အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တဦးဖြစ်ပြီး မန္တလေးမြို့မှ ဘာသာပေါင်းစုံ သင့်မြတ်လိုသူ လူငယ်များ ပရဟိတအဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်သူ ကိုဇော်ဇော်လတ်ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ရက်နေ့တွင် မတရားအသင်း ဆက် သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကိုဇော်ဇော်လတ်သည် လက်ဘက်ရည်ဆိုင် တဆိုင်တွင် ရဲအဖွဲ့ဝင်များ၊ ဒေသ အာဏာပိုင်များနှင့် စကားပြောဆိုခဲ့ကြပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများနှင့် သူ၏ မိတ်ဆွေများက ပြောသည်။ ကိုဇော်ဇော်လတ်က NLD လူငယ် ပရဟိတအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံလည်း ဖြစ်သည်။
“ရဲက သူ့ကို လက်ဘက်ရည်ဆိုင်မှာ လာတွေ့ဖို့ ခေါ်ပြီးတော့ ဟိုးအရင်တုန်းက သူ့ရဲ့ Facebook မှာ တင်ခဲ့တဲ့ ဓာတ်ပုံတွေအကြောင်း မေးတယ်။ စကားနည်းနည်း ပြောပြီးတော့ ရဲက သူ့ကိုဆွဲပြီး မင်းကို ဖမ်းလိုက်ပြီလို့ ပြောတယ်။ ပြီးတော့ သူတို့နဲ့ အတူ ခေါ်သွားတယ်” ဟု ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်သည့် မပွင့်ဖြူလတ် ကပြောသည်။
ကိုဇော်ဇော်လတ် မိတ်ဆွေများ၏ အဆိုအရ Facebook တွင် တင်ခဲ့ဖူးသော သေနတ်တလက် ကိုင်ထားသည့်ပုံနှင့် ပတ်သက်၍ ရဲအဖွဲ့က မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုပုံကို အချို့က Facebook တွင် ဖြန့်ဝေခဲ့ကြပြီး သူ့ကို အကြမ်းဖက်သမားအဖြစ်လည်း စွပ်စွဲခဲ့ကြသည်။
သို့သော်လည်း အဆိုပါဓာတ်ပုံသည် လွန်ခဲ့သော ၂ နှစ်ခန့်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထား သည့်နယ်မြေတွင်အလှူပြုလုပ်ရန် သွားစဉ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု ပရဟိတအဖွဲ့မှ လုပ်ဖော်ကိုင်ဖက်များက ပြောကြသည်။
“အဲဒီပုံတွေက ၂၀၁၃ ခုနှစ် ဇွန်လတုန်းက ကချင်ပြည်နယ်ထဲက စစ်ဖြစ်နေတဲ့ နေရာကို အလှူလုပ်ဖို့သွားတုန်း ရိုက်ခဲ့တာပါ။ ဂဠုန်နီဆရာတော်လို ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အပါအဝင် တခြားဘာသာရေး ခေါင်းဆောင် တွေလည်း ပါပါတယ်” ဟု မပွင့်ဖြူလတ်ကပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့ညတွင် ကိုဇော်ဇော်လတ်၏ နေအိမ်သို့ ရဲအဖွဲ့နှင့် ဒေသအာဏာပိုင်များက လာရောက်ရှာဖွေကြပြီး နောက် သူ၏ ကင်မရာ၊ စီဒီအချို့နှင့် မန်မိုရီကတ်များ ကို သက်သေခံအဖြစ် ယူဆောင်သွားကြသည်ဟု ၎င်း၏ မိသားစုက ပြောသည်။
မန္တလေးတိုင်း NLD မှ တာဝန်ရှိသူအချို့ကိုလည်း မန္တလေး မှုခင်းတပ်ဖွဲ့ (CID) မှ မေးမြန်းမှုများပြုလုပ်နေသည်ဟု သိရသည်။ သို့သော်လည်း NLD တာဝန်ရှိသူများကို မှတ်ချက်ပေးရန် ဆက်သွယ်၍ မရခဲ့ပါ။
ကိုဇော်ဇော်လတ်ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ နှင့် ဒေသအာဏာပိုင်များကလည်း အတည်ပြုခဲ့သည်။ သို့သော်လည်း အမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သဖြင့် အသေးစိတ် အကြောင်းအရာများ ပြောပြရန် တာဝန်ရှိသူများက ငြင်းဆန်ခဲ့သည်။
အမျိုးသားရေးဝါဒီ အချို့က ကိုဇော်ဇော်လတ်သည် အစ္စလမ်မစ်လက်နက်ကိုင် အဖွဲ့များနှင့် အဆက်အသွယ် ရှိသည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု လူမှုကွန်ယက်များတွင် သတင်းဖြန့်ချိခဲ့ကြသည်။
“သူ မဟုတ်တာ မလုပ်ခဲ့ပါဘူး။ ဒီအမှုရဲ့နောက်မှာ ဘာသာပေါင်းစုံ အသိုင်းအဝိုင်းအတွင်းမှာ ပြဿနာတွေ ဖြစ်လာအောင် မွှေချင်တဲ့ တစုံတယောက်ရှိတယ်လို့ ကျမတို့ ခံစားရတယ်”ဟု မပွင့်ဖြူလတ်က ပြောသည်။
“ကျမတို့မြို့ရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ ကောလာဟလတွေကို သူက ဖြေရှင်းဖို့ အမြဲတမ်း ကြိုးစားနေတဲ့သူ တယောက်ဖြစ်တဲ့ အတွက် အမုန်းစကားတွေ ဖြန့်ဝေချင်ပြီး အမှန်တရားကို မနှစ်သက်တဲ့သူတွေရဲ့ ပစ်မှတ်လို ဖြစ်သွားရ တယ်လို့ ကျမတို့ ထင်ပါတယ်” ဟု သူက ထပ်ပြောသည်။