ရခိုင်ပြနယ်အတွင်း လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၁၇ ပါတီရှိပြီး အဆိုပါတီများ၏ လွတ်တော်ကိုယ်စား လှယ်လောင်း များ၏ အမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ လက်ခံ နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ ( ခွဲ ) ရွေးကောက်ပွဲ အရာရှိ ဦးသူရိန်ထွဋ်က ဧရာဝတီ သို့ ပြောသည်။
“ကျနော်တို့ ဆီမှာ ရှိတဲ့ စာရင်းအရ ၁၇ပါတီ ရှိတယ်။ သူတို့ ဝင်ပြိုင်မယ် မပြိုင်ဘူး ဆိုတာကို တော့ မသိဘူး။ တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေပါတယ်။ မဲစာရင်းအမှားတွေကိုလည်း ရပ်ကျေးကော်မရှင်တွေကို တအိမ်တက် တအိမ်ဆင်း လိုက်ပြီး ကောက်ဖို့ ညွန်ကြားထားပါတယ် ” ဟု ဦးသူရိန်ထွဋ်က ဆိုသည်။
ရခိုင်ပြည်နယ် ကိုယ်စားပြုပါတီ တစ်ခုဖြစ်သည့် ရခိုင်အမျိုးပါတီ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အမတ်နေရာ ၆၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း အပါ အဝင် မဲဆန္ဒနယ် ၇ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် ပလဝမြို့တွင်လည်း အမတ်နေရာ ၅ နေရာနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့ ပါတီအနေနဲ့တော့ နေရာအားလုံးမှာ နိုင်ဖို့အတွက် ကြိုးစားနေတယ်။ ပါတီတွင်း ပုဂ္ဂိုလ် မကျေ လည်မှု တစ်ချို့ ရှိခဲ့တာကိုလည်း ညီညွတ်မှု တည်ဆောက်ပြီးသွားပြီ ။ အခုကတော့ အားလုံး ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဦးတည်ပြိး လုပ်နေကြပါတယ် ” ဟု ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးသာထွန်းလှက ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေဖြင့် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအပါအဝင် အမတ်နေရာ ၄၇ နေရာအား ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရ သည်။
“ ရွေးကောက်ပွဲ တရားမျတသည်ဖြစ်စေ ၊ မမျတသည် ဖြစ်စေ ကျွန်တော်တို့ပါတီကတော့ ပြည်သူလူထု အကျိုးအတွက် အမျိုး သား အကျိုးစီးပွားအတွက် ရွေးကောက်ပွဲ လုပ်တိုင်း ဝင်ပြိုင်မယ် ”ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ရခိုင်ပြည်နယ်ဥက္ကဌ ဦးစောရွေက ဧရာဝတီသို့ ပြောသည်။
ရခိုင်မျိုးချစ်ပါတီအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း လာမည့် ၂၀၁၅ ရွေးကောက် ပွဲတွင် အမတ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းပါတီကို ပြည်ထောင်စုရွေးေ ကာက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၅ နေ့က ပါတီအမှတ် ၉၇ ဖြင့် နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ပါတီက အခုကော်မတီမဖွဲ့ရသေးဘူး။ နေရာကတော့ ၃ နေရာ ဝင်ပြိုင်မယ်။ ဘယ်နေရာကို ဝင်ပြိုင်မယ် ဆိုတာကိုလည်း ပြောလို့မ ရသေးဘူး။ ပြည်သူေ တွ တောင်းဆိုလာရင်တော့ ၃ နေရာထက် ပိုသွားမယ် ”ဟု ပေါက်တောမြို့နယ်မှ ရခိုင်မျိုး ချစ်ပါတီအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးမြတ်ထွန်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းမှ ပြည်ခိုင်ဖြိုးပါတီအား ရွေးကောက်ပွဲအတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် လွတ်တော်ကိုယ်စား လှယ်လောင်း နေရာများကို ဧရာဝတီမှ သွားရောက်မေးမြန်း ခဲ့သော်လည်း ပြောရေးဆိုခွင့် လူကြီးများ ဘူးသီးတောင်၊ မောင်တောမြို့နယ်သို့ ခရီးထွက်နေ သည့်အတွက် မသိရှိခဲ့ရပေ။
ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၇ ခုရှိပြီး ရခိုင်အမျိုးသားပါတီ ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ အရှိုချင်း အမျိုးသားပါတီ ၊ ခေတ်သစ်ပြည်သူ့ပါတီ ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ၊ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ၊ မြိုတိုင်းရင်းသားပါတီ ၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ မြိုတိုင်းရင်းသား ဒီမိုကရေစီပါတီ နှင့် ရခိုင်မျိုးချစ်ပါတီတို့ ဖြစ်ကြောင်းသိရှိရသည်။