ရခိုင်ပြည်နယ်တွင် အစိုးရ တပ်မတော်နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့အကြား ၂၀၁၅ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် AA က ဖမ်းဆီးမိခဲ့သည့် တပ်မတော်မှ စစ်သုံ့ပန်း ၂ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ နိုင်ငံတကာ ကြက်ခြေနီ အသင်း (ICRC) မှတဆင့် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ပြန်လွှတ်ပေးလိုက်သည့် တပ်မတော်သား ၂ ဦးမှာ ဒုတပ်ကြပ် အဆင့်ရှိ နိုင်ထွန်းနှင့် တပ်သား ခင်ဇော်လတ်တို့ ဖြစ်ပြီး မတ်လ ၂၉ ရက်တွင် လက်နက်များနှင့်အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောသည်။
ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က “ပြန်လွှတ်ဖို့ ကြာသွားတာက ဒီကြားထဲ တိုက်ပွဲဖြစ်တာ ရှိတယ်။ ကျနော်တို့ဘက်မှာ တခြား အခြေအနေတွေ အများကြီး ရှိတယ်။ တဖက်က နိုင်ငံရေးအရ ညှိနေတယ်။ တဖက်မှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုတော့ အနေအထားကို စောင့်ကြည့်တဲ့ သဘောပါ။ ချင့်ချိန်နေတာပါ” ဟု ပြောသည်။
စစ်သုံ့ပန်း ၂ ဦးကို တပ်မတော် တပ်ရင်းများထံ ပြန်လည် လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း ရခိုင်ပြည်နယ် အတွင်းတွင် စစ်ရေး အခြေအနေမှာ တင်းမာနေဆဲ ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ICRC တာဝန်ရှိ အကြီးအကဲများနှင့် ဒါကာမြို့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၁၄ ရက်က ဘဂ်လားဒေ့ရှ်နိုင်ငံရှိ ရွာတော်မြို့တွင် လွဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ ယင်းကိစ္စနှင့် ပတ်သက်၍ “နိုင်ငံခြားရေး ကောင်စစ်ဝန်နဲ့ မေးကြည့်တော့ သူတို့ဘာမှ မသိသေးဘူး။ ပြန်လွှဲပေးတာ မရှိသေးဘူးလို့ သိရတယ်။ ဘင်္ဂလားဒေ့ရှ် (ICRC) ဘက်ကလည်း မြန်မာဘက်ကို ဘာမှ ဆက်သွယ်လာတာ မရှိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ICRC သို့ လွှဲပေးလိုက်ပြီး နောက်တရက် ဇူလိုင်လ ၁၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သတင်းစာတချို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံနယ်စပ်တွင် စစ်ရေးလေ့ကျင့်နေသည့် မြန်မာစစ်သား ၂ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သဖြင့် အဆိုပါကိစ္စကို ICRC မှ တာဝန်ယူ ဖြေရှင်းပေးရမည်ဟုလည်း ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် တာဝန်ကျနေသည့် အစိုးရ တပ်မတော်အရာရှိတဦးက “သူတို့က ဖမ်းသွားတာ ကြာပြီ။ ICRC ကို လွှဲပြောင်းစေတဲ့ကိစ္စမှာ ဖမ်းခံထားရတဲ့သူတွေ ကိုယ်တိုင်က လိုလားတဲ့ကိစ္စဆိုရင် မပြောတတ်ဘူး။ ဒီလိုမျိုးတွေက အထက်ကို အဆင့်ဆင့် တင်ပြပြီးမှ ဘယ်လို ဖြေရှင်းမလဲ သိရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် AA တို့အကြား မတ်လအတွင်း တိုက်ပွဲများကြောင့် တပ်မတော်မှ AA တပ်သား ၅ ဦးကို တိုက်ပွဲ ဖြစ်ပွားနေစဉ် ဖမ်းဆီးထားမိပြီး ကျောက်တော်မြို့နယ် ရဲစခန်းတွင် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ (၁၇/၁) ဖြင့် အရေးယူ ဖမ်းဆီးထားသည်ဟု သိရသည်။
ဖမ်းဆီးခံလိုက်ရသည့် တပ်သားများထံမှ ရရှိသည့် iPad အတွင်းမှ မိသားစု စာရင်းများနှင့် တပ်ဖွဲ့ဝင်တချို့၏ စာရင်းများကို တွေ့ရှိရပြီးနောက် မတရားအသင်း ဆက်သွယ်မှုဖြင့် AA ရဲဘော် ၅ ဦးအပါအဝင် ကျောက်တော်မြို့ ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားသူ ၁၆ ဦး ကျန်ရှိနေသေးသည်ဟု သိရသည်။
ရခိုင်ပြည်နယ်၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်းတို့က AA နှင့် ဆက်သွယ်သည်ဟု သံသယရှိသူ ၃၂ ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၁၆ ဦးကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။