၂၀၁၅ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်းရှိ မဲရုံများ စောင့်ကြပ်ရန် အထူး ရဲအင်အား ၂၅၀၀ ကို ခေါ်ယူထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယ ပြည်နယ် ရဲမှူးကြီး ဘိုဘိုဦးက ဧရာဝတီ သို့ ပြောသည်။
ယင်းအထူး ရဲများကို ဇူလိုင်လ တတိယပတ်တွင် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ သင်တန်းများပို့ချ၍ စတင်ဘာလ ၁ ရက်မှ စတင် ခန့်အပ်တော့မည် ဖြစ်ကြောင်း သိရသည်။
အထူးရဲများသည် ရပ်ရွာမှ လက်ခံသူဖြစ်ရမည် ဖြစ်ပြီး အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်ဟု သတ်မှတ်ထားကြောင်း၊ သို့သော် ရခိုင်ဒေသတွင် ပညာအရည်အချင်း မြင့်မားသူ မလုံလောက်သဖြင့် လုပ်ရည်ကိုင်ရည်နှင့် ပညာ အရည်အချင်းပေါ် မူတည်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း ရဲမှူးကြီး ဘိုဘိုဦးက ပြောပြသည်။
၎င်းက“နယ်စွန် နယ်ဖျား ဖြစ်တဲ့ ရခိုင်ပြည်နယ်လို နေရာမျိုး၊ ရှမ်းမြောက်၊ ရှမ်းတောင်တို့လို နေရာမျိုးကျတော့ အားလုံး ၁၀ တန်း အောင်တဲ့ လူတွေ မရနိုင်ဘူး။ သူတို့ရဲ့ ရာထူးကိုလည်း လုပ်ရည်ကိုင်ရည်နဲ့ ပညာအရည်အချင်းအပေါ် မူတည်ပြီး ပေးသွားမယ်”ဟု လည်း ပြောသည်။
အဆိုပါ အထူး ရဲများတွင် အရန် မီးသတ်တပ်ဖွဲ့မှ အင်အား ၁၂၄၅ ယောက် ပါဝင်ပြီး ရခိုင်ပြည်နယ်တွင် စုစုပေါင်း ထားရှိမည့် မဲရုံ အရေအတွက် ၂၅၀၀ ကျော်ရှိရာ မဲရုံတရုံလျှင် အထူးရဲ တစ်ယောက်ကျ စောင့်ကြပ်ရမည် ဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ရဲအင်အား ၂ သောင်းကျော်ရှိရာ ရွေးကောက်ပွဲအတွက် အရန်အင်အား ၂ သောင်း ခေါ်ယူထားပြီး ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အက်ဥပဒေအရ ခန့်အပ်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောသည်။
အထူးရဲအဖြစ် ခန့်အပ်ခံရသူများသည် ၂၀၁၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလအကုန်ထိ ၃ လကြာ တာဝန် ထမ်း ဆောင် ရမည်ဖြစ်ပြီး တလလျှင် အခြေခံ လစာ ကျပ် ၁ သိန်း ၂ သောင်းကျပ်နှင့် နေ့တွက် စရိတ်အဖြစ် တရက်လျှင် ၁၀၀၀ ကျပ် ခံစားခွင့် ရရှိမည်ဖြစ်သည်ဟုလည်း ဆိုသည်။
အထူး ရဲဝန်ထမ်းအဖြစ် လျှောက်ထားလိုသူများသည် အမျိုးသား ဖြစ်ရမည်ဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီး အသက် ၆၀ ထက် မကြီးသူ၊ ကိုယ်အင်္ဂါ မချွတ်ယွင်းသူ၊ အရပ် မပုလွန်းသူ၊ အရွယ် မဝလွန်းသူ၊ ရပ်ကွက်နေ ပြည်သူများ ယုံကြည် အားထားရသူ၊ ဘက် လိုက်မှု ကင်းသူ၊ ပါတီနိုင်ငံရေး ကင်းရှင်းသူနှင့် မိမိကိုယ် မိမိယုံကြည်မှု အပြည့် ရှိရမည်ဟု သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့မှ သိရသည်။