၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အိမ်ခြံမြေစည်းကြပ်နှုန်းထားတွင် ဈေးကွက်ပေါက်ဈေးထက်များနေသောကြောင့် နှုန်းထား အသစ် ပြန်လည်ပြင်ဆင်ပြီး ဝန်ကြီးဌာနထံ တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စား လှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင်က ပြောသည်။
၎င်းက “ရာဖြတ်တန်ဖိုးတွေက ထွက်ပြီ၊ အနိမ့်ဆုံးတန်ဖိုးသတ်မှတ်တာကိုက အမှန်တကယ်အပြင်ပေါက်ဈေးထက် များနေတယ်၊ အဲဒါကြောင့် ပြန်ပြင်ပြီး ပြန်တင်ပါ့မယ်” ဟု ဆိုသည်။
မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံးက ဇွန်လနောက်ဆုံးပတ်က ထုတ်ပြန်ခဲ့သည့် ယခု ဘဏ္ဍာ နှစ်အတွက် အိမ်ခြံမြေစည်းကြပ်နှုန်းထား (ရာဖြတ်တန်ဖိုး)တွင် မန္တလေးမြို့လယ်ကောင်ဖြစ်သည့် ချမ်းအေးသာစံ မြို့ နယ်နှင့် မန္တလေးမြို့သစ်စီမံကိန်းများရှိသည့် ချမ်းမြသာစည်မြို့နယ်တို့မှ အိမ်၊ခြံ၊မြေ ရာဖြတ်တန်ဖိုးတို့သည် လက်ရှိ ပေါက်ဈေးထက် များနေသည်ဟု ဆိုသည်။
မန္တလေးမြို့တွင် အမှန်တကယ်ဈေးကွက်တွင် အများစု အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေအကျယ်အဝန်း အတိုင်း အတာသည် ပေ ၄၀ x ၆၀ အကျယ် မြေကွက်များ ဖြစ်သော်လည်း ရာဖြတ်တန်ဖိုးတွက်ချက်သတ်မှတ်ရာတွင် တဧက နှုန်းဖြင့် သတ်မှတ်သောကြောင့်လည်း ယခုလို ဈေးကွက်နှင့် ကွာဟမှုဖြစ်ရသည့် အကြောင်းအရင်းတချက်လည်း ဖြစ် သည်ဟု မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်တဦးဖြစ်သူ ဦးနေလင်းအောင်ကပြောသည်။
မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမြင့်ကြူက “အားလုံးကျေနပ်အောင် ဥပဒေနဲ့အညီ လုပ်ပေးရမှာပါပဲ၊ သူတို့များတယ်လို့ပြောတဲ့ နေရာတွေမှာ Spot Check လုပ်သွားမယ်၊ တကယ်များနေရင် ပြင်ပေးဖို့ ဝန်မလေးပါဘူး၊ အဲဒီအတွက် ဘယ်ဘက်မှ ဘက်မလိုက်ပါဘူး၊ ကျနော်က Judge ပဲ” ဟု ဆိုသည်။
အထက်ပါဌာနအသီးသီးအလိုက် တင်ပြသည့် ဈေးနှုန်းများကိုလည်းကောင်း၊ မန္တလေးမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင် များထံမှ အကြံဉာဏ်များကိုလည်း ရယူကာ အားလုံးစုပေါင်းပြီး သင့်လျော်သည့် နှုန်းထားတခုဖြစ်အောင် သတ်မှတ် ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
ထိုသို့ ရာဖြတ်တန်ဖိုးတွက်ချက်ရာတွင် အဓိကအားဖြင့် မန္တလေးတိုင်းဒေသကြီးအဆင့် ပြည်တွင်းအခွန်များဦးစီးဌာန မှူးရုံး၊ စီမံကိန်းရေးဆွဲရေးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ ပါဝင်ဖွဲ့စည်းထားသည့် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သည်။
ထို့အပြင် အိမ်ခြံမြေအကျိုးဆောင်များက ရာဖြတ်တန်ဖိုးအား တဧကဈေးဖြင့် တွက်ချက်ခြင်းထက် ပေနှင့်တွက်ချက် ပေးရန် တောင်းဆိုချက်အပေါ် တိုင်းဒေသကြီး အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့နှင့် ညှိနှိုင်းပြီး အဆင်ပြေပါက ဆောင်ရွက်ပေးမည်ဟု ဝန်ကြီးက ပြောသည်။
ယခင်ဘဏ္ဍာနှစ်က အိမ်ခြံမြေစည်းကြပ်နှုန်းထားတွင်လည်း မန္တလေးခရိုင် ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ် တို့တွင် ပေါက်ဈေးထက် များနေသည်ဟု ဆိုသောကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကွင်းဆင်း စစ်ဆေးကာ ပြန်လည် ပြင်ဆင်ပေးခဲ့သည်ဟု ဆိုသည်။
ရာဖြတ်နှုန်းထားသည် လက်ရှိဈေးထက် များပြားနေပါက “အခွန်ရာဖြတ် မခံတော့ဘဲ GP (General Power)၊ SP (Special Power) လွှဲပြီး အရောင်းအဝယ်လုပ်ကြမယ်၊ အိမ်ခြံမြေပိုင်ဆိုင်မှုတရားဝင် မှတ်ပုံတင်စာချုပ်မချုပ်ရင် ပိုင် ဆိုင်မှုအရ အငြင်းပွားစရာတွေ ဖြစ်လာနိုင်မယ်” ဟု မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုး တိုး တက်ရေးအသင်းဥက္ကဌ ဦးတင်မောင်က ပြောသည်။
အသင်းက ပြန်လည်ပြုပြင်နေသည့် ရာဖြတ်နှုန်းထားများအား ယခုဇူလိုင်လကုန်တွင် တိုင်းဒေသကြီးဘဏ္ဍာရေး ဝန်ကြီး ဌာနသို့ တင်ပြမည်ဟု ဆိုသည်။