တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်း များ အကြားတွင် တစ်ဆို့နေသည့် အဟန့်အတားများကို ညှိနှိုင်းဆွေးနွေးရန် လော်ခီးလာ တိုင်းရင်းသား ညီလာခံက တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ EAOs’ Senior Delegation အဖွဲ့၏ ခေါင်းဆောင် အဖြစ် KNU ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ကို တညီတညွတ်တည်း ရွေးချယ်တာဝန်ပေးခဲ့သည်။ ဇူလိုင်လ လယ်ပိုင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အစိုးရငြိမ်းချမ်းကိုယ်စားလှယ်အဖွဲ့ကို အထောက်အကူပြုနေသည့် မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) နှင့် တိုင်းရင်းသား အဆင့်မြှင့်ညှိနှိုင်းအဖွဲ့ (SD) တို့ တွေ့ဆုံခဲ့ကြပြီး SD အဖွဲ့ ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် ကို ဧရာဝတီ သတင်း ထောက် ကျော်ခနှင့် ငြိမ်းငြိမ်း တို့က သီးသန့်တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ပထမဆုံးမေးချင်တာက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အဆင့်မြင်ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင်တဦးအနေနဲ့ အခု အစိုးရနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက စိုးရိမ်နေရတဲ့ အရာတွေက ဘာဖြစ်မလဲ။
ဖြေ။ ။ စိုးရိမ်ချက်တွေကတော့ ကျမတို့တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်၊ လိုလားချက်တွေ အထူးသဖြင့် လော်ခီလာ မှာ တိုင်းရင်းသားခေါင်းဆောင်တွေချထားတဲ့ မူကို အစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ အခက်အခဲများရှိနိုင်သလားလို့ ကျမတို့က ဒါကိုစိုးရိမ်ပန်မှု ဖြစ်တယ်။
မေး။ ။ ဇူလိုင်လအစောပိုင်းက ဝန်ကြီးဦးအောင်မင်းနဲ့ ပဏာမတွေ့ဆုံတဲ့အခါကြတော့ အဲဒီစိုးရိမ်တဲ့အချက်တွေက တစုံ တရာ ဖြေလျှော့သွားတဲ့ အလားအလာတွေ့ရလား။
ဖြေ။ ။ အဲဒါကတော့ ကျမတို့ကြိုးစားပြီးတော့ အဖြေရှာကြတာဖြစ်တာပေါ့လေ။ ကျမတို့ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် အတွက်ကတော့ အရေးကြီးတယ်။ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးရပြီး လို့ရှိရင်လည်း နိုင်ငံရေးဆွေးနွေးပွဲသွားနိုင်ဖို့အတွက် တနိုင်ငံလုံးငြိမ်းချမ်းရေးရရှိဖို့အတွက် ကျမတို့ ဒါကိုရည်ရွယ်ပြီး လုပ်ဆောင်နေတဲ့ အတွက်ကြောင့်ပေါ့လေ။ တွေ့တဲ့အခါမှာလည်း နည်းလမ်းကိုရှာပြီးတော့ ဆွေးနွေးချက်အပေါ်မှာ ၂ ဖက်စလုံးက လက်ခံကျေနပ်တဲ့ အထိကြိုးစားပြီးတော့ ဆောင်ရွက်ရမှာဖြစ်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကတော့ လက်မှတ်ထိုးဖို့က NCA က ခိုင်ခိုင်မာမာဖြစ်ဖို့လိုအပ်တယ်။ အဲဒီရည်ရွယ်ချက် နဲ့ ကျမတို့သွားတာဖြစ်တယ်။
မေး။ ။ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD ဖွဲ့လိုက်တုန်းက အစိုးရဘက်က တိုင်းရင်းသားတွေအနေနဲ့ မရေမရာနဲ့ နောက် ဆုတ် တော့ မလားဆိုပြီး ပြောဆိုနေကြတာရှိတယ်။ SD အဖွဲ့ခေါင်းဆောင်က အမျိုးသမီးခေါင်းဆောင်တဲ့ အတွက်ကြောင့် လက်မခံတာ လားဆိုပြီး ပြောကြတဲ့လူတွေလည်းရှိတယ်။ ဆရာမကိုယ်တိုင်ကရော ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။ ။ ကျမအမြင်ကတော့ အစိုးရဘက်က အမျိုးသမီးခေါင်းဆောင် ဖြစ်တာ၊ မဖြစ်တာ စဉ်းစားချက်လည်း ရှိတာ ပေါ့နော်။ နောက်တခုကလည်း သူတို့ဘက်ကတော့ စိုးရိမ်တယ်လို့ ခံစားမိတာကတော့ ကျမတို့က လိုလိုလားလား SD ဖွ့ဲတာကတော့ ဒါ (NCA) ကို ရှေ့သွားနိုင်ဖို့အတွက် ဖွဲ့တာဖြစ်တယ်။ ဒါပေမယ့် သူတို့ဘက်ကတော့ ဇဝေဇဝါဖြစ်ပြီးတော့ မတွေ့သလိုမျိုး အသိအမှတ် မပြုသလိုမျိုးပြောတာမျိုးတော့ရှိတာပေါ့။ ဒီလိုကြားရတဲ့အတွက် စိတ်မကောင်း တော့ ဖြစ်တာပေါ့။ ကျမတို့တိုင်းရင်းသားတွေဘက်က ရည်ရွယ်ချက်၊ ခံယူချက်ကတော့ NCA ကိုခိုင်ခိုင်မာမာဖြစ်ဖို့အတွက်၊ ပြီးတော့ ရှေ့ဆက်သွားနိုင်ဖို့ အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ဒါကို ဦးတည်ပြီးတော့ ဘယ်လိုပဲ အခြေအနေ တွေဖြစ်ဖြစ် ဒီလိုတွေ့နိုင်ဖို့အတွက် ကျမတို့ကလည်း ကြိုးစားခဲ့တာရှိတယ်။ ကျမတို့ အမြန်ဆုံးတွေ့နိုင်ဖို့အတွက် အစိုးရဆီ ကိုစာပို့တယ်။ စာပို့ပြီး နောက်ပိုင်းမှာ ဝန်ကြီးအဖွဲ့ကလာတွေ့တဲ့အတွက် လမ်းပွင့်လာတဲ့အတွက် ကျမတို့အတွက် အများ ကြီး မျှော်လင့်ချက် ရှိပါတယ်။
မေး။ ။ ကျနော်တို့ကြားသိထားရသလောက် အစိုးရက ကနဦး တွေ့ဆုံထားတဲ့ ၁၄ ဖွဲ့နဲ့ ထပ်တိုးအဖြစ်ထည့်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO) တို့နဲ့ပဲ NCA ကို ကနဦးလက်မှတ်ရေးထိုးသွားဖို့ဆန္ဒရှိနေပြီး ကျန်တဲ့ ပလောင် တပ်ဖွဲ့(TNLA) ၊ ကိုးကန့်တပ်ဖွဲ့နဲ့ ရခိုင်တပ်မတော်(AA) တို့အပါအဝင် စုစုပေါင်း အခြား တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ကို တပြိုင်တည်းလက်မှတ်ထိုးဖို့ ဆန္ဒမရှိဘူးလို့သိရတယ်။ လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်ကလည်း အားလုံး ပါဝင် ရေး ဆိုတော့ ဒီကိစ္စ ဘယ်လိုဆောင်ရွက်ကြမလဲ။ အဖွဲ့တွေအားလုံးမပါဘဲ ၁၅ ဖွဲ့နဲ့ပဲ လက်မှတ်ထိုးရေးလုပ်သွားဖို့ အစီ အစဉ် ရှိလား။
ဖြေ။ ။ အဲဒါကတော့ ကျမတို့ (ရန်ကုန်) ဆွေးနွေးရာမှာ ဆွေးနွေးကြမှာဖြစ်တယ်။ ၁၄+၁ ဆိုတာကတော့ အစိုးရဘက် က စဉ်းစားချက်ပေါ့။ ကျမတို့ဘက်ကတော့ လော်ခီးလာ ဆုံးဖြတ်ချက်အရ အားလုံးပါဝင်ရေးကိစ္စပေါ့။ အထူးသဖြင့်တော့ NCCT အဖွဲ့ဝင်တွေ ၁၆ ဖွဲ့ပါဝင်ဖို့အရေးကြီးတယ်။ ဒါဟာလည်း တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်မှု တခုအနေနဲ့ သွားရတာ ဖြစ်တယ်။ ပြီးတော့လည်း အားလုံးပါဝင်ရေးကိစ္စကတော့ တိုင်းရင်းသားတွေ က တစုတစည်း စုစည်းတဲ့ NCA တခုဖြစ်ပေါ်ဖို့အတွက်က သူတို့က ဝိုင်းပြီးတော့ လုပ်ဆောင်တဲ့အတွက်ကြောင့်ပေါ့လေ။ ဒီအပေါ်မှာ ကျမတို့ အစိုးရနဲ့ တွေ့တဲ့ အခါမှာလည်း (အားလုံးစစုတစည်းတည်းပါဝင်ရေး) လုပ်နိုင်ဖို့အတွက်ကို နည်းလမ်းရှာပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်တယ်။ နည်းလမ်းရှာတဲ့အခါမှာလည်း နှစ်ဖက်စလုံးကတာဝန်ရှိတယ်လို့ ကျမတို့ ဆွေးနွေးတာရှိပါတယ်။
မေး။ ။ လော်ခီးလာ ညီလာခံက ပြင်ဆင်လိုက်တဲ့ အချက်တွေကို အစိုးရဘက်က မပြင်ချင်ဘူး။ မပြင်ဘဲရော လက်မှတ် ထိုးသွား မလား။ ဘယ်လိုလုပ်သွားဖို့ရှိလည်း။ အရေးကြီးတဲ့ အချက်တွေတချို့ကို မှတ်တမ်းအဖြစ်ပဲ ထားသွားမယ် ဆိုပြီး လည်း ကြားနေရလို့ပါ။ ဒီကိစ္စကိုရော ဘယ်လိုလုပ်မလဲ။ မပြင်ဘဲနဲ့ လက်မှတ်ထိုးကြမှာလား။
ဖြေ။ ။ အဲဒီကိစ္စကတော့ မပြင်ဘဲနဲ့ လက်မှတ်ထိုးဖို့ကတော့ မရှိဘူး။ အဲဒါက မဖြစ်သင့်တဲ့ အရာပါ။ တိုင်းရင်းသား တာဝန် ရှိသူတွေ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် အားလုံးက အရေးကြီးတဲ့ အချက်အလက်တွေကို သူတို့ဘက်က လုံးဝ မပြင်ဘူး ဆိုရင် ဘာမှမပြင်ဘဲနဲ့တော့ လက်မှတ်ထိုးဖို့မရှိဘူး။ အဲဒါကြောင့် ကျမတို့ အစိုးရ ဝန်ကြီး (ဦးအောင်မင်း) တို့နဲ့ ဆွေးနွေးတဲ့အခါမှာ ဘာမှမပြင်လို့တော့ မဖြစ်ဘူး။ ဆွေးနွေးမှုတော့ရှိရမယ်။ ဆွေးနွေးပြီးမှ ဘယ်လိုပုံစံနဲ့သွားမလဲ ဆိုတာ ကတော့ သဘောတူ ထားတာရှိတာပေါ့။ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်။ တချို့ဆွေးနွေးတဲ့ အပေါ်မှာကတော့ ဥပမာ မှတ်တမ်းအနေနဲ့ထားမယ်။ မှတ်တမ်းဆိုတာကလည်း မှတ်တမ်းရိုးရိုးမဟုတ်ဘူး။ အကျုံးဝင်တဲ့မှတ်တမ်းမျိုးပေါ့။ ဆွေးနွေး ပြီးမှ အဖြေပေါ်မှာပဲဆွေးနွေးမှု ရှိမယ်လေ။
မေး။ ။ လော်ခီးလာ ညီလာခံမှာ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လက ပြောတယ်။ အစိုးရက ဖက်ဒရယ်ဆိုတဲ့ စကားကို သုံးပေမယ့်လည်း NCA ကိုလက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်ရောက်မှ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဖက်ဒရယ်မျိုး ဖြစ်မှာကို စိုးရိမ်ကြောင်းပြောတယ်။ ဒီလိုအခြေအနေမျိုးဖြစ်မလာအောင် ဘယ်လို ပြင်ဆင်ထားလဲ။
ဖြေ။ ။ အဲဒါကတော့ ကျမတို့ကတော့ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ အားလုံး အချက်အလက်တွေ့ပါမှာဖြစ်တယ်။ နိုင်ငံ ရေး ဆွေးနွေးတဲ့အခါမှာလည်း ဒါတွေကိုဆွေးနွေးရမှာဖြစ်တယ်။ ဆွေးနွေးတဲ့အခါမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ ဟာတွေပေါ့လေ။ အချက်အလက်တွေ၊ အာဏာခွဲဝေမှုတွေ တဆင့်ပြီး တဆင့်သွားရမှာဖြစ်တယ်။
မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်မှာ ဆွေးနွေးမယ်လို့ဆိုတယ်။ လက်ရှိမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အစိုးရနဲ့ တပ်မတော်ဘက်က ပြင်ဆင်လိုတဲ့ ဆန္ဒ မရှိဘူး။ လွှတ်တော်ထဲမှာလည်း တပ်မတော်က ကန့်ကွက်ထားတယ်ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်မှာ ဖွဲ့စည်းပုံပြင်ဆင် ရေးကို ဆရာမတို့အနေနဲ့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါလား။
ဖြေ။ ။ ကျမတို့ကတော့ နှစ်ပိုင်းရှိတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတော့ ကျမတို့က မဖြစ်ချင်ဘူး။ အသိအမှတ်လည်း မပြုဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကတော့ စစ်တပ်က လွှမ်းမိုးမှုရှိနေတဲ့ အပေါ်မှာပေါ့လေ။ အာဏာခွဲဝေမှုလည်း မရှိဘူး။ ဒီဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုအခြေခံတာမရှိဘူး။ ဒီဖွဲ့စည်းပုံကို ကျမတို့ အရင်ကလည်း လက်မခံဘူး။ ဒီဖွဲ့စည်းပုံကို ပြင်ပြီးမှ တနိုင်ငံလုံးရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်လာနိုင်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ဘယ်လိုပဲဆွေးနွေး၊ ဆွေးနွေး ဒီဖက်ဒရယ် တည်ဆောက်ဖို့လည်း မလွယ်ကူဘူး။ ပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့လည်း မဖြစ်နိုင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း လုပ်ဆောင်ရမယ်။ တဘက်မှာ နိုင်ငံရေးဆွေးနွေးတာကိုလည်း လုပ်ဆောင်ရမှာဖြစ်တယ်။
မေး။ ။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေဘက်မှာ တိုက်ပွဲတွေပိုဖြစ်လာတယ်။ ဖွဲ့စည်းပုံ မပြင်ရင် လက်မှတ်မထိုးဘူးလို့ပြောထားတာလည်းရှိတော့ ဒီလိုတိုက်ပွဲတွေဖြစ်လာတာဟာ တိုင်းရင်းသားတွေအတွက် တဘက်လှည့် ဖိအားပေးတာရောဖြစ်မနေဘူးလား။
ဖြေ။ ။ အဲဒါကတော့ ကျမတို့ အများကြီးစိုးရိမ်မှုရှိတာပေါ့။ စစ်ရေးလှုပ်ရှားမှုကို ကြည့်မယ်ဆိုရင် ကျမတို့ ပိုပြီးတော့ စိုးရိမ်မှု ဖြစ်လာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ သုံးနှစ်အတွင်းသွားတဲ့အခါမှာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင် တယ်။ ပြီးတော့ ကျမတို့သွားနေတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိုကြိုးစားပြီးတော့ စကားပြောတယ်။ ဆွေးနွေးကြတယ်။ ဒါပေမယ့် ဒီမြေပြင်မှာ ကြည့်တာအခါမှာ သုံးနှစ်အတွင်းမှာ စစ်ရပ်ဆိုင်းမှုက မရှိဘူးလို့ပြောလို့ရတယ်။ အခုလည်း စစ်ရေးလှုပ်ရှားမှုက များလာတဲ့အတွက်ကြောင့် ကျမတို့ကတော့ စိုးရိမ်မှုရှိတယ်။ တနိုင်ငံလုံး ပြုပြင်ပြောင်းလဲဖို့ အတွက်ကတော့ အစိုးရမှာလည်း တာဝန်ရှိတယ်။ တပ်မတော်မှာလည်း တာဝန်ရှိတယ်။ တပ်မတော်က တကယ်ပဲ မြန်မာ နိုင်ငံကို ပြောင်းလဲမှု လိုချင်လို့ ရှိရင် သူတို့က အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တယ်။ တပ်မတော်က စေတနာမှန်မှန်နဲ့ လုပ်ဆောင် ဖို့လိုတယ်။ တနိုင်ငံလုံးပြုပြင်ပြောင်းလဲမှုဆိုတာ သူတို့ပြောင်းလဲမှုမရှိဘူးဆိုရင် တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ အများကြီး သူတို့ (တပ်မတော်) လက်ထဲမှာရှိတယ်ဆိုတာ ဒီလိုပဲမြင်တယ်။
မေး။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) ကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ အင်အားကြီး အဖွဲ့တခု ဖြစ်တယ်။ အစိုးရနဲ့လည်း ဆက်ဆံရေး အဆင်ပြေတဲ့ အဖွဲ့ဖြစ်တယ်။ ဒါပေမယ့် မနှစ်တုန်းက KNU အဖွဲ့အကြားမှာ အကွဲအပြဲတွေရှိခဲ့တယ်လို့သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ညီညွှတ်ရေး ဘယ်လိုပြန်တည်ဆောက်နေလဲ။
ဖြေ ။ ။ ကျမတို့ကတော့ ကွဲလွဲမှုဆိုတာတော့ မရှိဘူးပေါ့။ ဒါပေမယ့် အမြင်မတူတာတော့ရှိတာပေါ့လေ။ ဒါပေမယ့် ကျမတို့ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ အဲဒါကတော့ ကျမတို့ KNU ရဲ့ မူဖြစ်တယ်။ ဒါကလည်း KNU တခုတည်း မဟုတ်ဘူး။ တိုင်းရင်းသားတွေအားလုံးကလည်း မြန်မာပြည်ရဲ့ စစ်ရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းရမယ်။ ဒါပေမယ့် ကျမတို့ တိုင်းရင်းသားတွေကပဲ တဘက်တည်းဖြေရှင်းလို့မရဘူး။ အစိုးရနဲ့ တပ်မတော်ဘက်ကလည်း ဖြေရှင်းဖို့ စိတ်ရှိမှပဲလုပ်ဆောင်လို့ရတယ်။
အဲဒါကြောင့် ဒီနည်းလမ်းကိုသွားတဲ့အခါမှာလည်း မြန်မာပြည်ငြိမ်းချမ်းရေးရရှိဖို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် KNU တခုတည်းနဲ့ သွားလို့မရဘူး။ ဒါကတော့ သေချာတယ်။ KNU တခုတည်းနဲ့ ငြိမ်းချမ်းရေးလုပ်လို့မရဘူး။ ဒါက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ တိုင်းရင်းသားတွေအားလုံးဆိုင်တဲ့ ကိစ္စဖြစ်တယ်။ အဲဒါကို အစိုးရက ဥပမာ ခွဲပြီးတော့မှ KNU နဲ့ပဲ လုပ်နေတဲ့ အပိုင်း ကတော့ အရာမရောက်ဘူး။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးရရှိနိုင်ဖို့အတွက် တနိုင်ငံလုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက်ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပါဝင်မှုရှိတယ်။ တစုတစည်း တည်းသွားဖို့ ရှိတယ်။ အဲဒါကတော့ အရင်ကတည်းက ကျမတို့ တိုင်းရင်းသား တွေရဲ့ စုစည်းမှု၊ တိုင်းရင်းသားတွေရဲ့ ညီညွှတ်မှု၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်အပေါ်မှာ ကျမတို့ သွားရမှာဖြစ်တယ်။ အခုလည်းပဲ ကျမတို့ ဒီမှုနဲ့ပဲ တစုတစည်း နဲ့ သွားဖို့ အစိုးရဘက်က ဘယ်သူလာခွဲခွဲ ခွဲလို့မရဘူး။ မြန်မာပြည်ရဲ့ ပြဿနာကတော့ အားလုံးမှာ တာဝန်ရှိ တယ်။ အားလုံးကလည်း ပါဝင်ဖို့ လိုအပ်တယ်။ ကျမတို့ကတော့ ဒီလိုပဲသဘောထားရှိတယ်။
မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသား အဖွဲ့တချို့ဟာ အစိုးရနဲ့ သိပ်နီးစပ်ပြီး ကိုယ်ကျိုးစီးပွား အတွက် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်ကို အစိုးရအလိုကျ လိုက်လျှောမှုတွေ ရှိနေတယ်ဆိုပြီး လူထုက ဝေဖန်မှု တွေရှိလာပါတယ်။ KNU မှာရော အလားတူ အခြေအနေမျိုးတွေကြုံတွေ့နေရတာ ရှိလား။
ဖြေ။ ။ အစိုးရကို ကျမတို့ နဂိုကတည်းက ပြောထားတာရှိတယ်။ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးလုပ်တာကတော့ စီးပွားရေးလုပ်တဲ့ ကိစ္စကတော့ အဲဒါ ကျမတို့ရဲ့ ပထမရည်ရွယ်ချက်မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးလက်မှတ် ထိုးတာ ကတော့ နိုင်ငံရေးဆွေးနွေးပွဲ ရရှိဖို့အတွက် နည်းလမ်းကိုရှာပြီးတော့သွားရမှာဖြစ်တယ်။ ပြဿနာကို အရင်ဖြေရှင်းပြီးမှ လိုအပ်တဲ့ဟာတွေကို ကျမတို့ လုပ်ဆောင်ရမှာဖြစ်တယ်။ မငြိမ်းမချမ်းတဲ့နိုင်ငံမှာ၊ နယ်မြေမငြိမ်းမချမ်းတဲ့ အခါမှာ ငြိမ်းချမ်းရေး အာမခံချက် မရှိသေးတဲ့ ကာလမှာ တကယ်လို့ စီးပွားရေးကိစ္စတို့၊ ဖွံ့ဖြိုးရေးကိစ္စတို့ လုပ်မယ်ဆိုရင် အာမခံချက် မရှိဘူး။ ကျမတို့ တိုင်းရင်းသားတွေလိုလားနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ၊ ကျမတို့လိုလားနေတဲ့ တန်းတူညီမျှမှု တွေကတော့ နိုင်ငံရေး ဆွေးနွေးပွဲ မပြီးမချင်း လုပ်မယ်ဆိုရင် တန်းတူအခွင့်အရေး မရရှိဘူး။ အစိုးရဘက် ကပဲ သူတို့က လက်ဦးမှုယူပြီးတော့ ကျမတို့ကို လွှမ်းမိုးနေတဲ့ အပိုင်းတွေ ရှိနိုင်တယ်ပေါ့နော်။
မေး။ ။ ဒီကေဘီအေ (DKBA) နဲ့ အစိုးရလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ဆိုတာ တချိန်က KNU ကနေ ခွဲထွက်သွားတဲ့ အဖွဲ့တွေဖြစ်တယ်။ ကရင်အမျိုးသား ချင်းလည်းဖြစ်တော့ အခုတပ်မတော်နဲ့ BGF ပူးပေါင်း တပ်တွေနဲ့ DKBA တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲရေး KNU က ဘာတွေ လုပ်ဆောင်ပေးနေတာ ရှိလဲ။
ဖြေ။ ။ ကျမတို့ကတော့ ၁၅ ကြိမ်မြောက် KNU ကွန်ကရက်ပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစေည်းတွေ ကတော့ DKBA ပဲဖြစ်ဖြစ်၊ BGF နဲ့ပဲဖြစ်ဖြစ် အဲဒါကတော့ ကရင်လက်နက်ကိုင် စည်းလုံးညီညွှတ်မှု အဖွဲ့ ဖွဲ့ထားတာရှိတယ်။ ပထမဆုံး အနေနဲ့ ကတော့ ဒီအဖွဲ့ကတာဝန်ယူပြီးတော့ ကရင်ငြိမ်းချမ်းရေး ကောင်စီရယ်။ DKBA ရယ်၊ BGF ရယ် ဒါကိုတွေ့ဆုံပြီး တော့ တဖွဲ့နဲ့ တဖွဲ့ မတိုက်ခိုက်ဖို့အတွက် သဘောထား Agreement ရှိတယ်။ အဲဒါ ပထမဆုံး ကျမတို့လုပ်ဆောင် တာ ရှိတယ်။
ဒါပေမယ့် ခက်တာကတော့ ကျမတို့ အမျိုးသားရေးကိစ္စကတော့ အမြင်တူတယ်။ အမျိုးသားရေးကတော့ အားလုံးက စိတ်ပါဝင်စားစွာ လုပ်ဆောင်တာရှိတယ်။ မတူညီတာတခုကတော့ BGF ကတော့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိတယ်။ သူတို့ကတော့ ဟိုဘက်က ညွှန်ကြားတဲ့ အတိုင်းလုပ်ဆောင်ရမှာဖြစ်တယ်။ ဘယ်လိုနည်းနဲ့မှ သူတို့ ကျော်လို့မရ ဘူး။ ဘယ်လိုပဲ နားလည်မှုရှိရှိ သူတို့အထက်မှာ ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားလာလို့ရှိရင် သူတို့ကျော်လို့မရဘူး။ အဲဒါတခုကတော့ အခက်အခဲရှိတယ်။ အခုဆိုလို့ရှိရင် ကျမတို့ DKBA ဖြစ်နေတဲ့ ပြဿနာမှာ သူတို့ဘက်ကလည်း ညွှန်ကြားချက်အရလည်း လုပ်ဆောင်တာဖြစ်တယ်။ သူတို့ကျော်လို့မရတဲ့ အပိုင်းရှိတာပေါ့။
မေး။ ။ ဒါကို ကျေအေးအောင် ညှိနှိုင်းပေးနေတာရှိလား။
ဖြေ။ ။ အဲဒါကတော့ ကျမတို့ KNU အနေနဲ့ကတော့ အစိုးရ တပ်ဘက်ကိုအကြောင်းကြားပြီးတော့ ဒါကိုလည်း စစ်ပွဲ မဖြစ်ဖို့ ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သွားဖို့ တာဝန်ယူဖို့လိုတယ်။ DKBA နဲ့အမြန်ဆုံးတွေ့ဆုံပြီး ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ ကျမတို့က အကြောင်းကြားတာဖြစ်တယ်။ အဖြစ်ကိုကြည့်မယ်ဆိုရင် ကျမတို့ State Level မှာ လက်မှတ် ထိုးတာကတော့ ဒီအပစ်အခတ်ရပ်စဲရေးရဲ့ စည်းမျဉ်းစည်းကမ်းမရှိတဲ့အပေါ်မှာလည်း ဖြစ်နိုင်တဲ့ အပိုင်းရှိတယ်ပေါ့လေ။ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ရှိဖို့အတွက်ကတော့လိုတယ်။ နားလည်မှုယူထားတာတော့ရှိတယ်။ ဒီမှာသူ့နေရာ၊ ဒီမှာ ကိုယ့်နေရာဆိုတာ ဒါပေမယ့် တိတိကျကျတော့ မရှိဘူး။ KNU ကလည်း အရင်က ဒါကို တင်ပြတာရှိတာပေါ့။ ခုထိတော့ လက်ခံတဲ့ အထိ မရောက်သေးဘူးပေါ့။
မေး။ ။ Code of Conduct (ကျင့်ဝတ်စည်းကမ်း) မရှိသေးဘဲနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သွားတယ် ဆို တော့ ကြားကာလမှာ ဒါကိုချိုးဖောက်လို့ရှိရင် ဘယ်လိုမျိုး ကိုင်တွယ်မလဲ။
ဖြေ။ ။ အဲဒါကလည်း ပြဿနာတခုဖြစ်တာပေါ့လေ။ ဒါပေမယ့်လည်း Nationwide Ceasefire ထဲမှာကတော့ Code of Conduct တွေပါတယ်။ တိုင်းရင်းသားတွေလိုလားတာကတော့ NCA ကို ထိုးတဲ့ အခါမှာ ceasefire code of conduct ကိုပူးတွဲ ပြီးတော့မှ လုပ်ဖို့အတွက် ကျမတို့ကတော့ တင်ပြထားတာ လုပ်ဆောင်တာရှိတယ်။ ဒါပေမယ့် အစိုးရဘက် ကတော့ လက်မခံသေးဘူး။ ဒါပေမယ့် nationwide ceasefire ထိုးပြီးမှ တလအတွင်းမှာ ရေးဆွဲမယ်လို့တော့ ချထား တာရှိတယ်ပေါ့လေ။ အဲဒီအပေါ်မှာလည်း ကျမတို့ စိုးရိမ်မှုရှိတယ်။
မေး။ ။ တိုက်ပွဲတွေ ကျယ်ပြန့်လာရင် DKBA ဘက်ကနေ KNU တပ်ဖွဲ့အချို့နဲ့ KNDO အဖွဲ့အချို့ပါဝင်လာနိုင်တယ် ဆိုပြီး ပြောဆိုနေကြ တဲ့အပေါ်မှာရော ရှင်းပြပေးပါဦး။
ဖြေ။ ။ ကျမတို့ကတော့ ကြိုးစားပြီးတော့ တပ်မတော်ဘက်က အမြန်ဆုံးရပ်ဆိုင်းဖို့ လိုလိုလားလား တောင်းဆိုထား တာရှိတယ်။ အဓိကကတော့ သူတို့ဘက်က တာဝန်အများကြီးရှိတဲ့အပေါ်မှာ သူတို့က ဒါကို စေတနာမှန်မှန်နဲ့ ညှိညှိ နှိုင်းနှိုင်း နဲ့ ဖြစ်လို့ရှိရင် ဆက်လက်ပြီးတော့ ဖြစ်ပွားနိုင်တဲ့အပိုင်းမရှိတော့ဘူးပေါ့။ ဒါကို သေသေချာချာ မကိုင်တွယ်ဘူး ဆိုရင် ဆက်လက်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ကျမတို့က စိုးရိမ်မှုရှိတယ်။
မေး။ ။ NCA မူကြမ်း လက်မှတ်ထိုးတုန်းက NCA ကို အချောသပ်ဖို့ ပြင်ဆင်ချက်တွေ၊ ဖြည့်စွက်ချက်တွေလုပ်ဖို့ကို စာချုပ်ထဲမှာလည်း ပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေအကြားလည်း သဘောတူညီမှုယူခဲ့ကြောင်းကြားသိရသလို သတင်း မီဒီယာတွေမှာလည်း ထုတ်ပြောတာတွေ တွေ့ပါတယ်။ ဒါပေမယ့် လော်ခီးလာညီလာခံက ပြင်ဆင်ချက်တွေလုပ်ပြီး ပို့လိုက်တဲ့ အခါမှာ အစိုးရဘက်က ဒီပြင်ဆင်ချက်တွေကို လက်မခံလိုဘူးဆိုပြီးပြောလာတယ်။ ဆိုတော့ အဲဒီလိုအခြေ အနေမှာ အစိုးရနဲ့ တပ်မတော်ကို ယုံကြည်ရတဲ့ အနေအထားမှာ ရှိပါ့မလား။
ဖြေ။ ။ ယုံကြည်ရတဲ့ အနေအထား ရှိမယ်၊ မရှိမယ်ကတော့ ကျမအနေနဲ့ ကတော့ပေါ့လေ။ လုပ်ဆောင်မယ့် အပိုင်းမှာ အများကြီး မူတည်တယ်။ လုပ်ဆောင်မှုအပိုင်းမှာ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်ဆိုရင် တနိုင်ငံလုံးအတွက် ကောင်းဖို့ အတွက် လုပ်ဆောင်မယ်ဆိုရင် ဒါကတော့ ယုံကြည်မှု တည်ဆောက်လို့ရပါတယ်။
မေး။ ။ လက်ရှိဆောင်ရွက်နေတဲ့ NCA စာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းမှုမအောင်မြင်ရင် တချို့ အဖွဲ့တွေက သီးခြားစီထွက်ပြီး လက်မှတ်ထိုးဖို့ရှိတယ်လို့ ကျနော်တို့ ကြားနေတာတချို့ရှိတယ်။ အဲလိုအခြေအနေဖြစ်လာရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတဲ့ အဓိပ္ပာယ်ကို ထိရောက်စေပါ့မလား။
ဖြေ။ ။ ကျမတို့ကတော့ ဒါကိုမဖြစ်ဖို့အတွက် တစုတစည်းတည်းဖြစ်ဖို့အတွက်ကိုတော့ လော်ခီးလာ ဆုံးဖြတ်ချက်မှာ အားလုံး ကလည်းသဘောထားရှိပြီးသားဖြစ်တယ်။ ဆုံးဖြတ်ချက်လည်းရှိတယ်။ တဖွဲ့ချင်းစီထိုးတာပဲဖြစ်ဖြစ်၊ နှစ်ဖွဲ့ချင်းစီ ထိုးတာပဲဖြစ်ဖြစ် ဒီလို တဖွဲ့၊ နှစ်ဖွဲ့တည်းထိုးလို့ရှိရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလို့ ပြောလို့မရဘူး။ ပြီးတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့လည်း မကိုက်ညီဘူး။ အဲဒါကြောင့် ဒါကို တဖွဲ့နှစ်ဖွဲ့လောက်နဲ့ထိုးလို့ မဖြစ် နိုင်ဘူး။
မေး။ ။ NCA ကို အောင်အောင်မြင်မြင် လက်မှတ်ထိုးနိုင်မယ်လို့ ယုံကြည်ပါသလား။ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အောင်အောင်မြင်မြင် ဆွေးနွေးနိုင်ဖို့အတွက် ကျမတို့တိုင်းရင်းသားတွေဘက်ကတော့ Commitment ရှိတယ်။ နည်းလမ်းရှာပြီးတော့ ကြိုးစားပြီးလုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒါကတော့ ကျမတို့တဘက်တည်းကတော့ လုပ်လို့မရဘူး။ အောင်မြင်မှုရှိဖို့အတွက်ကတော့ အစိုးရနဲ့ တပ်မတော်ဘက်က အများကြီးတာဝန်ရှိတယ်။ သူတို့ဘက်က မြန်မာြ့ပည်ရဲ့ ပြဿနာကို တယ့်ကို စိတ်မှန် စေတနာမှန်နဲ့ ဖြေရှင်းမယ်ဆိုလို့ရှိရင် အောင်မြင်မယ်လို့ ပြောလို့ရတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်သဘောထားနဲ့ ဆက်ဆံရေး အခြေအနေ သိချင်ပါတယ်။
ဖြေ။ ။ ဆက်ဆံရေးကတော့ ကျမတို့ အထဲမှာသွားတဲ့အခါလည်း တွေ့ပါတယ်။ တခါတလေလည်း ဆက်သွယ်တာ တော့ ရှိတာပေါ့လေ။ သူ့အပေါ်မှာကတော့ အမျိုးသမီးခေါင်းဆောင်တယောက် အနေနဲ့ မှတ်တမ်းတင်တာရှိတာပေါ့။ ဒီနိုင်ငံကို ဒီမိုကရေစီဖြစ်ဖို့အတွက် သူ့ရဲ့ကျိုးစား အားထုတ်မှုကို အသိအမှတ်ပြုတယ်။ ပြီးတော့ သူက ဒီမိုကရေစီ ခေါင်းဆောင် တယောက် ဆိုတာကို ကျမလက်ခံတယ်။