ဧရာဝတီတိုင်း၊ ကြံခင်းမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုလုပ်ထားသည့် ဗိုလ်ချုပ် ကြေးရုပ်တုပေါ်သို့ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် လူတဦး တက်ရောက် ခွထိုင်ခဲ့သည့်အတွက် ဗိုလ်ချုပ်ကြေးရုပ် ဦးခေါင်းကျိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျူးလွန်သူသည် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ပိုင် ဘက်ရဲမြို့မှ ဖြိုးကျော်ဌေး (ခ) ကိုဖြိုး ဆိုသူဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ၎င်းအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၆၁ ဖြင့် အရေးယူထားကြောင်း ကြံခင်းမြို့မ ရဲစခန်းမှ တာဝန်ရှိ ရဲတဦးက ဧရာဝတီကို ပြောသည်။
“လောလောဆယ် အမှုဖွင့်ထားတယ်။ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၁ နဲ့ အမှု ဖွင့်ထားပါတယ်။ ကိုဖြိုးကျော်ဌေး (ခ) ကိုဖြိုးပါ။ ဘက်ရဲမြို့ကပါ။ ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲဆိုတာ စစ်ဆေးတုန်းပဲ ရှိသေးတယ်။ လောလောဆယ် ကျနော်တို့ သူ့ရဲ့ဆေးစာကို ဆေးရုံသွားပို့နေပါတယ်။ သူ အရက်သေစာ သောက်ထားတယ်လို့ ဆေးစာမှာ ပါနေလို့ပါ။ မူးလည်း မူးနေတယ်” လို့ ကြံခင်းမြို့ ရဲစခန်းမှ တာဝန်ကျ ရဲက ပြောဆိုသည်။
ကြံခင်းမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုကို ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့တွင့် ဖွင့်ပွဲပြုလုပ် ထားရှိခြင်း ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်တု ထုလုပ်ထားရှိရန် ကြံခင်းမြို့သူမြို့သားများက လွန်ခဲ့သည့် ၅ လ ကတည်းက စုဆောင်းထည့်ဝင်ကြပြီး ရရှိလာသည့် ကျပ်သိန်း ၁၀၀ ကျော်ဖြင့် မန္တလေးမြို့မှ နာမည်ကျော် ကြေးသွန်းဆရာထံတွင် အပ်နှံသွန်းလုပ်ခဲ့ကြောင်း၊ ဇူလိုင် ၁၇ ရက်တွင် မန္တလေးမြို့မှ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ကြံခင်းမြို့နယ် NLD အထွေထွေအတွင်းရေးမှူး ဦးသော်ဇင်ဝင်းက ပြောဆိုသည်။
အာဇာနည်နေ့က အလေးပြု ဂုဏ်ပြုချထားသည့် ပန်းခွေများကိုလည်း ဖြိုးကျော်ဌေးက ဖျက်ဆီးခဲ့ကြောင်း၊ တစုံတယောက်၏ စေခိုင်းမှုကြောင့် ပြုလုပ်ခြင်း ဟုတ်၊ မဟုတ်ကို ကြံခင်းမြို့ ရဲစခန်းတွင် ထိန်းသိမ်း စစ်မေးနေကြောင်းလည်း တာဝန်ကျ ရဲက ပြောသည်။