မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ နိုင်ငံကျော် ဦးပိန်တံတားမှ ဆွေးမြေ့ပြီး အစားထိုး လဲလှယ်ရမည့် တိုင်ဟောင်းများကို လဲလှယ်ပြီးပါက ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ)၏ ပြတိုက်တွင်ပြသထားမည်ဖြစ်ကြောင်း သိရသည်။
“လဲပြီးတိုင်တွေကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြတိုက်မှာ ထားမယ်။ ဦးပိန်တံတား တိုင်အတုတောင် ဒေါ်လာငါးထောင် ပေါက်နေတယ်။ လဲပြီးသား တိုင်ဟောင်းတွေကို ပြန်လည်ထိန်းသိမ်းထားတဲ့ သဘောပါ” ဟု မန္တလေးတိုင်း ဒေသကြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ကဏ္ဍအား တာဝန်ယူထားသည့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ဆိုသည်။
ဦးပိန်တံတားအား လာမည့်သြဂုတ်လမှ စတင်ပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်တော့မည်ဖြစ်ရာ တံတားပြုပြင်ထိန်းသိမ်းရေး စီမံချက်တွင် ဦးစွာဆောင်ရွက်မည့် ဆွေးမြေ့တိုင်ဟောင်း ၁၀၀ အား တိုင်သစ်များဖြင့် အစားထိုး လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက် သွားမည်ဟု ၎င်းက ဆက်ပြောသည်။
ဆွေးမြေ့တိုင်ဟောင်းများအား တိုင်သစ်ဖြင့် လဲလှယ်ရာတွင် ကျွန်းတိုင်လုံးများဖြင့်သာ ပြန်လည် အစားထိုးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတိုင်လုံးများအတွက် လျှပ်စစ်၊ သစ်တော၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဦးစီးဌာနတို့မှ ကျွန်းတိုင်များအား ကူညီတောင်းခံ အသုံးပြုသွားမည်ဟု ဝန်ကြီးက ဆိုသည်။
ဦးပိန် တံတားအား အဓိက ပြုပြင်ထိန်းသိမ်းမည့် လုပ်ငန်းများမှာ ဆွေးမြေ့တိုင်များ အစားထိုး လဲလှယ်ခြင်း၊ အောက်ခြေဆွေးနေသည့် တိုင်များအား ဖြတ်ဆက်ခြင်း၊ ပျက်စီးသွားသည့် တိုင်ခေါင်းများအား အစားထိုး ဆက်ခြင်း၊ မူလပုံစံအတိုင်း သစ်သားလက်ရန်းတန်းနှင့် သစ်သားခါးပန်းများ ထည့်သွင်းခြင်း၊ ကွန်ကရစ်တံတား လက်ရမ်း အချောကိုင်ပြုပြင်ခြင်း၊ တံတားတောင်ဘက်ခြမ်းတွင် လုံခြုံရေးအတွက် လျှပ်စစ်မီး သွယ်တန်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ သိရသည်။
ပေအရှည် ၄၀၀၀ နီးပါးရှိပြီး ကျွန်းတိုင်လုံးပေါင်း ၁၀၈၆ တိုင်ဖြင့် တည်ဆောက်ထားသည့် သက်တမ်း ၁၆၄ နှစ် ရှိပြီဖြစ်သော ဦးပိန်တံတားအား ရှေးမူမပျက်ပြုပြင်ရန် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် မလုံလောက်သဖြင့် နိုင်ငံတော် သမ္မတ၏ ဒေသဖွံ့ဖြိုးရေး သီးသန့်ရန်ပုံငွေမှ ငွေကျပ် သိန်း ၂၂၇၀ အား ချထားပေးခဲ့ရာ ယခုဘဏ္ဍာနှစ်အတွင်း ပြုပြင်ရေး လုပ်ငန်းများကို အပြီးလုပ်ဆောင်သွားမည်ဟု ဝန်ကြီးဒေါက်တာ မြင့်ကြူက ဆက်ပြောသည်။
ကမ္ဘာကျော် ရှေးဟောင်းကျွန်းသစ်သားတံတား တခုဖြစ်သော ဦးပိန်တံတားသည် မန္တလေးမြို့၏ ပုံရိပ်တစ်ခုလည်း ဖြစ်သဖြင့် တံတားပြုပြင်ရေး လုပ်ငန်း၌ အဓိက ဆောင်ရွက်မည့် ကျွန်းတိုင်လုံးများ အစားထိုး လဲလှယ်ရာတွင် ကျွန်းတိုင်လုံးများအစား အခြားသစ် အမျိုးအစားကို ထည့်သွင်းအသုံးပြုခြင်း၊ လဲလှယ်ပြီး တိုင်ဟောင်းများအား စနစ်တကျ ထိန်းသိမ်မှု မရှိဘဲ လေလွင့်ပျောက်ကွယ်သွားမည်ကို မန္တလေး မြို့ခံများက စိုးရိမ်နေကြသည်။