၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုရန် တောင်ဥက္ကလာပမြိ့နယ် တရားရုံးက ဆင့်ခေါ်လိုက်ကြောင်း သတင်းရရှိသည်။
တောင်ဥက္ကလာပမြို့နယ် ၉ ရက်ကွက်ရှိ ရပ်ကွက် ကစားကွင်း ပြန်လည် ရရှိရေး ဆန္ဒထုတ်ဖော်မှုဖြင့် မြို့နယ် ရဲစခန်းက အမှုဖွင့်ထားသည်မှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလက ဖြစ်သော်လည်း ရွေးကောက်ပွဲ နီးကပ်လာချိန်မှ ယခုကဲ့သို့ တရားစွဲဆိုရန် ပြင်ဆင်မှုသည် အစိုးရ၏ မရိုးဖြောင့်မှုကို ပေါ်လွင်စေကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောသည်။
၈၈ ငြိမ်း/ပွင့်မှ ဦးမျိုးသန့်က “အမှန်ဆိုရင် တမင်လုပ်ကြံတဲ့ သဘောပါပဲ။ ရဲလုပ်ထုံးလုပ်နည်းတွေကို ကြည့်ဖို့လိုတယ် ဆိုပေမယ့် ရွေးကောက်ပွဲဝင်လို့ မရအောင် ကြိုပမ်းတဲ့ပုံပါပဲ။ အချိန်ဆွဲထားပြီး ရွေးကောက်ပွဲနီးမှ တရားစွဲဖို့ လုပ်တာက မေးခွန်းထုတ်စရာပါ” ဟု ဧရာဝတီသို့ ပြောသည်။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ ဦးကိုကိုကြီးအား စီတန်းလည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုရန် ဆင့်ခေါ်လိုက်ခြင်းမှာ မှန်ကန်ကြောင်း တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးအောင်က အတည်ပြုသည်။
တောင်ဥက္ကလာပမြို့နယ် ရဲမှူး မျိုးအောင်က “ကျနော်တို့ကို ခရိုင်နဲ့ တိုင်းတို့က ညွှန်ကြားလာလို့ တရားစွဲတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တရားစွဲဆိုရန် ယခုနှစ် ဇွန် ၁၅ ရက်က တကြိမ် ဆင့်ခေါ်ခဲ့ပြီး ထိုအကြိမ်က မြို့နယ်တရားရုံးနှင့် ရဲတပ်ဖွဲ့အကြား ဦးကိုကိုကြီးအား ဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီး “ခေါ်တယ်၊ မခေါ်ဘူး” ဆိုသည်ကို အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
ထို့ကြောင့် ယခုတကြိမ်တွင် ဇူလိုင် ၂၂ သို့မဟုတ် ၂၃ တရက်ရက်တွင် လာရောက်ရန် ထပ်မံ ဆင့်ခေါ်ထားခြင်း ဖြစ်ပြီး မြို့နယ် တရားရုံး တာဝန်ရှိသူများအား အသိပေး ညှိနှိုင်းထားပြီး ဖြစ်ကြောင်း တောင်ဥက္ကလာပ ရဲစခန်းက အတည်ပြုသည်။
တရားရုံးက ထပ်မံ ဆင့်ခေါ်သည့်စာကို ဇူလိုင် ၂၀ ရက်နေ့က လက်ခံရရှိခဲ့ပြီး စာတွင် ဇူလိုင် ၂၂ သို့မဟုတ် ၂၃ ရက်နေ့တွင် တရားရုံးသို့ နေ့လည် ၁၂ နာရီ အရောက်လာရန် ဖော်ပြထားကြောင်း ဦးကိုကိုကြီးနှင့် နီးစပ်သူ ကိုအောင်သူရက ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် သူ့အား တရားစွဲဆိုသည့် ကိစ္စပေါ်ပေါက်လာခြင်းမှာ ထူးခြားသည့် တိုက်ဆိုက်မှု ဖြစ်ကြောင်း ဦးကိုကိုကြီးက ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၊ ၉ ရက်ကွက်အတွင်း ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ မြေနေရာအား ကလေး ကစားကွင်းအဖြစ် ပြန်လည်ထားရှိပေးရန် ၂၀၁၄ ဒီဇင်ဘာ ၂၁ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် တောင်ဥက္ကလာပ ရဲစခန်းက (ပ) ၅၂၈/၂၀၁၄၊ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ဦးကိုကိုကြီး အပါအဝင် ၅ ဦး အမှုဖွင့်ခံထားရသည်။
ယခင်က ရပ်ကွက် ကစားကွင်းဖြစ်သည့် ၎င်းမြေနေရာအား ၁၉၉၆ – ၉၇ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းပိုင်အဖြစ် ဂရန် ရရှိခဲ့ပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပါတီပိုင်အဖြစ် ဂရန် အမည်ပေါက် ပြန်လည် ပြောင်းလဲခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီက ထုတ်ပြန် ပြောဆိုဖူးသည်။
လက်ရှိ ၎င်းမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆင့်မြင့် ၈ ထပ်ခွဲတိုက် လုပ်ငန်းကို ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးလျက် ရှိသည်။