ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးတွဲ ဖွင့်လှစ်ရန် သတ်မှတ် ရက် ရောက်လာပြီ ဖြစ်သော်လည်း လုံခြုံရေး အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။
အာရှလမ်းမကြီးကို နှစ်နိုင်ငံ အစိုးရက ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် ဖွင့်လှစ်ရန် မူလက သတ်မှတ်ခဲ့သော်လည်း လုံခြုံရေးနှင့် လမ်းပိုင်း ပြင်ဆင်မှု မပြီးပြတ်သေးသဖြင့် ယင်းသို့ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့်ရက်ကိုလည်း သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း က ဧရာဝတီသို့ ပြောသည်။
ဝန်ကြီးချုပ် ဦးဇော်မင်းက“အတိအကျ နှစ်နိုင်ငံ ညှိနှိုင်း သတ်မှတ်မှုတော့ မလုပ်ရသေးဘူး။ ရက်ရွှေ့ထား လိုက်တာပေါ့လေ။ လုံခြုံရေး အခြေအနေလည်း ပါတာပေါ့။ မိုးကလည်းများတော့ သွားရလာရတာ နှစ်ဘက်လုံးမှာလည်း အခက်အခဲလေးတွေ ရှိကြတာပေါ့လေ”ဟုလည်း ပြောဆိုသည်။
အာရှလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂ ရက်က စတင်ပြီး အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့ အကြား တိုက်ပွဲများကြောင့် ခေတ္တပိတ်လိုက်ရသော်လည်း တပတ်အကြာတွင် ထိုလမ်းမကြီးကို တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)တို့က ထိန်းချုပ်လိုက်ပြီးနောက် အာရှလမ်းမကြီးနှင့် လမ်းဟောင်း(ဒေါနတောင်တက်လမ်း)ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။
ဝန်ကြီးချုပ် ဦးဇော်မင်းက“ငြိမ်သက်သွားတဲ့ အခြေအနေတော့ ရှိနေပါပြီ။ ဒါပေမယ့်လည်း တပ်ကတော့ အဲဒီ နယ်မြေလေးကို လုံလုံခြုံခြုံလေး ဖြစ်အောင်တော့ ရှင်းတော့ ရှင်းနေတုန်းပေါ့။ တပ်နဲ့ BGF ပေါင်းပြီး အသေးစိပ်တော့ ရှင်းနေကြတုန်းပဲ”ဟု ဆိုသည်။
ယခုရက်ပိုင်းတွင် တိုက်ပွဲများ မဖြစ်ပွားသော်လည်း မြေပြင်တွင် နှစ်ဖက်တင်းမာမှုများ ရှိနေဆဲဖြစ်သဖြင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် အာမခံချက် ပေးနိုင်သည့် အနေအထားတွင် မရှိသေးကြောင်း ကရင် လက်နက်ကိုင် ခေါင်းဆောင်တချို့က ဧရာဝတီသို့ ပြော သည်။
ကရင် အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က“ကျမတို့ KNU အနေနဲ့ကတော့ အစိုးရ တပ်ဘက်ကို အကြောင်းကြားပြီးတော့ ဒါကိုလည်း စစ်ပွဲမဖြစ်ဖို့ ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သွားဖို့ တာဝန်ယူဖို့လိုတယ်။ DKBA နဲ့ အမြန်ဆုံး တွေ့ဆုံပြီး ဆွေးနွေးကြဖို့ လိုအပ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အာရှလမ်းမကြီးကို အခြေပြုပြီး နှစ်ဘက် တိုက်ပွဲများဖြစ်ပွားမှုအပေါ် စိုးရိမ်သကဲ့သို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဆောင်ရွက်နေသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်(NCA) ချုပ်ဆိုနိုင်ရေး ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်းလည်း KNU က ယခုလ ၁၅ ရက်တွင် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာအနီးက ကောင်းမှုရွာ၊ ရန်ကုတ်ရွာ အပါအဝင် အနီးရှိ ကျေးရွာတချို့က ဒေသခံ ၁၀၀ ကျော်သည် ကော့ကရိတ်မြို့ပေါ်ရှိ ရွှေဒေါန ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင်နေကြပြီး အရပ်ဘက် လူမှုကူညီ ရေး အဖွဲ့များက စားဝတ်နေရေး အတွက် သွားရောက် လှူဒါန်းခဲ့ကြကြောင်း အရပ်ဘက်အဖွဲ့များက ပြောသည်။
စစ်ရှောင် ဒုက္ခသည်တချို့ နေရပ်ရင်းကို ပြန်သွားကြပြီး အိမ်ထောင်စု ၃၀ ခန့်သာ ကျန်ရှိတော့ကြောင်းနှင့် စစ်ရှောင် ဒုက္ခသည်များကို ၎င်းတို့ ကရင်ပြည်နယ်အစိုးရ အပါအဝင် တပ်မတော်၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုကူညီရေး အဖွဲ့များက စားဝတ်နေရေးအတွက် လှူဒါန်းကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုသည်။