ကရင် အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)တို့ သီးသန့် တွေ့ဆုံ၍ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။
KNU ဥက္က| ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် RCSS/SSA ဥက္က| ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇူလိုင်လ ၁၆ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး တနိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) အပါအဝင် အချက် ၃ ချက်ကို အဓိက ဆွေးနွေးကြကြောင်း RCSS/SSA ပြောခွင့် ရသူ ဗိုလ်မှူး စိုင်းလ က ဧရာဝတီ ကို ပြောပြသည်။
KNU နှင့် RCSS တို့ဆွေးနွေးရာတွင် NCA လက်မှတ်ထိုးပြီးပါက ဆောင်ရွက်မည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် မူဘောင် နှင့် ရှေ့ဆက် လုပ်ဆောင်ကြမည့် လုပ်ငန်းစဉ်များ၌ အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။
၎င်းက“တကယ်လို့ NCA လက်မှတ် ရေးထိုးဖြစ်မယ်ဆိုရင် အဲဒါပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ရမယ်ဆိုတော့ မူဘောင်တွေကို အများက သဘောတူတဲ့ မူဘောင်ဖြစ်အောင် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာကို အဓိက ဆွေးနွေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဖွဲ့တိုင်းက ကိုယ့်မူနဲ့ကိုယ် ရှိတော့ အားလုံးနဲ့ကိုက်ညီတဲ့ မူဘောင်ဖြစ်ဖို့ လိုအပ်တာကြောင့်ပါ”ဟုလည်း ပြောဆိုသည်။
NCA လက်မှတ်ထိုးပြီးသည်နှင့် တပြိုင်နက် အားလုံး သဘောတူညီသည့် ငြိမ်းချမ်းရေး မူဘောင်တခု သတ်မှတ် ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ပူပေါင်း၍ ငြိမ်းချမ်းရေး မူဘောင်နှင့်ရှေ့လုပ်ငန်းစဉ်များကို ဘုံသဘော တူညီမှုတခုရရန် ညှိနှိုင်းသွားမည်ဟုလည်း သိရသည်။
ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ RCSS နှင့် KNU တို့အကြား ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ပြီး NCA လက်မှတ် ထိုး သည် ဖြစ်စေ၊ မထိုးသည် ဖြစ်စေ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား NCA လက်မှတ်ရေးထိုးဖြစ်ပါက လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးနိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်များက တောင်းဆိုထားကြသော်လည်း အစိုးရအနေဖြင့် တချို့ အဖွဲ့ကို လက်ခံနိုင်ခြင်း မရှိသေးပေ။
ထို့အတူ လော်ခီးလာ ညီလာခံ၌ NCA ပါ အချက်အလက်တချို့အား ပြင်ဆင် ဖြည့်စွက်ထားသည်ကိုလည်း တိုင်းရင်းသား ခေါင်း ဆောင်များနှင့်အစိုးရ တို့ကြား ဇူလိုင် ၂၂ ရက် ဆွေးနွေးပွဲ၌ ထပ်မံညှိနှိုင်း ဆွေးနွေးကြရဦးမည် ဖြစ်ကြောင်း သိရသည်။
အကယ်၍ အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အကြား NCA ပါ အချက်များကို ညှိနှိုင်းမရပါကလည်း KNU နှင့် RCSS/SSA အဖွဲ့တို့ အနေဖြင့် သီးသန့်ခွဲထွက်၍ အစိုးရ နှင့် လက်မှတ်ထိုးရန် အစီအစဉ်မရှိကြောင်း ထိုအဖွဲ့ တာဝန်ရှိသူများက ပြောဆိုသည်။
KNU နှင့် RCSS/SSA တို့ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ KNU ခေါင်းဆောင်များထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။