှေလမ်းငွေလမ်းဖွင့်လိုက်ကြတာလည်း ဒီသဘောပဲ။
အီရန် နျူကလီးယား သဘောတူညီချက်ကို အမေရိကန် လွှတ်တော်က ပြန်လည်သုံးသပ်ပြီး မဲခွဲ ဆုံးဖြတ်ဖို့ ကျန်ပါသေးတယ်။ အကယ်၍ ကွန်ဂရက်က သဘောမတူတဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာရင် အိုဘားမားက ဗီတိုနဲ့ ပယ်မယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောထားပါတယ်။ အီရန် နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ဖို့ တခြားနည်းလမ်းကို ချမပြနိုင်ဘဲ အဆိုးထဲက အကောင်းဆုံး နည်းလမ်းတခုကို ဖျက်စီးဖို့ ကြိုးစားရင်လည်း တာဝန်မဲ့ရာ ရောက်မယ်လို့ နယူးယော့ခ် တိုင်းမ်း သတင်းစာက သတိပေးပါတယ်။ အမေရိကန် နိုင်ငံရေးမှာ ဒါမျိုးက ထုံးစံပါပဲ။ (အရှေ့အလယ်ပိုင်းက အမေရိကန် မဟာမိတ် ဆော်ဒီအာရေးဗျနဲ့ အစ္စရေးလ်တို့ရဲ့ သင်္ကာမကင်း ဆက်ဖြစ်နေတဲ့အပေါ်လည်း ညှိနှိုင်းနားချရဦးမှာပါ။)
ကမ္ဘာကြီးအတွက်ကတော့ အီရန် နျူကလီးယား ဆိုင်ရာ သဘောတူညီချက်ဟာ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီးယား လက်နက်ပျံ့နှံ့မှုကို (အနည်းဆုံး ကာလတခု) ထိန်းသိမ်းထားနိုင်လိမ့်မှာ ဖြစ်လို့ အကျိုးရှိပါတယ်။ အရှေ့အလယ်ပိုင်းက စူပါပါဝါ ဖြစ်တဲ့ အီရန်နဲ့ အနောက်နိုင်ငံတွေကြားမှာ ဆွေးနွေး ညှိနှိုင်းရေး လမ်းစပေါ်လာတာဖြစ်လို့ အရှေ့အလယ်ပိုင်းဒေသထဲက တဆင့်ခံ စစ်ပွဲတွေရဲ့ အရှိန်ကို လျှော့ချနိုင်ရင် အတိုင်းထက်အလွန်ပါပဲ။ ဆွန်နီနဲ့ ရှီယိုက်တို့ကြားက သွေးကွဲမှုအပေါ် အမြတ်ထုတ်တဲ့ အစွန်းရောက်အုပ်စုတွေအပေါ် ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ ယူကရိန်း ပဋိပက္ခ၊ တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုလိုမျိုး ဖြေရှင်းမရတဲ့ တခြား ပြဿနာတွေအတွက်လည်း နမူနာတခု ဖြစ်လာပါတယ်။