၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ စဉ်းစားနေဆဲဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ကို သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ငပုတော မြို့နယ်ကနေ လာရောက် အရွေးခံဖို့ မြို့ခံတွေက ဖိတ်ခေါ်လိုက်တာကြောင့် လက်ရှိအချိန်မှာ အာဏာရ ပြည် ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပြန်သွားမယ့်ပုံ မပေါ်တဲ့ ဦးသိန်းစိန်အတွက် ရွေးချယ်စရာ တခု ရှိလာ ပါပြီ။
၂၀၁၅ ခုနှစ် ဇူလိုင်လ အစောပိုင်းမှာ ငပုတောမြို့ကို လာရောက်ခဲ့တဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဦးအုန်းမြင့်က တဆင့် ငပုတောဒေသခံတွေက သမ္မတ ဦးသိန်းစိန်ကို ကမ်းလှမ်း ဖိတ်ခေါ် ခဲ့တာ ဖြစ်ပါတယ်။
ငပုတောမြို့နယ် ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြု ကော်မတီဝင် ဦးသန်းထွေးက“ငပုတောမှာ လာရွေးပါ။ ငပု တော မြို့နယ်သားတွေ မဲနဲ့ သမ္မတဖြစ်ခဲ့တာ မဟုတ်ဘဲနဲ့တောင်မှ ဖွံ့ဖြိုးရေးတွေ ဒီလောက် လုပ်ပေးနေတာ။ ဒါကို ကျေးဇူးဆပ်ချင်သောအားဖြင့် ကျနော်တို့မြို့နယ်ကနေ လာရောက် အရွေးချယ်ခံပါလို့ ပြည်ထောင်စု ဝန် ကြီး ဦးအုန်းမြင့် ခရီးစဉ်မှာ တင်ပြပြီး သမ္မတကြီးကို ကမ်းလှမ်း ဖိတ်ခေါ်ထားပါတယ်”လို့ ဧရာဝတီကို ပြောပါ တယ်။
ငပုတော ဒေသခံတွေက အခုလို တောင်းဆိုမှုကြောင့် ပြည်သူတွေက တောင်းဆိုလာခဲ့ရင် ဒုတိယ သမ္မတ သက်တမ်း အတွက် စဉ်းစားသွားမယ်လို့ သမ္မတ ဦးသိန်းစိန် က ဂျပန်ခရီးစဉ်အတွင်း ပြောဆိုမှုဟာ လက်တွေ့ အရာထင်လာစရာ ရှိပြီး ဇူလိုင်လအတွင်းက ကျောက်တန်းမြို့နယ်က ရွှေမှော်ဝန်း တံတား ဖွင့်ပွဲမှာလည်း ဒေသခံတချို့က သမ္မတ ဆက်လုပ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ဖူးပါတယ်။
ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်ကတော့ သမ္မတအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မဆုံးဖြတ်ရသေးကြောင်းနဲ့ ပြည်သူ တောင်းဆိုလို့ ရွေးကောက်ပွဲ ဝင်ခဲ့ရင် ငပုတောကို ဦးစားပေး စဉ်းစားသွားမှာ ဖြစ်တယ်လို့ ဒေသခံတွေကို ပြန်လည် ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကနေ မဟုတ်ဘဲ တသီးပုဂ္ဂလအနေနဲ့ ရွေး ကောက်ပွဲ ဝင်ပြိုင်လို့ ဦးသိန်းစိန် အနိုင်ရပြီး လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ ထောက်ခံမှုနဲ့ ဒုတိယ သမ္မတ လောင်း အဆိုပြုခံရရင်တောင် သမ္မတဖြစ်ဖို့နဲ့ နောက်သက်တမ်းမှာ ဆက်လက်လှုပ်ရှား ဆောင်ရွက်ဖို့ တော်တော် ရုန်းကန်ရမှာပါ။
ဦးသိန်းစိန် ရွေးကောက်ပွဲမှာ မနိုင်ခဲ့ရင် တပ်မတော်ကလည်း ဒုတိယ သမ္မတတယောက်ကို တင်မြှောက်ပိုင် ခွင့်ရှိလို့ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆင်သင့် ရှိနေပါပြီ။
လွှတ်တော်ထဲဝင်ဖို့အရေး ရွေးကောက်ပွဲဝင်ဖို့ မလိုတဲ့ ဒုသမ္မတ တဦးကို ရွေးချယ်တင်မြောက်နိုင်တဲ့ တပ်ရဲ့ သဘောထားကြောင့် ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့မှာ ဝှက်ဖဲတချပ်စီ ရှိနေပြီး သူတို့မှာ ရွေးချယ်စရာ လမ်းကြောင်းမျိုးစုံ ရှိပါတယ်။
တကယ်လို့ ဦးသိန်းစိန်သာ ရွေးကောက်ပွဲ မဝင်ဘဲ တပ်ရဲ့ ထောက်ခံမှုနဲ့ သမ္မတဆက်လုပ်ခဲ့ရင် ဦးရွှေမန်း ဂိုဏ်း သားတွေက “ဒီမိုကရေစီ ရေဆုန် ခရီးကို လှေကြုံစီးသူ”လို့ စွပ်စွဲကြဦးမှာပါ။ တကယ်လို့ ရွေးကောက်ပွဲ ဝင်လို့ ရှုံးသွားခဲ့ရင်လည်း တပ်က သူ့ကို ရွေးချယ်ဖို့ လက်တွန့်သွားနိုင်စရာ အကြောင်းတွေ ရှိပါတယ်။ လူထုထောက် ခံမှု မရှိဘဲ ဒုသမ္မတ အဆိုတင်ဖို့ တပ်မတော်အနေနဲ့ မရဲသလို အပြမကောင်းတော့တာကြောင့်ပါ။
သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့ရင်တောင် လွှတ်တော်ထဲမှာ ထောက်ခံမဲ အလုံအလောက်ရဖို့ လိုအပ်ပါတယ်။ သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံရဖို့ လွှတ်တော်တွေမှာ တပ်မတော်ရဲ့ ထောက်ခံမှု ၂၅ ရာခိုင်နှုန်းအပြင် နောက်ထပ် ၂၆ ရာခိုင်နှုန်းရဖို့ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး သစ္စာခံတွေနဲ့ မဟာမိတ်တွေကို စည်းရုံးဖို့ လိုပါဦးမယ်။
သမ္မတ ဦးသိန်းစိန် တာဝန်ယူတဲ့ ကာလမှာ ပြုပြင်ပြောင်းလဲရေး တချို့ လုပ်ဆောင်ခဲ့တယ် ဆိုပေမယ့် ထိရောက်ပြီး စွမ်းရည်ထက်မြက်တဲ့ ခေါင်းဆောင်မှုမျိုး မရှိတာကြောင့် နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေး တွေဟာ ရပ်တန့်သွားရပြီး သူ့ရဲ့ နိုင်ငံရေး ဦးဆောင်မှုကိုလည်း “ပျော့”တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အင်အားကြီး အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကတော့ ဧရာဝတီတိုင်း ဒေသကြီးမှာ လာပြိုင်တဲ့ ဘယ်သူ့ကိုမဆို အကြိတ်အနယ် ယှဉ်ပြိုင်သွားမယ်လို့ တိုင်း NLD ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
ဒေါက်တာ မျိုးညွှန့်က“သမ္မတကြီး ငပုတောမှာ ဝင်ပြိုင်လည်း ကျနော်တို့က ရှောင်ပေးဖို့တော့ မရှိပါဘူး။ ဘယ်သူပဲ လာပြိုင်ပါစေ ပြိုင်ဘက်တိုင်းကို အကြိတ်အနယ် ယှဉ်ပြိုင်သွားမှာပါ”လို့ ပြောပါတယ်။
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ ဧရာဝတီသပိတ် စစ်ကြောင်းက ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကတော့ ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်သီးခေါင်းဆောင်တွေ ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်အားလုံးမှာ အတိုက် အခံ NLD ပါတီ အောင်နိုင်ရေး မဲဆွယ်ကူညီပေးသွားမယ်လို့ ပြောပါတယ်။
ဧရာဝတီ သပိတ်စစ်ကြောင်း ဝန်းရံကော်မတီဝင် ကိုကျော်နန္ဒက “ဦးသိန်းစိန်ဆိုတာက စစ်တပ်က ထွက်ပြီး ဘောင်းဘီချွတ် ခေါင်းပေါင်း ဝတ်တဲ့သူပါ။ အဲတော့ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်မယ့် အဖြစ်မျိုးတွေ မပေါ်ပေါက်စေဖို့ ပြည်သူတွေအနေနဲ့ ဆင်ဆင်ခြင်ခြင် မဲပေးကြဖို့ လိုမယ်ထင်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ ဘယ်လိုပဲ ရှိရှိ ငပုတောမြို့နယ် ကျုံကူးရွာသား ဦးသိန်းစိန်ကို ဒေသခံ တွေက မဲပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အကြောင်းက သူ့သမ္မတ သက်တမ်းမှာ ဒေသဖွံ့ဖြိုးရေးတွေကို အစွမ်းကုန် လုပ်ဆောင်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။
“ငပုတောမှာ ကျေးရွာအုပ်စု ၉၀၊ ရွာပေါင်း ၄၀၀ ကျော်ကနေ သမ္မတကြီး အောင်နိုင်ရေးကို ရွေးကောက်ပွဲစရိတ် မကုန်ဘဲနဲ့ ကိုယ့်စားရိတ်နဲ့ကိုယ် လုပ်ပေးကြမယ့် အောင်နိုင်ရေး ကော်မတီတွေ အဆင်သင့် ရှိပါတယ်”လို့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင် ဦးသန်းထွေးက ပြောပါတယ်။
ဒါ့အပြင် ငပုတောသား သမ္မတကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ငပုတောနယ် အတွင်းမှာ ဦးသိန်းစိန်ကို ထောက်ခံသူတွေ အများအပြားရှိနေပြီး ဝင်ပြိုင်မယ်ဆိုရင် နိုင်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ ပုသိမ်မြို့ခံ နိုင်ငံရေး အကဲခတ်တွေက ခန့်မှန်းကြပါတယ်။
ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၄ နှစ် ကာလအတွင်းမှာ ဒေသမှာ ပေပင် တံတား၊ သက္ကယ် ချောင်း တံတား၊ ဟိုင်းကြီးကျွန်းတံတား စတဲ့ တံတားကြီး ၃ စင်း တည်ဆောက်ခဲ့ပြီး ယခင်က ရေလမ်းခရီး တခုတည်းသာ သွားလို့ရတဲ့ ငပုတောနဲ့ ဟိုင်းကြီးကျွန်းတွေဆီကို ကားလမ်းတွေပေါက်ခဲ့ပါတယ်။
ပြီးတော့ ဆေးရုံနဲ့ စာသင်ကျောင်း အများအပြား တည်ဆောက် ပြုပြင်ဖို့ ဘတ်ဂျတ်တွေ တောင်းခံရာမှာလည်း ငပုတောဟာ သမ္မတ ဦးသိန်းစိန် မျက်နှာကြောင့် တိုင်းဒေသကြီးအတွင်းက တခြားမြို့နယ်တွေထက် သာလွန်တဲ့ အခွင့်ထူးတွေ ခံစားခဲ့ရပါတယ်။
ဘယ်လိုပဲ ဆိုစေကာမူ ဦးသိန်းစိန်က ရွေးကောက်ပွဲ ဝင်/မဝင် တရားဝင် ဆုံးဖြတ်ချက်ကို မကြေညာသေးပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ငပုတောမြို့နယ်က သူ့ကို မဲပေးဖို့ အဆင်သင့် ရှိနေပါပြီ။
ငပုတောမြို့ခံ ဦးလှဌေးက ပြောလိုက်တာက ဒီလိုပါ။
“သမ္မတကြီး ငပုတောက ဝင်အရွေးခံရင်တော့ သေချာပေါက်နိုင်မယ်။ ဘာလို့ဆိုတော့ သမ္မတကြီးရဲ့ ရိုးသားမှုက စည်းရုံးစရာ မလိုဘူး ဖြစ်နေတာ”။