ထိုင်းနိုင်ငံမှ ခရိုင်ရဲစခန်းတခု၏ အနောက်ဘက်တွင် အရှေ့တောင်အာရှ တလွှားကို တုန်လှုပ်စေခဲ့သည့် လူကုန်ကူးမှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို အစပြုစေသော ၃၅ နှစ်အရွယ်ရှိ လမ်းဘေးဈေးသည်တဦး ခိုလှုံလျက် ရှိသည်။
သူက မြန်မာနိုင်ငံ အနောက်ပိုင်းမှ နိုင်ငံမဲ့ လူမျိုးစုတခုဖြစ်သည့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မွတ်စလင် တယောက် ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်းတွင် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ နခွန်ဆီ ထမ်မာရတ် (Nakhon Si Thammarat) မြို့တွင် လက်တွန်းလှည်းဖြင့် အိန္ဒိယ အစားအစာတမျိုး ဖြစ်သော ရိုတီရောင်း၍ အသက်မွေး ခဲ့သည်။
ယမန်နှစ်တွင် သူ၏ တူ တော်စပ်သူသည် ကြောက်စရာကောင်းသော လူကုန်ကူးသူများ လက်သို့ ကျရောက် သွားခဲ့ရသည်။
တူဖြစ်သူကို ကယ်တင်နိုင်ရန် အဆိုပါ ရိုတီ ရောင်းသူ၏ မဆုတ်မနစ် အားထုတ်မှုကြောင့် နောက်ဆုံးတွင် မေလ အတွင်းက ထိုင်း-မလေးရှား နယ်စပ်ရှိ တောထဲတွင် မြေမြှုပ်ထားသည့် အလောင်းများ ရှာဖွေတွေ့ရှိခဲ့ရပြီး လှေဖြင့် ရောက်လာသည့် ဘင်္ဂါလီများ သို့မဟုတ် နိုင်ငံတကာအခေါ် ရိုဟင်ဂျာများနှင့် ပတ်သက်သော ဒေသတွင်း အကျပ် အတည်းကို စတင်စေခဲ့သည်။ အရှေ့တောင်အာရှတွင် ဘင်္ဂါလီများကို မည်သည့်နိုင်ငံကမှ လက်မခံလိုကြပါ။
ယခုအခါတွင် လူကုန်ကူးသူများက သူ့ကို ပစ်မှတ်ထား၍ တိုက်ခိုက်လာမည်ကို ရိုတီရောင်းသူက စိုးရိမ်နေမိသည်။ ရဲစခန်းအတွင်းမှာ သူ့ကို နေထိုင်ခွင့် ပေးထားခြင်းက မျက်မြင်သက်သေကို အကာအကွယ်ပေးခြင်း တမျိုးပင်ဖြစ် သည်။ (ရဲအဖွဲ့၏ တောင်းဆိုချက်အရ Reuters သတင်းဌာနကလည်း သူ၏ ကိုယ်ရေး အချက်အလက်များကို မဖော်ပြဘဲ ထားရှိပါသည်။)
သူကြုံတွေ့ နေရသည့် အကျပ်အတည်းက နှိမ်နင်းရ ခက်ခဲပြီး အကျိုးအမြတ်လည်း အလွန် များပြားစွာ ရရှိနေသည့် လူကုန်ကူး ဂိုဏ်းများကို ထိုင်းနိုင်ငံက နှိမ်နင်း တိုက်ဖျက်နေခြင်း၏ ရေရှည် ထိရောက်မှု အပေါ် မေးခွန်းများ ပေါ်ပေါက်လာ စေခဲ့သည်။ သက်သေများသည်လည်း ခြိမ်းခြောက် ခံနေကြရကြောင်း ထိုင်းရဲအဖွဲ့က ပြောသည်။ အဓိက မသင်္ကာသူများဘက်မှလည်း နိုင်ငံရေး အဆက်အသွယ် ကောင်းများ ရှိသည့် ရှေ့နေများက ခုခံကာကွယ် ပေးနေကြသည်။ ယခုအခါ တရားခံ ၇၂ ယောက်ကို ဖမ်းမိခဲ့ပြီး ဖြစ်သော်လည်း ရဲအဖွဲ့က တခြားသူများကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်။
ထိုင်းနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုကို ယခုနှစ် ဇူလိုင်လလယ်ပိုင်းတွင် ထုတ်ပြန်ရန် ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူကုန် ကူးမှုဆိုင်ရာ လေ့လာအကဲဖြတ်မှု အစီရင်ခံစာ ပေါ်ထွက် မလာမီ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လူကုန်ကူးမှု စုံစမ်းစစ်ဆေးမှုများကို လက်တွေ့ လုပ်ကိုင် နေကြသည့် ရဲအရာရှိများက ၎င်းတို့ ရှာဖွေတွေ့ရှိ ခဲ့သော သက်သေ အထောက်အထားများအား တာဝန်ရှိသူများက လျစ်လျူရှုကြသည်ဟု Reuters သတင်းဌာနကို ပြောသည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာ၌ ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများထဲမှ တခုဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ ကတ်ထရီနာ အဒမ်စ် (Katrina Adams) က ယခုနှစ် အစီရင်ခံစာမှာ ၂၀၁၅ ခုနှစ် မေလအထိသာ အကျုံးဝင်သည့် အတွက် ထိုင်းနိုင်ငံမှ နောက်ဆုံး ပြုလုပ်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ မပါဝင်ကြောင်း ပြောသည်။
“ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရွှေ့ပြောင်း လုပ်သားတွေကို လူမှောင်ခိုကူးပြီး အလွဲသုံးစား လုပ်တဲ့ လူကုန်ကူးတဲ့ ပြဿနာမှာ ပါဝင်ပတ်သက်နေတယ် လို့ ယူဆရတဲ့ လူတွေကို ဖမ်းဆီးခဲ့တဲ့ အပါအဝင် ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ အညီ အင်တိုက်အားတိုက် လုပ် ဆောင်မှုတွေကို ကြိုဆိုပါတယ်” ဟု ကတ်ထရီနာ အဒမ်စ်က ပြောသည်။
ထူးမခြားနား
ထိုင်းနိုင်ငံ တောင်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးဆောင်ခဲ့သော ရဲဗိုလ်ချုပ် ထပ်ချိုင်း ပီတာနီးလာဘု (Thatchai Pitanee-laboot) က သူ၏ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ချက်များသည် ထိုင်းနိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေသည်ဟု အပြောခံခဲ့ရကြောင်း ပြောဆိုသည်။ သို့သော် မည်သူက ထိုသို့ ပြောခဲ့ကြောင်းကို ပြောပြရန် ငြင်းဆန် ခဲ့ပါသည်။
“ဘယ်သူ့ကမှ ဂရု မစိုက်ခဲ့ပါဘူး။ လူကုန်ကူးမှုကို အမြစ်ပြတ်အောင် တိုက်ထုတ်ချင်တယ် ဆိုရင် ကျနော်တို့ ဒါကို ဖုံးကွယ်ထားလို့ မရပါဘူး။ စားပွဲပေါ်မှာ တင်ပြီး ဖြေရှင်းရပါမယ်” ဟု သူက ပြောသည်။
ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ကြီးကြပ်နေသော ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ အေအက် အန်ဂဆန်နာနွန့် (Aek Angsannanont) က ပြီးခဲ့သည့် မေလက အာဏာ သိမ်းယူခဲ့သော စစ်အစိုးရက လူကုန်ကူးမှု ပြဿနာကို အလေးအနက် ထားပါသည် ဟု ပြောသည်။
“အရင် အစိုးရတွေတုန်းက ဘယ်လို မူဝါဒတွေ ရှိသလဲ ဆိုတာ ကျနော် မသိပါဘူး။ စစ်အစိုးရ လက်ထက်ရောက်မှ ဒီ လူကုန်ကူးတဲ့ ပြဿနာကို ကျနော် ကိုင်တွယ်ခဲ့ရပါတယ်။ အစိုးရကလည်း ဒီကိစ္စကို အရေးကြီးတယ် လို့ သဘောထား ပါတယ်” ဟု သူက ဆိုသည်။
ယမန်နှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်အစိုးရက လူကုန်ကူးမှုနှင့် ပတ်သက်၍ “Zero tolerance” (လုံးဝဥဿုံ လက်မခံသော) မူဝါဒကို အကောင်အထည် ဖော်မည်ဟု ကတိပြုခဲ့သည်။ ထိုင်းအစိုးရက ထုတ်ပြန်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာ အရ ယမန်နှစ်နှင့် ၂၀၁၃ အတွင်းတွင် လူကုန်ကူးသည့် တရားခံ အနည်းငယ်ကိုသာ အရေးယူ အပြစ်ပေးနိုင်ခဲ့သည် ဟု သိရသည်။
“ဒီကိစ္စအပေါ်မှာ ကျနော် ထင်မြင်ချက် မပေးနိုင်ပါဘူး။ ဒါပေမယ့် ကျနော် ပြောနိုင်တာက ၂၀၁၄ ခုနှစ်က ထုတ်ပြန် ခဲ့တဲ့ အမေရိကန်ရဲ့ လူကုန်ကူးမှု တိုက်ဖက်ရေး အစီရင်ခံစာ နောက်ပိုင်းမှာ လူတိုင်း နိုးကြားလာခဲ့ပြီးတော့ ဒီကိစ္စကို အရေးတယူ ဆောင်ရွက်နေကြပါပြီ” ဟု အေအက်အန်ဂဆန်နာနွန့်က ပြောသည်။
ယခုအချိန်တွင် ထိုင်းနိုင်ငံ၏ ဖမ်းဆီး နှိမ်နင်းမှုများက ဒေသတွင်း လူကုန်ကူးမှုများကို ရပ်တန့်နိုင် ခဲ့သော်လည်း ထိုသို့ ဆောင်ရွက်နိုင်မှုက မည်မျှအထိ ကြာရှည်ခံမည် ဆိုသည်ကို တချို့ ကျွမ်းကျင်သူများက မေးခွန်းထုတ် ခဲ့ကြသည်။
ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ကို နည်းပညာ အကူအညီများ ပေးနေသော လူကုန်ကူးမှု ဆန့်ကျင်ရေး NGO တခုဖြစ်သည့် FREELAND Foundation ၏ ဒါရိုက်တာ စတိဗ် ဂယ်လ်စတာ (Steve Galster) က “စုံစမ်းစစ်ဆေးမှုကြောင့် ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးဖို့ အနည်းငယ်တော့ ခက်ခဲသွားပါတယ်။ ဒါပေမယ့် မေးစရာ မေးခွန်းတွေ ရှိနေတုန်း ပါပဲ။ တကယ်လို့ ဒီကိစ္စထဲမှာ အထက်ပိုင်းက တစုံတယောက် ပါနေခဲ့ရင်ရော သူ့ကို စုံစမ်းစစ်ဆေးမှု လုပ်မှာလား။ ဒီလို မလုပ်နိုင်ဘူး ဆိုရင်တော့ လူကုန် ကူးမှုက ဒေသအတွင်းမှာ ပြဿနာကြီး တခုအနေနဲ့ ဆက်ပြီး ကျန်နေဦးမှာပါပဲ” ဟု သတိပေးလိုက်သည်။
လူကုန်ကူးဂိုဏ်းများ၏ သားကောင်
လူကုန်ကူး ဂိုဏ်းများ၏ သားကောင်မှာ များသောအားဖြင့် ဆင်းရဲမွဲတေမှုကြောင့် ထွက်ပြေး လာသည့် ဘင်္ဂါလီ မွတ်စလင်များ ဖြစ်ကြသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် လှေစီးဒုက္ခသည် အရေအတွက်သည် ၂၀၁၂ ခုနှစ်တွင် ၂၁၀ဝ၀ ဦး ရှိခဲ့ရာမှ ယမန်နှစ်တွင် ၅၈၀ဝ၀ ဦး အထိ ၃ ဆနီးပါး တိုးလာခဲ့သည်ဟု ဘန်ကောက် အခြေစိုက် ရိုဟင်ဂျာအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခု ဖြစ်သော The Arakan Project က ပြောသည်။ အများစုက ထိုင်းနိုင်ငံ ကမ်းခြေသို့ ရောက်ရှိလာကြပြီး ထိုမှတဆင့် လူကုန်ကူးသည့် စခန်းများသို့ ရောက်ရှိသွားကြ သည်။
ထိုင်းနှင့် မလေးရှား နယ်စပ်တလျှောက်ရှိ တောများအတွင်းတွင် လူကုန်ကူးသည့် စခန်းများ ရှိနေကြောင်း ၂၀၁၃ ခုနှစ် လောက်ကတည်းက သိခဲ့ကြသည်။ သို့သော်လည်း ယခုနှစ် မေလအတွင်းတွင် ထိုင်းနှင့် မလေးရှားနယ်စပ် ၂ ဖက် စလုံးမှ လူကုန်ကူးသူများ စွန့်ပစ်ရွှေ့ပြောင်း သွားကြသည့် စခန်းများတွင် ရွှေ့ပြောင်းနေထိုင်သူများဟု ယူဆရသည့် အလောင်း ၁၇၅ လောင်းကို ရဲအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်မှာမှ လူကုန်ကူးမှုသည် မျက်ကွယ်ပြုထားရန် မဖြစ်နိုင်တော့သည့် ကိစ္စတခု ဖြစ်လာခဲ့ရသည်။
လူကုန်ကူးမှု လုပ်ငန်းများအား နှိမ်နှင်းခြင်းကြောင့် လူကုန်ကူးသူများက သူတို့၏ သားကောင်များအား ကြာကြာ ထိန်းသိမ်း ခေါ်ဆောင်သွားခြင်း မပြုနိုင်တော့ဘဲ ပင်လယ်ပြင်တွင် စွန့်ပစ်ထားခဲ့ကြသည်။ နောက်ဆုံး ထိုလှေများသည် ဖျားနာနေသော၊ ဆာလောင်နေသော ခရီးသည်များကို တင်ဆောင်၍ မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံများ၏ ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြသည်။ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာ အရ ပင်လယ်တွင်းတွင် အနည်းဆုံး လူ ၁၂၀ဝ ခန့် ကျန်ရှိနေသေးသည် ဟု သိရသည်။
ထိုင်းရဲစခန်းတွင် Reuters သတင်းဌာနနှင့် အင်တာဗျူးခဲ့သော ရိုတီရောင်းသူက ၎င်း၏တူလေးမှာ ပြီးခဲ့သည့်နှစ် မှောင်ခိုရာသီတွင် လူကုန်ကူးသူ၏ လက်ထဲသို့ ပါသွားခဲ့ကြောင်း ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ၎င်းတို့မိသားစုသည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လူကုန်ကူး စခန်းတခုတွင် ရောက်ရှိ နေသော အသက်၂၅ နှစ်အရွယ် တူဖြစ်သူအား ပြန်ရွေးရန် ထိုင်းငွေ ဘတ် ၉၅၀ဝ၀ ပေးခဲ့ရသည်ဟု သိရသည်။ လူကုန်ကူးသူများသည် လှေစီးဒုက္ခသည်များအား ပြန်ပေးဆွဲငွေ တောင်းရန် အတွက် အသုံးချကြပြီး ထိုင်းနှင့် မလေးရှားတွင် အခြေချနေသော ၎င်းတို့၏ ဆွေမျိုးများက ငွေဖြင့် လာရောက် မရွေးမချင်း နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ဆွေမျိုးများက လာရောက် မရွေးနိုင်ကြသော တချို့လူများကို စခန်းတွင် ပစ်ထားခဲ့ သည့်အတွက် သေဆုံးကြရသည်။ တချို့သူများမှာလည်း ထိုင်းငါးဖမ်းသင်္ဘောများပေါ်သို့ ကျွန်အဖြစ် ရောင်းစားခံရကြောင်း ရဲအဖွဲ့က ပြောသည်။
ရိုတီရောင်းသူက ၎င်း၏တူကို ပြန်လွှတ်ပေးရန် အတွက် ပိုက်ဆံပေးခဲ့သော်လည်း စခန်းကို ကွပ်ကဲသူဟု ယူဆရသည့် အန်နဝါ (Anwar) ဆိုသူက ပြန်လွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။ မည်သည့် အတွက်ကြောင့် ပြန်မလွှတ်ခြင်း ဖြစ်သည် ကိုလည်း မသိရ ဟု ဆိုသည်။
၂ လကြာခဲ့ပြီးနောက် ဒီဇင်ဘာလ အတွင်းတွင် ရိုတီရောင်းသူက အန်နဝါအား ဒေသခံရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ခဲ့သည်။ “သူတို့က ကျနော့်ကို အလေးအနက် မထားကြဘူး” ဟု သူက ပြန်ပြောပြသည်။
ထိုသို့ တိုင်ကြားခဲ့သည့် အချိန်တွင် သူတို့ အနေဖြင့် စိတ်ဝင်စားမှု မရှိခဲ့ကြောင်း နခွန်ဆီ ထမ် မာရတ် ခရိုင်ရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ရဲမှူးကြီး အနုချွန် ချာမတ် (Anuchon Chamat) က လည်း ဝန်ခံခဲ့ပါသည်။ နောက်ပိုင်းတွင်မှ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
လူကုန်ကူးလမ်းကြောင်း ကွန်ရက်
ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် အရုဏ်မတက်မီ အချိန်တွင် နခွန်ဆီထမ်မာရတ် ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ် တခုတွင် ကုန်တင်ကား ၅ စီးအား အနုချွန် ချာမတ်၏ လက်အောက်ခံ ရဲအဖွဲ့ဝင်များက ရှာဖွေမှုပြုလုပ်စဉ် ကားများထဲတွင် လူများဝှက်၍ သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရသည်။ ကားများ ပေါ်တွင် အာဟာရ ချို့တဲ့ နေကြသော ဘင်္ဂါလီ ၉၈ ဦး ပါလာပြီး အမျိုးသမီးတယာက်မှာ သေအံ့ဆဲဆဲ ဖြစ်နေသည်။ တခြား ၂ ယောက်မှာလည်း ဆေးရုံ ရောက်ပြီးနောက် သေဆုံးသွားခဲ့သည်။
အသက်ရှင် ကျန်ရစ်သူများအား ရဲအဖွဲ့က စစ်ဆေးမေးမြန်း ခဲ့ပြီးနောက်တွင်မှ ရိုတီရောင်းသူ၏ တိုင်ကြားမှုကို အတည်ပြု နိုင်ခဲ့သည်။ “သူတို့က လူတွေကို အရောင်းအဝယ် လုပ်နေကြတယ်” ဟု ရဲမှူးကြီး အနုချွန် ချာမတ်က ပြောသည်။
ထို့နောက် လူကုန်ကူးမှု တားဆီးရေး အဖွဲ့တခု ဖြစ်သော FREELAND ၏ အကူအညီဖြင့် ကုန်တင်ကား မောင်းသူ ၂ ဦးထံမှ သိမ်းဆည်းခဲ့သည့် မိုဘိုင်းဖုန်းများထဲမှ အချက်အလက်များကို စစ်ဆေးခဲ့ကြောင်းလည်း သူက ပြောပြသည်။
ထိုသို့ စစ်ဆေးရာမှ ကပ္ပလီပင်လယ်၏ ဆိပ်ကမ်းမြို့ တမြို့ဖြစ်သော ရနောင်း (Ranong) မှ စတင်ပြီး မလေးရှား နယ်စပ်ရှိ တောထဲစခန်းသို့ တညကြာ ကားမောင်းသွားရသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက်တခုကို ဖော်ထုတ်နိုင်ခဲ့ သည်။ အာဟာရ ချို့တဲ့နေသည့် ဘင်္ဂါလီများကို သယ်ယူလာသည့် ဂိုဏ်းနှင့် ရိုတီရောင်းသူ၏ တူလေးတို့ကို ဖမ်းဆီး ထားသည့် ဂိုဏ်းက အတူတူပင် ဖြစ်သည်ဟု အနု ချွန် ချာမတ်က ကောက်ချက်ချခဲ့သည်။ ရိုတီ ရောင်းသူထံမှ ရရှိသည့် ဘဏ်ငွေလွှဲ စာရွက်များအရ လူကုန်ကူးဂိုဏ်းဝင်ဟု သံသယရှိသူများထံသို့ ငွေ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း တွေ့ခဲ့ရသည်။
သို့သော်လည်း အနုချွန် ချာမတ်၏ တွေ့ရှိမှုက ရိုတီရောင်းသူ၏ တူလေးကို ကယ်တင်ရန် နောက်ကျခဲ့ပြီ ဖြစ်သည်။
ဇန်နဝါရီ ၂၇ ရက်နေ့တွင် လူကုန်ကူးသည့် စခန်း၏ အစောင့်များက ရိုတီရောင်းသူထံသို့ ဖုန်းခေါ်ခဲ့ပြီး သူ၏ တူနှင့် စကားပြော စေခဲ့သည်။ နောက် ဘာဆက်ဖြစ်လာမည်ကို သိသည့်အခါ သူငို ခဲ့ရသည်။ ရဲတပ်ဖွဲ့သို့ သူက တိုင်ကြားခဲ့ ကြောင်း လူကုန်ကူးသူများက သိသွားခဲ့ကြပြီ ဖြစ်သည်။
“သူတို့ ကျနော်ကို သတ်တော့မယ်။ ဦးလေး ဘာတွေ လုပ်ခဲ့သလဲ” ဟု တူဖြစ်သူက ဖုန်းထဲကနေ တဆင့် ပြောသည်။
ထို့နောက် ဖုန်းလွတ်ကျသွားပြီး တူဖြစ်သူ၏ အော်သံကြားခဲ့ရသည်။ “သူသေသွားပြီ” ဟူသော အသံတသံကြား ရပြီး ဖုန်းလိုင်း ပြတ်သွားခဲ့သည်။
ရိုတီရောင်းသူ၏ ပြောပြချက်များ မှန်ကန်ကြောင်းကို အနုချွန် ချာမတ်က အတည်ပြုပါသည်။
အသက်မဝင်သော စုံစမ်းထောက်လှမ်းရေး ယူနစ်
အနုချွန် ချာမတ်က လူကုန်ကူးမှု မြင့်တက်လာခြင်းနှင့် လူကုန်ကူးသည့် လမ်းကြောင်းများ အကြောင်းကို အထက် လူကြီးများသို့ တင်ပြရန် သူ့တွင် သက်သေ အလုံအလောက် မရှိသေးဟု ယူဆခဲ့သည်။ “ကျနော်တို့ အစိုးရကို မတင်ပြရဲ သေးဘူး။ ဘာလို့လဲ ဆိုတော့ သက်သေတွေက မလုံလောက်သေးဘူး။ တကယ်လို့ ကျနော်တို့ သတင်း ရထားတာတွေက အမှားဖြစ်နေရင် အထက်လူကြီးနဲ့ မျက်နှာပျက်လိမ့်မယ်” ဟု သူက ဆိုသည်။
ရိုတီရောင်းသူ၏ တူဖြစ်သူကို ဖမ်းဆီးခဲ့သည့် ဂိုဏ်းအပါအဝင် ရနောင်းမြို့ အခြေစိုက် လူကုန်ကူးမှု လုပ်ငန်းများကို စောင့်ကြည့်ရန် ထိုင်းရဲတပ်ဖွဲ့ တဖွဲ့ကို တာဝန်ချထားပေးပြီး ဖြစ်သည်။ ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ်တွင် ရနောင်းမြို့၌ ဆိပ်ကမ်း ထောက်လှမ်းရေး တပ်ဖွဲ့ကို တည်ထောင်ခဲ့ပြီး လူမှောင်ခိုလုပ်ခြင်း၊ လူကုန်ကူးခြင်းနှင့် တခြား နိုင်ငံဖြတ်ကျော် မှုခင်းများ၏ သတင်း အချက်အလက်များ စုဆောင်းခြင်းလည်း ပြုလုပ်နေခဲ့သည်။ သို့သော် ထိုင်းအစိုးရက ဦးစီး၍ ဆက်လက် ဆောင်ရွက်မှု အားနည်းသောကြောင့် အဆိုပါ အဖွဲ့များက အသက်ဝင်လာခြင်း မရှိခဲ့ပါ။
UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရယ်မီ ဒေါက်ဂ လပ်စ် (Jeremy Douglas) က “ဒီအဖွဲ့က နေရာမှန်မှာ အဖြေမှန် ထုတ်ပေးနိုင်မယ့် အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းဆောင်ရွက်မှု ကို အပြည့်အဝ မလုပ်နိုင်သေးပါဘူး။ ထိုင်းနိုင်ငံ ခေါင်းဆောင်ပိုင်းက ရှေ့ဆက်နိုင်အောင် တွန်းအားပေးဖို့ လိုအပ်နေပါ တယ်” ဟု ပြောသည်။
ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ အေအက် အန်ဂဆန်နာနွန့်ကတော့ အဆိုပါအဖွဲ့နှင့်ပတ်သက် ၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
တောထဲမှ သချႋုင်းများ
လူကုန်ကူးသည့် ကားကို ဖမ်းဆီးမိခဲ့ပြီးနောက် ရဲမှူးကြီး အနုချွန် ချာမတ်သည် ရိုတီရောင်းသူ၏ အကူအညီဖြင့် ၎င်း၏ တူကဲ့သို့ လူကုန်ကူးသည့် တောတွင်းစခန်းတွင် ၁၀ လကြာ နေထိုင်ရခဲ့သည့် မျက်မြင်သက်သေ ဘင်္ဂါလီ တယောက် ကို ခြေရာခံ နိုင်ခဲ့သည်။ လုံခြုံရေးအရ ထိုလူ၏ အမည်ကို ဖော်ပြပေးခြင်း မပြုရန် ရဲအဖွဲ့က Reuters သတင်းဌာနသို့ မေတ္တာရပ်ခံသည်။
စခန်း၏ တာဝန်ရှိသူဟု ယူဆရသည့် အန်နဝါ (Anwar) က ရိုတီရောင်းသူ၏ တူကို သတ်ရန် အမိန့်ပေးခဲ့ကြောင်း အဆိုပါ လွတ်မြောက်လာသူက ပြောသည်။ ဧပြီလ ၂၈ ရက်နေ့က အန်နဝါအား ၎င်း၏နေအိမ်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းမိခဲ့ပြီး နခွန်ဆီရတ်ခရိုင် ရဲစခန်းသို့ ခေါ်ဆောင်ခဲ့သည်။
အစောပိုင်း ကတည်းက တူဖြစ်သူ၏ ဒုက္ခကို မြို့ ၄ မြို့ရှိ ရဲစခန်းများသို့ လိုက်လံတိုင်ကြား ပြောပြခဲ့သော ရိုတီရောင်းသူက ရဲစခန်းတွင် ရောက်နှင့် နေပါသည်။ ရဲများက ခေါ်ဆောင်လာသော အန်နဝါက ရဲစခန်း အတွင်းမှ စင်္ကြံလမ်းတခုတွင် သူ၏အနီးမှ ဖြတ်သွားသည်နှင့် ကြုံခဲ့ရသည်။ “ကျနော့်တူကို သူလုပ်ခဲ့တာတွေ အတွက် သူကို လက်သီးနဲ့ထိုး ချင်တယ်” ဟု ရိုတီ ရောင်းသူက ပြန်ပြောပြသည်။
အသက် ၄၀ အရွယ်ရှိ အန်နဝါကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် စိုးနိုင်ဟု သိကြပြီး သူက သူ့ ကိုယ်သူ ရိုဟင်ဂျာဟု ပြောသည်။ ရဲစခန်းတွင် သူနှင့် တနာရီခန့် ကြာအောင် တွေ့ဆုံမေးမြန်းခဲ့စဉ် အန်နဝါက ၎င်းသည် လူကုန်ကူးသူ မဟုတ်ကြောင်း၊ ရော်ဘာစေးခြစ်သူ၊ ရိုတီရောင်းသူ တယောက်သာ ဖြစ်ကြောင်း ပြောခဲ့သည်။
“သူတို့က ကျနော် သတ်တယ်လို့ ပြောကြတယ်။ စိတ်မပူပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ဘာမှလည်း မလုပ်ခဲ့ဘူး။ သိလည်းမသိဘူး။ ရိုတီရောင်းလို့ ကျနော် ချမ်းသာတာပါ” ဟု အန်နဝါက ပြောသည်။
အန်နဝါအား ဖမ်းဆီးပြီး ၃ ရက်မြောက်နေ့တွင် မလေးရှား နယ်စပ်နှင့် မီတာ ရာဂဏန်း အနည်းငယ် ကွာဝေးပြီး ဒေသခံများက Khao Kaew (သို့) ဖန်တောင် အမည်ရှိသည့် တောင်ကုန်းတခုရှိ စခန်း သို့ အသက်ရှင် လွတ်မြောက် လာခဲ့သော ဘင်္ဂါလီ တဦးက ရဲတပ်ဖွဲ့များကို ခေါ်သွားခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းကမှ ထိုစခန်းကို စွန့်ခွာ၍ အလျင်အမြန် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆသည့် ထိုနေရာတွင် ဝါးလုံးများဖြင့် အမှတ်အသားပြု၍ ကျင်း ခပ်တိမ်တိမ် တူးပြီး လူများကို မြှုပ်နှံထားသည့် သချႋုင်းများကို တွေ့ရှိခဲ့သည်။
မေလ ၁ ရက်နေ့တွင် ရဲအဖွဲ့နှင့် ကယ်ဆယ်ရေး လုပ်သားများက မြေကြီးထဲမှ အလောင်း ၂၆ လောင်းကို တူးဖော် ရရှိခဲ့သည်။ တချို့ကို အဝတ်နှင့် ပတ်ထားပြီး တချို့ကို ဖျာကြမ်းဖြင့် ပတ်ထားသည်။ တချို့မှာလည်း အရိုးစုနီးပါး ဖြစ်နေသည်။
ထို့နောက် ထိုင်းနယ်စပ် တလျှောက်တွင် မြှုပ်နှံထားသည့် တခြားသချႋုင်းများလည်း ရှိနိုင်သလားဟု မေးသောအခါ ရဲဗိုလ်ချုပ် ထပ်ချိုင်း ပီတာနီးလာဘုက “လုံးဝသေချာပါတယ်” ဟု ပြန်ပြောခဲ့သည်။
တရားဥပဒေနှင့် ဩဇာအာဏာ
အန်နဝါကဲ့သို့ တခြားနာမည်ကြီး တယောက်ကိုလည်း ဖမ်းမိခဲ့သည်။ ဆာတွန်ခရိုင်တွင် ကိုတော် (သို့မဟုတ်) “အစ်ကိုကြီးတော်” ဟု လူသိများသည့် ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင်ကြီး ပတ်ချူဘန် အန်ချိုတီပန် (Patchuban Angchotipan) က မေလ ၁၈ ရက်နေ့တွသင် ဘန်ကောက် ရဲစခန်း သို့ လာရောက်၍ ကိုယ်တိုင် အဖမ်းခံခဲ့သည်။ ပတ်ချူဘန် အန်ချိုတီပန်သည် ဆာတွန်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဟောင်း တဦး ဖြစ်ပြီး သူ့ကို လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲ၍ ငွေတောင်းခံခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း စသည့် ပြစ်မှုများဖြင့် စွဲချက်တင် ခံခဲ့ရသည်။
ပတ်ချူဘန် အန်ချိုတီပန်ထံမှ မှတ်ချက် တောင်းခံခွင့် မရခဲ့ပါ။ တရားရုံးတွင် ထိုင်းဒီမိုကရက်ပါတီ၏ ဥပဒေအကြံပေး ဝီရတ်ကလျာဆီရိ (Wirat Kala-yasiri) က သူ၏ ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက် ပေးမည် ဖြစ်ပြီး ဒီမိုကရက်ပါတီ သည် စစ်တပ်နှင့် နီးစပ်သော ဆက်သွယ်ရေး ရှိသည့် ပါတီတခုဖြစ်သည်။ ဝီရတ်ကလျာဆီရိသည် နောက်ထပ် အရေးပါသည် ဟု သံသယရှိသူတဦးဖြစ်သော အနတ် ဟာဂျီးမဆေး (Anas Hajeemasae) အတွက်လည်း လိုက်ပါ ဆောင်ရွက်ပေးနေသည်။ သူ့ကို ပတ်ချူဘန် အန်ချိုတီပန်၏ ညာလက်ရုံးဟု ရဲအဖွဲ့က သတ်မှတ်ထားသည်။
ထိုင်းဒီမိုကရက်ပါတီ၏ တခြားအဖွဲ့ဝင်တယောက် ဖြစ်သော ပတ်ခပွန် ဆီရိရတ် (Pakkapon Sirirat) ကလည်း ဇွန်လ ၂ ရက်နေ့က ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး မာနပ်စ်ခွန်ပန် (Manus Kongpan)၏ ရှေ့နေအဖြစ် ဆောင်ရွက်နေသည်။ “ကျနော်က ရှေ့နေတယောက်ပါ။ နိုင်ငံရေး ပါတီတခုရဲ့ အဖွဲ့ဝင် ဖြစ်ဖို့လည်း အခွင့်အရေး ရှိပါတယ်။ ရှေ့နေတယောက်အနေနဲ့ ကျနော့်ရဲ့ အလုပ်က အစွပ်စွဲခံနေရသူတွေကို စောင့်ရှောက်ဖို့ပါပဲ” ဟု ပတ်ခပွန် ဆီရိရတ်က ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မာနပ်စ်ခွန်ပန်က လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲ၍ ငွေတောင်းခံခြင်းနှင့် အလောင်းများ ဖျောက်ဖျက်ခြင်း စသည့် စွဲချက်အားလုံးကို ငြင်းပယ်ခဲ့သည်။
မာနပ်စ်ခွန်ပန်သည် ကပ္ပလီပင်လယ်မှ ရွေ့ပြောင်း ဝင်ရောက်လာသူများကို တားဆီးသည့် စစ်ဆင်ရေး တခုကို ပြည်တွင်း လုံခြုံရေး စစ်ဆင်ရေးဌာန (Internal Security Operations Command ) အတွက် ဦးဆောင်ပေးခဲ့ ရသူ ဖြစ်သည်။ ထိုင်း စစ်တပ်က လုပ်ဆောင်နေသည့် အဆိုပါဌာနသည် အမေရိကန်နိုင်ငံမှ ပြည်တွင်း လုံခြုံရေးဌာန ကဲ့သို့ပင် ထိုင်းနိုင်ငံတွင် ဩဇာအာဏာကြီးသည့် ဌာနတခု ဖြစ်သည်။ “တကယ်လို့ မာနပ်စ်က လူကုန်ကူးမှုမှာ အမှန်တကယ် ပါဝင်ပတ်သက်ခဲ့တယ် ဆိုရင် သူ လွတ်မှာ မဟုတ်ပါဘူး၊ အမှန်ကို လက်ခံရ ပါလိမ့်မယ်” ဟု ပတ်ခပွန် ဆီရိရတ်က ဆိုသည်။
သို့သော် အမှုစစ်ဆေးခြင်းမှာ အချိန် ကြာမြင့်နိုင်ပြီး စီရင်ချက် ချမှတ်နိုင်ရန်မှာလည်း အလှမ်း ဝေးသေးသည် ဟု ရဲအဖွဲ့က ပြောသည်။
ဇွန်လ ၁၆ ရက်နေ့က သက်သေ ၁ ယောက်ကို အမှုစစ်ဆေးရာတွင် ထွက်ဆိုခြင်း မပြုရန် ခြိမ်းခြောက်ခဲ့သော လူ ၃ ယောက်ကို ဖမ်းဆီးခဲ့သည်။ စွပ်စွဲခံနေရသူများ၏ လက်အောက်ငယ်သားများက တခြားသက်သေများကို သက်သေ ထွက်ဆိုခြင်း မပြုအောင် ခြိမ်းခြောက်မှုများလည်း ရှိနေသည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ အေအက် အန် ဂဆန်နာနွန့်က ပြောသည်။ “စွပ်စွဲခံထားရသူတွေက ဩဇာအာဏာ ရှိတဲ့သူတွေ ဖြစ်နေတယ်” ဟု သူက ဆိုသည်။
ရာနှင့်ချီသော နောက်ကွယ်က လူများ
ထို့အပြင် လက်ရှိ ဖမ်းမိထားသူ အရေအတွက်မှာ လူကုန်ကူးလုပ်ငန်းမှ ဂိုဏ်းခွဲတခု ခန့်မျှသာ ရှိသေးသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ “ဒီလူကုန်ကူးမှု ကိစ္စမှာ တာဝန်ရှိသူတွေ အပါအဝင် ရာနဲ့ချီတဲ့ လူတွေ ပါဝင် ပတ်သက်နေနိုင် တယ်” ဟု ရဲဗိုလ်ချုပ် ထပ်ချိုင်း ပီတာနီးလာဘုက ပြောသည်။
ဧပြီလနှောင်းပိုင်းမှစ၍ စုံစမ်းစစ်ဆေးမှုများနှင့် ဖမ်းဆီးနှိမ်နင်းမှုများကို ပြုလုပ်ခဲ့သော်လည်း လူကုန်ကူးသူများ ၏ ငွေကြေးကြွယ်ဝမှုကို ထိခိုက်အောင် မလုပ်နိုင်သေးသည့် အသွင်ရှိနေသည်။ ၂၀၁၂ ခုနှစ် မှစ၍ ဘင်္ဂလား ပင်လယ်အော် တလျှောက်ရှိ လူမှောင်ခိုကူးမှု လုပ်ငန်း၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ခန့် ရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံတွင် ယခုအချိန်အထိ ဖမ်းဆီးနိုင်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ သန်းမျှသာ ရှိခဲ့သည်။
ထိုင်းအာဏာပိုင်များက မမှန်မကန် လုပ်ဆောင်သည်ဟု သံသယရှိသော သူများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း လောက်သာ ပြုလုပ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူခြင်းများ မပြုလုပ်ခဲ့ဟု ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ အေအက် အန်ဂဆန်နာနွန့်က ပြောသည်။
ယခုအခါ ရိုတီရောင်းသူသည် ရဲစခန်းအတွင်းမှ အပြင်သို့ မထွက်ရဲပါ။ သူ့ကို လူတချို့က လိုက်လံ ရှာဖွေနေကြောင်း သတင်း ကြားပြီးနောက် ရဲစခန်း အနီးရှိ ဗလီသို့လည်း သွားရောက်ဝတ်ပြုခြင်း မလုပ်တော့ပါ။
လူသိများသည့် လူကုန်ကူးသူ အမြောက်အမြား လွတ်မြောက်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ယခု အမှု စစ်ဆေးခြင်းများ ပြီးဆုံးသည့်အခါ တခြား နိုင်ငံတခုခုတွင် သွားရောက် နေထိုင်ခွင့်ရရှိရန် သူ မျှော်လင့်နေခြင်း ဖြစ်သည်။ “အဲဒီလိုမှမဟုတ်ရင် ကျနော် အသတ်ခံရလိမ့်မယ်” ဟု ရိုတီရောင်းသူက ပြောပါသည်။ ။
(Reuters သတင်းဌာနတွင် ဖော်ပြထားသော Amy Sawitta Lefevre နှင့် Andrew R. C. Mashall တို့၏ Inside Thailand’s Trafficking Crackdown ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။)