မိမိတို့နိုင်ငံ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်ခဲ့ကြရာတွင် တိုင်းရင်းသား ညီနောင် အမြောက်အများ ကျဆုံးခဲ့ရသည်။ လွတ်လပ်ရေးအတွက် ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော်များ အဖြစ် နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တိုက်ပွဲဝင် ဆင်နွှဲခဲ့ကြရာတွင်လည်း တိုင်းချစ်ပြည်ချစ် တိုင်းရင်းသားများစွာတို့ အသက်သွေးချွေး ပေးဆပ် စွန့်လွှတ်ခဲ့ကြရသည့် မှတ်တမ်းများ အထင်အရှားရှိခဲ့သည်။ ယင်းသို့ လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသည်မှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ဦးဆောင်မှု မှန်ကန်ခြင်းနှင့် နောက်လိုက်တို့၏ ညီညွတ်မှုတို့ကြောင့် ဖြစ်သည်။
အာဇာနည်ပုဂ္ဂိုလ်တို့သည် ကိုယ်ကျိုးမဖက် အနစ်နာခံခြင်း၊ အမျိုးဘာသာ သာသနာအတွက် စွန့်လွှတ် အနစ်နာခံခြင်း၊ တိုင်းပြည်အတွက် အရိုးကြေကြေ အရည်ခမ်းခမ်း၊ အသက်ကိုပင် ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခြင်း၊ အမှန်တရားအတွက် လူထုရှေ့ထွက်၍ မားမားမတ်မတ် ရပ်တည်ပေးခြင်း၊ တာဝန်ခံပေးခြင်း၊ အရာရာကို လမ်းညွှန်ပြသ ဦးဆောင်နိုင်ခြင်း၊ ပြည်သူလူထု၏ အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ အကျင့်စာရိတ္တနှင့် ပြည့်စုံခြင်း၊ စည်းကမ်းလိုက်နာခြင်း စသော အရည်အချင်းများနှင့် ပြည့်စုံပေသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခု၊ ဝါခေါင်လဆန်း ၂ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နယ်ချဲ့အလိုတော်ရိ၊ သစ္စာဖောက်၊ မသမာသူတို့၏ လုပ်ကြံမှုကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သည့် အာဇာနည် ၉ ဦးတို့သည် ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသော အာဇာနည် ပုဂ္ဂိုလ်ကြီးများပင်ဖြစ်သည်။
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ကြသူများ၊ အများအကျိုး သယ်ပိုးကြသူများသည် လူပင်သေသော်လည်း နာမည်မသေသူများ ဖြစ်ကြသည်။ ထိုသို့သော သူများကို အချိန်ကာလမည်မျှပင် ကြာမြင့်သည့်တိုင်အောင် တိုင်းပြည်နှင့် ပြည်သူလူထုက မေ့နိုင်ကြမည် မဟုတ်ပေ။ အမြဲ သတိရလျက် လွမ်းဆွတ်တမ်းတ နေကြမည်သာ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော် လွတ်လပ်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို သာ၍ပင် အမှတ်တရ ရှိနေကြသည်။
မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော လွပ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် ၆၈ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
အာဇာနည်သည် “အာဇာနေယျ” ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာသည်။ ဘာသာရေး၊ နိုင်ငံရေးအတွက် အသက်ကိုစွန့်သူဟု အဓိပ္ပါယ်ရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း အသက် စွန့်သွားကြသည့် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော် ကိုထွေး တို့သည် မြန်မာ့ သားကောင်း အာဇာနည်များ ဖြစ်ကြသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားဝံ့သော ထို အာဇာနည် ခေါင်းဆောင်များ၏ စိတ်ဓာတ်နှင့် လုပ်ရပ်တို့ကို မြန်မာလူမျိုးများ အနေဖြင့် ကမ္ဘာတည်သရွေ့ မေ့နိုင်ကြမည် မဟုတ်ပေ။
ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတလျှောက်တွင် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်၊ တို့ဗမာ အစည်းအရုံးခေါင်းဆောင်၊ ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်၊ ရဲဘော်သုံးကျိပ် ခေါင်းဆောင်၊ တပ်မတော် ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် စသည်ဖြင့် ကဏ္ဍပေါင်းစုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ဟူသည် တခေတ်တွင် တယောက်သာ ပေါ်ပေါက်သဖြင့် ဗိုလ်ချုပ်သည် မြန်မာနိုင်ငံအတွက် စံပြသူရဲကောင်း ဖြစ်ရုံသာမက အာရှတိုက်၏ သူရဲကောင်း ကမ္ဘာ့အသိအမှတ်ပြု ကမ္ဘာကျော် ခေါင်းဆောင် တဦးလည်း ဖြစ်သည်။
ဗိုလ်ချုပ် အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းနေစဉ်ကလည်း တခြားသူများကဲ့သို့ သံသေတ္တာကိုပင် မသုံးနိုင်ပါ။ ဗိုလ်ချုပ် ကျောင်းသားဘဝက အသုံးပြုခဲ့သော စာအုပ်များ ထည့်ထားသည့် ထင်းရုှူးသေတ္တာကို ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်ရှိ ဗိုလ်ချုပ်နေခဲ့သော အခန်းတွင် ယခုတိုင် တွေ့မြင်နိုင်ပါသည်။
ဒုတိယကမ္ဘာစစ် စပြီး မကြာမီ တချို့က ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရယူလိုကြပြီး သခင်ခေါင်းဆောင်များက လုံးဝလွတ်လပ်ရေးကို လိုချင်ကြသည်။ ထိုသို့ အယူအဆများ အားပြိုင်နေစဉ် အသက် ၂၄ နှစ်သာ ရှိသေးသော တို့ဗမာအစည်းအရုံး အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်းက လွတ်လပ်ရေးအတွက် အင်္ဂလိပ် အခက် ဗမာ့အချက်ဆိုပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းကာ လုပ်ငန်းစဉ်များကို အံ့ဩဖွယ် ကောင်းလောက်အောင် တထိုင်တည်း ရေးဆွဲချမှတ်ခဲ့သည်။
ဗိုလ်ချုပ်သည် တောင်တန်းဒေသများပါမကျန် လုံးဝ လွတ်လပ်ရေးရရှိစေရန် တိုင်းရင်သား စည်းလုံးညီညွတ်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၌ သမိုင်းတွင်မည့် သမိုင်းဝင် ပင်လုံစာချုပ်ကို ပင်လုံညီလာခံတွင် ချုပ်ဆိုနိုင်ခဲ့သည်။ ထို့ပြင် ဧပြီလ၌ ကျင်းပမည့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ၌ တနှစ်အတွင်း လွတ်လပ်ရေး ရရမည်ဟု ကြွေးကြော်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို လူထုသို့ တင်ပြသည်။ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံတွင် လူထု အစည်းအဝေးကြီးတရပ် ကျင်းပကာ အောက်ပါ နောက်ဆုံးမိန့်ခွန်းကို မြွက်ကြားခဲ့သည်။
“ခင်ဗျားတို့ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းရှိကြပါ။ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးနောက် ရှေ့ကို လွတ်လပ်ရေး အရသာ ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့ စည်းကမ်း ရှိကြဖို့ ယခုကတည်းက ခင်ဗျားတို့ကို အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျနော် ကနေ့ပြောခဲ့ချင်တယ်” ဟု နောက်ဆုံး မိန့်ခွန်းပြောကြားခဲ့သည်။
၁၈၈၅ ခုနှစ် မြန်မာပြည် ထီးကျိုးစည်ပေါက်ဖြစ်ကာ ပါတော်မူပြီးနောက် မျိုးချစ်မြန်မာ သူရဲကောင်းများ နှင့်အတူ ရရာလက်နက် စွဲကိုင်ပြီး နယ်ချဲ့ကို ရင်မြေကတုတ်လုပ်ကာ ဗိုလ်ချုပ် အောင်ဆန်း၏ အဖိုးဖြစ်သူ ဗိုလ်မင်းရောင်သည် နယ်ချဲ့ကို တော်လှန်ခဲ့သည်။ နယ်ချဲ့အား ဓားသွေးတော်လှန်ခဲ့သူ ဗိုလ်မင်းရောင်သည် မျိုးချစ်စိတ်ဓာတ် ပြင်းထန်သော ခေါင်းဆောင်တဦး ဖြစ်သည်။ နယ်ချဲ့အား ရဲရဲတောက် တော်လှန်ပုန်ကန်ပြီး ဒူးမထောက် လက်မမြှောက်ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်သွားခဲ့သူ ဖြစ်သည်။
မျိုးချစ်သူရဲကောင်း ဗိုလ်မင်းရောင်က မြန်မာ့သမိုင်းစဉ်တွင် ထွန်းပြောင်ခဲ့သူ ဖြစ်သကဲ့သို့ မြေးဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းသည်လည်း အဖိုး၏ ဇာတိသွေး ဇာတိမာန်များ နှလုံးသားတွင် ကိန်းအောင်းနေသူ ဖြစ်သည်။ အဖိုးဖြစ်သူ ဗိုလ်မင်းရောင်သည် နယ်ချဲ့ကို အညံ့မခံ၊ သစ္စာမခံသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း နယ်ချဲ့ကို အညံ့မခံ တော်လှန်ပုန်ကန်ပြီး မြန်မာနိုင်ငံအား လွတ်လပ်သော နိုင်ငံအဖြစ် ကမ္ဘာအလယ်တွင် ဝင့်ထည်စေခဲ့သည်။
ဤသို့ ပြည်သူ လူထုကြီး တရပ်လုံးကို လမ်းပြခေါင်းဆောင်လျက် မိမိ၏ အသက်စည်းစိမ်ကို မြူတခြမ်းမျှ ပမာဏမပြုဘဲ ပြည်သူလူထုအကျိုး၊ ပြည်ထောင်စုကြီး အကျိုးကိုသာ ရှေးရှုပြီး အပြင်းအထန် ကြိုးပမ်း ဆောင်ရွက်နေဆဲမှာပင် ၁၉၄၇၊ ဇူလိုင်လ ၁၉ ရက်နေ့၌ လုပ်ကြံခံရပြီး ကျဆုံးသွားသည်။ ဗိုလ်ချုပ်နှင့်အတူ တခြားအာဇာနည်များလည်း အသက်ပေးသွားကြပါသည်။
ဇူလိုင် ၁၉ ရက်နေ့တွင် မျက်ရည်ဖြိုင်ဖြိုင် သွန်းဖြိုးခဲ့ရသည့် ပြည်သူများအနေဖြင့် ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို အစဉ် အောက်မေ့သတိရနေ သကဲ့သို့ ထိုခေါင်းဆောင်ကြီးများ အသက်ပေး ရယူခဲ့သည့် လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရင်း ဒီမိုကရေစီပန်းတိုင်သို့ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်ဖြင့် အရောက် သွားနိုင်ရေးသည် နိုင်ငံသားတိုင်း၏ အရေးပင်ဖြစ်သည်။
(အောင်ခန့်သွေးသည် ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာများ ရေးသားနေသော စာရေးဆရာတဦး ဖြစ်သည်။)