ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ပိုင် ကျေးရွာအုပ်စု ၅ ခုအတွင်းရှိ စိုက်ပျိုးပြီးစ လယ်ဧက ၂၀၀၀ နီးပါး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နစ်မြုပ်ခဲ့ပြီး၊ ရေကြီးမှုကြောင့် ရန်ကုန်-ပြည် ရထားလမ်းတံတားတခု ကျိုးပျက်သွားကြောင်း သဲကုန်း ဒေသခံများက ပြောသည်။
သဲကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် စိုက်ပျိုးပြီးစ လယ်ဧကများ ရေနစ်မြှပ်မှု ကြုံတွေ့ရသည့် ကျေးရွာများမှာ ဆောက်ခြုံကြီး ကျေးရွာအုပ်စုမှ ဧက ၇၀၀ ကျော်၊ မင်းလှကျေးရွာ အုပ်စုမှ ဧက ၂၀၀ ကျော်၊ ညောင်းကုန်း ကျေးရွာအုပ်စုမှ ဧက ၄၀၀ ကျော်၊ ဇီးကုန်းကျေးရွာ အုပ်စုမှ ဧက ၂၀၀ ကျော်နှင့် ဓမ္မကောက် ကျေးရွာအုပ်စုမှ ဧက ၁၀၀ ကျော်တို့ ဖြစ်ကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။
လယ်ယာမြေများ ရေနစ်မြုပ်ရခြင်းမှာ အဆိုပါ ဒေသသည် မြေနိမ့်ပိုင်း ဖြစ်သည့်အတွက် ပဲခူးရိုးမပေါ်တွင် မိုးရွာသွန်းပါက ရေနစ်မြုပ်မှုများ ကြုံတွေ့ရသည့်အပြင်၊ ရေစီးဆင်းနေသည့် ထွက်ပေါက်များကိုပိတ်ပြီး ငါးမွေးကန် အမြောက်အများ တူးဖော်လာမှုများကြောင့် လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ပြီး ရေကြီးရေလျှံမှုများကို နှစ်စဉ်ကြုံတွေ့လာရခြင်း ဖြစ်သည်ဟု သဲကုန်းမြို့နယ် တောင်သူလယ်သမား သမဂ္ဂ တာဝန်ခံ ဦးသိန်းကျော်ဦးက ဧရာဝတီကို ပြောသည်။
“ဆောက်ခြုံကြီးအုပ်စု တခုတင်ပဲ ရေမြုပ်တာဧက ၇၀၀ လောက် ရှိတယ်။ မနေ့က မိုးများလို့ဖြစ်တာ၊ မိုးမများရင်လည်း ဒီဘက်က မြေနိမ့်ပိုင်း ဖြစ်နေလို့ ပဲခူးရိုးမဘက်မှာ မိုးရွာရင်လည်း ဒီမှာရေကြီးတယ်။ အဓိက ပြဿနာက အောက်ဘက်မှာ ရေထွက်ပေါက်တွေ ပိတ်ပြီး ငါးမွေကန်တွေဖော်၊ ကန်တွေဖို့ နေလို့ပဲ။ အဲဒီမှာ ရေတွေ ထွက်ပေါက် မရှိတော့လို့ ဒီမှာလာလျှံနေတာ” ဟု ဦးသိန်းကျော်ဦးက ဆိုသည်။
ထို့အပြင် သဲကုန်းမြို့နယ်အပိုင် ညောင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ရန်ကုန်-ပြည် ရထားလမ်းရှိ သဲဖြူချောင်း တံတား ကျိုးခဲ့သည့်အတွက် ရန်ကုန်မှ ဆင်းလာသည့် စာပို့ရထားနှင့် အမြန်ရထားများ သဲကုန်းမြို့တွင် ခေတ္တရပ်နားထားခဲ့ရပြီး၊ တံတားပြုပြင်ပြီးမှသာ ရထားများ ထွက်နိုင်ကြောင်း မြန်မာမီးရထား အင်ဂျင်နီယာ ဦးအောင်ဆွေက ပြောသည်။
“ချောင်းတွေကကော ရေစီးရေလာ မကောင်းတော့ တံတားဘေးတွေကနေ ရေတွေဖောက်ထွက်လို့ တံတားကျိုးတာပါ။ ကျိုးတာသိသိချင်း အမြန်ဆုံး ပြင်တာ ည ၉ နာရီ ၂၀ မှာ ပြီးတယ်။ ပြင်နေတုန်း သဲကုန်းမှာ စာပို့ရထားနဲ့ အမြန်ရထားတွေ ရပ်ထားခိုင်းပြီး မောင်းခွင့်ပြုတဲ့အခါ တနာရီကို ၅ မိုင်နှုန်းနဲ့ ဖြည်းဖြည်းချင်း မောင်းခိုင်းရတယ်” ဟု ဦးအောင်ဆွေက ဆိုသည်။
သဲကုန်းမြို့နယ်ရှိ လယ်ယာမြေများအတွင်းသို့ စီးဆင်းနေသည့် ချောင်းများ ရေစီးရေလာ ကောင်းမွန်ရန် လိုအပ်ကြောင်းနှင့် ချောင်းများအား ပိတ်ဆို့၍ ငါးမွေးကန်များ တူးဖော်ခြင်း၊ ကန်ဘောင်ဖို့ခြင်းများကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက လာရောက်စစ်ဆေးလိုကြောင်း ရေနစ်မြုပ်ခံနေရသည့် ကျေးရွာမှ ဒေသခံ လယ်သမားများက ပြောဆိုသည်။